သူတို့မိသားစုကို ဘယ်သူသတ်သွားတာလဲ
လွှားအောင်(စစ်ကိုင်း)
(မျက်မှောက်ခေတ် ကဗျာခံစားခြင်း)
အခုအချိန်မှာ အကြောက်ဆုံးက ဘာမှမသိလိုက်ရဘဲသေသွားမဲ့အဖြစ်ရယ်လို့ ရွာက အစ်မက ပြောတဲ့ အချိန်မှာ ကဗျာတပုဒ်ကို သွားပြီးသတိရမိတယ်။
ကျမတို့
ငြိမ်းချမ်းရေး
ရသွားကြပြီလေ။
အခု
ကိုယ့်အလောင်းတွေကိုယ်
ကျမတို့ စောင့်ရှောက်နေရပြီ။
ကဗျာထဲက အမျိုးသမီးဟာ ဘာမှမသိလိုက်ရဘဲ သေသွားတာဖြစ်မယ်။ ညက မိသားစုနဲ့ ကိုယ့်အိမ်က အိပ်ရာလေးမှာ အေးချမ်းစွာ အိပ်နေမယ်။မနက်မိုးလင်းတော့ သူ့ကိုယ်သူ ဘာလို့သေသွားလဲဆိုတာ မသိလိုက်ရအောင် ဖြစ်သွားမယ်။ သူမ မသိလိုက်တာက သူတို့မိသားစုကို ဘယ်သူသတ်သွားတာလဲ။ လက်သည်က လေယာဉ်နဲ့ ပေါင်၅၀၀ ဗုံးဆိုတာပါ။
အစ်မကပြောတယ်။ ညက ငါတို့မအိပ်သေးခင်မှာ ရွာပေါ်မှာလေယာဉ်က ဝဲနေတာအကြာကြီးပဲတဲ့။
စစ်ကောင်စီအုပ်စုဟာ ညအချိန် လူတွေအိပ်နေမှ ဗုံးကြဲချတတ်လေတော့ စိုရိမ်ပြီး အိပ်မရတော့ကြောင်း၊လေယာဉ်ဟာ ခုတလော ခဏခဏဝဲနေ ကြောင်း ပြောပြတယ်။ အညာမှာ စစ်ကြောင်းထိုးတာ မကြောက်ရတော့ပါ။ လေကြောင်းကိုပဲ သောကမအေး ဖြစ်နေကြရတာ။
တလောကလုံး
အိပ်ပျော်နေကြတုန်းမှာ
ကျမတို့ သေဆုံးသွားခဲ့ကြရတာ။
မနက်လည်း
မိုးလင်းရော
ကိုယ့်အလောင်းတွေ
ကိုယ်ခလုတ်တိုက်လဲကြတော့တာပါပဲ။
ဘာမှန်းမသိဘဲ ဘ၀ကူးလိုက်ရတော့ ဘယ်လောက်ထိ ကြောက်မိနေမှာလဲ။ ဘာလဲ။ ဘာဖြစ်သွားတာလဲ။ ငါတို့ဟာ ဘာတွေလဲ။ လူတွေလား ဝိဉာဉ်တွေလား။ တပါးသူတွေ လူ့လောက ကျန်ရစ်ချိန်မှာ ငါတို့ရုတ်တရက်ကြီး ပျောက်ဆုံးသွားရတာလဲ ရုပ်ပျက်ဆင်းပျက်။
ခေါင်းတခြမ်းပွင့်နေတဲ့
သူ့မျက်နှာသူကြည့်ပြီး
အမေက ရယ်နေတယ်။
သူ့လက်နဲ့သူ
ဆောက်ခဲ့တဲ့
တဲခေါင်မိုးပေါ်
ခြေတွဲလောင်းချ ထိုင်ရင်း
ယောက်ကျားက
လမင်းကြီးကို မော့ကြည့်နေတယ်။
ကျမအလောင်းရဲ့ပါးစပ်ထဲကနေ
ငေါထွက်နေတဲ့သွားတွေကို
မုတ်သုန်လေက စန္ဒရားတီးနေတယ်။
အသားစတွေ တစချင်းစီလိုက်ကောက်ရသတဲ့။ ကျောင်းနေရွယ်ကလေးလေးတွေ။ ရှင်ကျန်ရစ်တဲ့ကလေးလေးက အမေသားကိုသတ်လိုက်ပါတော့လို့ညည်းရှာသတဲ့။ ပဇီကြီးက စာသင်ကျောင်းဗုံးကြဲ ခံရတုန်းက ကလေးလေးတွေဟာ အပြစ်ဆိုတာ မြူမှုန်မှရှိရဲ့လား။ရှိခဲ့မယ်ဆိုရင် ကျောင်းမှာ စာသင်မိတာကိုက အပြစ်ဖြစ်မယ်။ သူတို့ရင်ဆိုင်ရမယ့် လောကကြီးရဲ့ ဆိုးယုတ်မှုတွေကို စာတွေ့မသင်ရခင် အသားစတွေ အသက်တွေနဲ့ရင်းပြီး သင်သွားကြရရှာတယ်။
လျှာပေါ်မှာ စကားလုံးအချို့
ကပ်ကျန်နေရစ်တာကလွဲလို့
အရေပြားရဲ့ တိတ်ဆိတ်မှုအောက်မှာ
အရာရာဟာ ရပ်တန့်သွားခဲ့ပါပြီ။
သေသွားတဲ့သူတွေမပြောပါနှင့် ရှင်ကျန်ရစ်ခဲ့သူတွေတောင် ပြောစရာစကားလုံးမရှိတော့ပါ။ ဘယ်လောက်ထိ ရက်စက်ယုတ်မာလဲဆိုတာ အိပ်နေချိန်မှ ဗုံးကြဲရဲတဲ့ သူတို့သတ္တိဟာလည်း ချီးကျူးချင်စရာ။
ဒီအချိန်မှာ
ကျမတို့အလုပ်က
အလောင်းတွေကို
ခွေးအတွေမဆွဲအောင်
အမှောင်နဲ့ ဖုံးဖိ နေရတာပါပဲ။
ကျမ သိချင်တာ
တစ်ခုပဲရှိတယ်။
ကျမတို့ ဘာကြောင့်
သေဆုံးခဲ့ကြရတာလဲ။
ရှင်တို့ကရော
သေဆုံးပြီးသားလူတွေလား။
ဒါမှမဟုတ်
ရှင်ကျန်ရစ်ခဲ့ကြတဲ့သူတွေလား။
ကဗျာဆုံးတဲ့အထိ သူမဟာ ဘာကြောင့် သေဆုံးသွားခဲ့ရလဲ သူမကိုယ်တိုင်မသိခဲ့သလို သူမတို့ပဲသေသွားတာလား။ ကျန်ခဲ့သူတွေရှိနေသေးလား။ တကယ်ရှင်ကျန်ခဲ့တဲ့ သူတွေကရော အမှန်တကယ် ရှင်ကျန်ရစ်တာလား။
ပဇီကြီးမှာ ဗုံးကြဲခံရတုန်းက ကလေးတွေက တကယ်သေသွားကြသူတွေလား။ ရှင်ကျန်ရစ်တဲ့ ကျွန်တော်တို့ကရော ဘာတွေလဲ။ သေပြီးသားလူတွေလား။
(ကဗျာဆရာမ Minerva Jupiter ရဲ့ ကဗျာအား ကူးယူခံစားရေးထားခြင်းဖြစ်ပါသည်)။ကဗျာဆရာမ ဘေးကင်းရန်ကွာ ရှိပါစေလို့ ဆုတောင်းလိုက်ပါတယ်။
တမလွန်က
ချစ်သူတွေကို
ကျမ သတိရနေမိတယ်။
ကျမတို့
ငြိမ်းချမ်းရေး
ရသွားကြပြီလေ။
အခု
ကိုယ့်အလောင်းတွေကိုယ်
ကျမတို့ စောင့်ရှောက်နေရပြီ။
ခေါင်းတခြမ်းပွင့်နေတဲ့
သူ့မျက်နှာသူကြည့်ပြီး
အမေက ရယ်နေတယ်။
သူ့လက်နဲ့သူ
ဆောက်ခဲ့တဲ့ တဲခေါင်မိုးပေါ်
ခြေတွဲလောင်းချ ထိုင်ရင်း
ယောက်ကျားက
လမင်းကြီးကိုမော့ကြည့်နေတယ်။
ကျမအလောင်းရဲ့ပါးစပ်ထဲကနေ
ငေါထွက်နေတဲ့သွားတွေကို
မုတ်သုန်လေကစန္ဒရားတီးနေတယ်။
တလောကလုံး
အိပ်ပျော်နေကြတုန်းမှာ
ကျမတို့ သေဆုံးသွားခဲ့ကြရတာ။
မနက်လည်း မိုးလင်းရော
ကိုယ့်အလောင်းတွေ
ကိုယ်ခလုတ်တိုက်လဲကြတော့တာပါပဲ။
လျှာပေါ်မှာ စကားလုံးအချို့
ကပ်ကျန်နေရစ်တာကလွဲလို့
အရေပြားရဲ့ တိတ်ဆိတ်မှုအောက်မှာ
အရာရာဟာ ရပ်တန့်သွားခဲ့ပါပြီ။
ဒီအချိန်မှာ
ကျမတို့အလုပ်က
အလောင်းတွေကို ခွေးအတွေမဆွဲအောင်
အမှောင်နဲ့ ဖုံးဖိ နေရတာပါပဲ။
ကျမသိချင်တာ
တစ်ခုပဲရှိတယ်။
ကျမတို့ ဘာကြောင့်
သေဆုံးခဲ့ကြရတာလဲ။
ရှင်တို့ကရော
သေဆုံးပြီးသား လူတွေလား
ဒါမှမဟုတ်
ရှင်ကျန်ရစ်ခဲ့ကြတဲ့သူတွေလား။
-Minerva Jupiter
#လွှားအောင်(စစ်ကိုင်း)
Credit Photo.