ရန်သူလက်မှ လွတ်မြောက်အောင်နေထိုင်ခြင်း
လွှားအောင်(စစ်ကိုင်း)
(မျက်မှောက်ခေတ် ဆောင်းပါး)
ထောင်။
ထောင်ဆိုတာက အရှင်းဆုံးပြောရရင် မင်းအမေ့အိမ် မဟုတ်ဘူးဆိုတဲ့ ဆရာတယောက်ရဲ့စကားကို အမှတ်ရမိပါတယ်။
ထောင်အကြောင်းစာအုပ်တွေ လက်လှမ်းမီသမျှဖတ်ထားမိတော့ မရောက်ဖူးပေမဲ့ ရောက်ဖူးနေသလိုမျိုး အရမ်းလည်းမကြောက်တော့သလို ဘယ်လိုဆိုးရွားသလဲဆိုတာလည်း သိခဲ့ရပါတယ်။
တိုက်ပိတ်တယ်ဆိုတဲ့စကားနောက်မှာ အခန်းကျဉ်းလေထဲ သေးပေါက်ချီးပါလည်း သည်အခန်းထဲ စားလည်းသည်အခန်းထဲ ၀မ်းမသွားအောင် ကော်ကြိုပြီးကျွေးကာ တိုက်ပိတ်တယ်လို့လည်း ဖတ်မှတ်ထားခဲ့ဖူးပါတယ်။
၆တိုက်မှာ လောက်ကိုက်တာ ခံရဖူးသလားဆိုတဲ့ စကားလည်းကြားဖူးပါတယ်။ တိုက်ပိတ်ခံရတော့ အခန်းထဲ ကိုယ်စွန့်တဲ့မစင်ကနေဖြစ်တဲ့ လောက်တွေက တဖွားဖွားနဲ့ဆိုတာဖတ်ရပြီး ဘယ်လောက်ထိ စုတ်ပြတ်သတ်အောင်နှိပ်စက်လဲဆိုတာလည်း သိခဲ့ရပါတယ်။
နိုင်ငံရေးသားကြောပြတ်အောင် နိုင်ကျဉ်းသမားဆို မိသားစု၀င်မှအပထောင်၀င်စာ တွေ့ခွင့်မရှိ ထောင်ကိုလည်း နေရာအရပ်မှဝေးရာထောင်ဆီကိုပို့ပစ်တတ်ကြသည်။ ထောင်၀င်စာတွေ့ဖို့အခက်တွေ့ပြီး အားအင်ချိနဲ့ပါစေဆိုတဲ့ရည်ရွယ်ချက်နဲ့ပေါ့။
လူကိုသာထောင်ချလို့ရပြီး စိတ်တွေကို ထောင်ချလို့မရဘူးဆိုတာ ထောင်စာအုပ်တွေဖတ်ပြီးသိခဲ့ရပါတယ်။ နောက်တခုက လုပ်ချင်ရာလုပ်နိုင်ဖို့ဆိုသည်မှာ သူတို့အဖမ်းဆီးက လွတ်မြောက်နေမှသာ လုပ်ခွင့်ရမှာဖြစ်ပါတယ်။
ထောက်ပို့လုပ်မလား လက်နက်ကိုင်တော်လှန်မလား တော်လှန်ရေးကို တတ်နိုင်တဲ့ဘက်က တော်လှန်မလား တခုခုလုပ်နိုင်ဖို့က လွတ်မြောက်နေဖို့လိုပါတယ်။
ထောင်ထဲမှာ စာဖတ်ခွင့်ကအစပိတ်ပင်ထားတော့ ဆေးလိပ်ဖင်စီခံကိုပတ်ထားတဲ့ သတင်းစာကိုသာ ဖတ်ရကြောင်းသိရပါတယ်။
ထောင်အရသာကို စာအုပ်များမှတဆင့်သိခွင့်ရတော့ လွတ်လပ်ခြင်းဟာ ဘယ်လောက်တန်ဖိုးရှိသလဲ ဆိုတာနဲ့ လွတ်နေသေးသရွေ့ လုပ်စရာရှိတာဆက်လုပ်ဖို့ ခွန်အားတွေရရှိခဲ့ပါတယ်။
ရန်သူကတော့ အရှင်ရရင် ဖမ်းပြီး ဘ၀တုံးအောင် ထောင်ချနှိပ်က်စက်မယ်။ အရှင်မရရင် အသေဖမ်းမယ် ဒါဟာ သူ့ရဲ့ပြတ်သားတဲ့ လမ်းစဉ်တခုလိုတောင်ဖြစ်နေပါပြီ။
တိုက်ပွဲမှာဖမ်းမိတာကို နေရာမှာပဲ နားထင်ပစ်သတ်လို့ ရဲဘော် ညီလေးတစ်ယောက် လက်နက်ကိုင်တော်လှန်ရေးအစကာလမှာတည်းက ဆုံးရှုံးလိုက်ရဖူးပါတယ်။
ရန်သူ့လက်မှ လွတ်ဖို့ဆိုတာကတော့ တကယ်မလွယ်လှပါဘူး။ လွတ်အောင်ကြိုးစားကာ တိုက်ပေါ်က အလွတ်ကြီးခုန်ချပြီး အသေခံသွားတဲ့ ရဲဘော်တွေရဲ့ ဝိဉာဉ်က ခုထိအော်ပြောနေတယ်လို့ ခံစားရမိပါတယ်။
ဘာပဲဖြစ်ဖြစ် လွတ်အောင်သာလုပ်ကြ ရန်သူ့လက်အောက် ဘယ်တော့မှ အရောက်မခံနဲ့ဆိုတာ ရောက်ခဲ့ရင်လည်း ဘယ်တော့မှ လက်မ မြှောက်နဲ့ဆိုတာကိုကြားယောင်နေမိပါတယ်။
မြို့သိမ်းတိုက်ပွဲတွေနဲ့အတူ လွတ်မြောက်နယ်မြေတွေ တော်လှန်ရေးရဲဘော်များ ဖော်ဆောင်လာနိုင်ကြတော့ ၀မ်းသာမဆုံးဖြစ်ရပါတယ်။ လွတ်လပ်စွာ သွားလာလှုပ်ရှားနိုင်ကြပြီလို့ ၀မ်းသားဆဲ ဝေဟင်က ဂျက်ဖိုက်တာရန်ကတော့ ကြောက်နေရပါသေးတယ်။
ပေါင်၅၀၀ ဗုံးနဲ့ အပြတ်ရှင်းနေတာ အလူးလဲခံနေရဆဲပါပဲ။ မြို့ပြပျောက်ကျားနဲ့ မြို့ပြနေ ထောက်ပို့ တွေအတွက်လည်း ဘယ်နေ့ ကိုယ့်အိမ်ရှေ့ရောက်လာမလဲဆိုတာ ရင်တထိတ်ထိတ်ညတွေကို ဖြတ်သန်းကြရပါတယ်။
ကံကောင်းထောက်မလို့ လွတ်နေသေးတယ်ဆိုတာတောင် စိတ်ကတော့ မလွတ်လှပါဘူး စစ်ကားမြင်ရင် လန့်နေတတ်ပါသေးတယ် ဘယ်တော့များ ဖုန်းစစ်ခံရမလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ပါပဲ။
ထောင်ကိုလည်းမကြောက်သလို သေသွားရမှာကိုလည်း ထူးပြီး မကြောက်နိုင်တော့ပါဘူး။ လွတ်အောင် ဘယ်လို နေရမလဲဆိုတာရယ် လွတ်နေသရွေ့ အကြောင်းမလှစွာ အဖမ်းဆီခံ ရဲဘော်များနှင့် အသက်ပေးကာ တိုက်ပွဲ၀င်ခဲ့ကြသော ရဲဘော်များအတွက် တတ်နိုင်စွမ်းသမျှသော တော်လှန်ရေး အလုပ်များလုပ်ရင်း ရှေ့ဆက်သွားရမယ်ဆိုတာကိုပဲ တွေးနေမိပါတော့တယ်။
အကြောက်တရားမှ လွတ်နေရင် ရန်သူကို အချိန်မရွေး တော်လှန်နိုင်စွမ်းရှိပါသေးတယ်။ ရန်သူမှခြောက်ထုတ်လိုက်သော အကြောက်တရားကို အားအဖြစ်ပြောင်းလဲကာ ညီညွတ်စွာ မကြောက်မရွံ တော်လှန်ပုန်ကန်နေဖို့လိုပါတယ်။
တော်လှန်ရေးအစမှာ လူထုဟာ အလုံးအရင်းပါ၀င်ခဲ့ကြပြီး နောက်ပိုင်းအားလျော့လာတာ ရန်သူရဲ့ ရက်စက်စွာ သတ်ဖြတ်ခြောက်လှန့်မှုကြောင့် တချို့ အကြောက်တရား၀င်ကာ အားယုတ်သွားရခြင်းဖြစ်တယ်လို့တွေးမြင်မိပါတယ်။ ရန်သူ့အကြောက်တရားလက်အောက်မှ ကျွန်တော်တို့ လွတ်မြောက်အောင် စဉ်စားဆင်ခြင် သုံးသပ်ကာ တော်လှန်ရေးမှာ ဆက်လက်ပါ၀င်စေချင်လှပါကြောင်း။
#လွှားအောင်(စစ်ကိုင်း)