အလင်္ကာဖေ
(မျက်မှောက်ခေတ် ခေတ်ပုံရိပ်)
ပူပြင်းလှတဲ့ ထိုင်းနိုင်ငံ အယုဒ္ဓယမြို့ရဲ့နေရောင်အောက်မှာ အညာသူဒေါ်ဖြူတယောက် ကားပါကင်တခုမှာတယောက်ထဲ ထိုင်နေတယ်။ သူ့ကိုဒေါ်ဖြူလို့ နာမည်ပေးလိုက်ပါတယ်။
အညာလေသံနဲ့စကားပြောတဲ့ ဒေါ်ဖြူက တယောက်ထဲ တွေတွေငေးငေး ထိုင်နေတာတွေ့ရတော့ သူ့အနားသွားလိုက်တယ်။ သူကလဲ နေတွေအရမ်းပူတာပဲနော်ဆိုပြီး စကားစလိုက်တယ်။
သူစကားလိုက်ချိန်မှာပဲ သူ့အကြောင်း ကိုယ့်အကြောင်း စကားတွေဆက်ပြီးပြောနေလိုက်ကြတယ်။ ဒေါ်ဖြူရော ကျမတို့ပါ ဒီနေရာမှာ နေစရာနေရာတခုအတွက် ခဲရာခက်ဆစ် ရှာကြံနေရတယ်။ ဒေါ်ဖြူတို့ကတော့ အဆောင်းအဦးတခုနဲ့တခုကြားမှာ အဆောင်အသေးစားလေးတခုလုပ်ပြီး နေကြတယ်။
နေကြတယ်ဆိုတာ အသေးစားအဆောင်လေးလုပ်ပြီး အဆောင်အဦးပိုင်ရှင်တွေက ငှားထားပုံရတဲ့နေရာမျိုးမှာ ဒေါ်ဖြူတို့နေကြတာပါ။ ဒေါ်ဖြူတို့နေတဲ့နေရာက အဆောင်အဦး သုံးခုရှိတယ်။ အဆောက် အဦးက ရန်ကုန်က အထပ်မြင့်တိုက်ခန်းတွေလိုပါပဲ။ အထပ်မြင့်တိုက်ခန်းပုံစံက အလွှာအားဖြင့် ငါးလွှာရှိတယ်။ အခန်းတွေက အတော်လေးကျဉ်းမြောင်းနေတာမျိုးပါ။
အခန်းထဲမှာ လူနှစ်ယောက်စာလောက်တောင် နေလို့မရနိုင်တဲ့နေရာမျိုးပါ။ ဟိုတယ်လိုနေရာမျိုး၊ တည်ခိုခန်းလို နေရာမျိုးမှာ တယောက်ခန်းလောက်ရှိတဲ့အခန်းမျိုးတွေပါ။ ဒီလိုအခန်းမှာ ဒေါ်ဖြူတို့လို မြန်မာနိုင်ငံက ရွှေ့ပြောင်းလုပ်သားတွေ အနည်းဆုံ ၃ယောက် အများဆုံးက ၅ယောက်လောက်တောင်နေကြရတာ။ ဒီလိုအခန်းမျိုးမှာ မနေလို့ကတော့ ကျောတခင်းစာနေရာရဖို့ မလွယ်နိုင်လို့ပဲဖြစ်ပါတယ်။
အခုပဲကြည့် ဒေါ်ဖြူတို့မိသားစုက ငါးလွှာအဆော က်အဦး အခန်းမှာအခန်းလွတ်မရှိလို့ အဆောက်အဦးအနောက်ဖက်မှာ သွပ်ပြားမိုး၊ သွပ်ပြားကာထားတဲ့ အခန်းကျဉ်းလေးထဲမှာ နေကြရတာပါ။ ဒီနေရာမှာနေရဖို့ ငွေကြေးဘယ်လောက်ကုန်ကျခဲ့ရသလဲဆိုတာတော့ မမေးမိလိုက်ပါဘူး။
“ဗမာအချင်းချင်း အခုလိုလုပ်တာ မကောင်းပါဘူး။ ဗမာအချင်းချင်း ရက်စက်တာကြီးက ဘယ်လိုပြောရမှန်းတောင်မသိတော့ဘူး”လို့ ဒေါ်ဖြူက စကားပြောရင်း မြန်မာပွဲစားတွေအကြောင်း ရောက်သွားတယ်။
အခက်အခဲကြုံနေရချိန်မျိုးမှာ ရေမြေခြားအရပ်မှာ မြန်မာနိုင်ငံသားအချင်းချင်းက ဝန်ဆောင်ခခေါင်းပုံဖြတ် အမြတ်ထုတ်ခံရတာကို ဒေါ်ဖြူတယောက် မချင့်မရဲဖြစ်နေရှာပါတယ်။
မြန်မာနိုင်ငံသား ပွဲစားတွေက ဒေါ်ဖြူတို့လို မြန်မာရွှေ့ပြောင်းလုပ်သားတွေအပေါ် ထိုင်းနိုင်ငံမှာ တရားဝင်အလုပ်လုပ်ကိုင်ခွင့် ဘတ်ရိုက်ပေးတာ၊ ထိုင်းကိုလာဖို့ ဝန်ဆောင်မှုပေးတာ၊ နေစရာနေရာအတွက် နေရာရှာပေးတာ၊ အခန်းရှာပေးတာတွေအတွက် ဝန်ဆောင်မှုပေးတာတွေလုပ်ပေးကြတာပါ။ဒီလိုဝန်ဆောင်မှုပေးတာ တရားဝင်တော့မဟုတ်ပြန်ပါဘူး။ ပြီးတော့ ဝန်ဆောင်ခကို အတိုင်းအဆမရှိတောင်းယူနေတာတွေက ဘယ်နိုင်ငံကအစိုးရကမှ အရေးတယူမလုပ်နိုင်တဲ့ အခြေအနေဖြစ်နေတာပါ။
“ပွဲစားတွေရဲ့ ရက်စက်တာကို ကျမတို့ လည်စင်းခံနေရတာကြီးက ဘယ်သူ့ကိုမှလဲ ပြောပြလို့မရဘူး။ ကိုယ်ဖြစ်ကိုခံဖြစ်နေတာ”လို့ ဒေါ်ဖြူကငြီးတွားပါတယ်။
ဒေါ်ဖြူတို့က မြန်မာနိုင်ငံ၊ မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်က ရွာတရွာမှာနေကြတာပါ။ တချိန်က မလေးရှားနိုင်ငံမှာ အလုပ်လုပ်ခဲ့ဖူးပါတယ်။ အခုတကြိမ်ပြည်ပကို ထွက်လာဖို့ ဆုံးဖြတ်ကြတော့ ထိုင်းနိုင်ငံကို ပြောင်းရွှေ့လာကြတာဖြစ်ပါတယ်။
ရွာမှာ လက်နက်ကြီးပစ်ခတ်ခံရလို့ လူသေဆုံးတာ၊ နွားတွေသေဆုံးတာတွေနဲ့ စိုက်ခင်းတွေထိခိုက်ပျက်စီးရတာတွေအပြင် အချိန်မရွေး အသက်အန္တရာယ်ကြုံရနိုင်တဲ့အတွက် ပြည်ပကိုထွက်လာဖို့ ဆုံးဖြတ်ချက်ချခဲ့တာလဲဖြစ်ပါတယ်။
“ထိုင်းကိုရောက်လာတာ ရွာမှာမနေရဲတော့လို့။ အထူးသဖြင့် နေလို့မရတော့လို့ အခုလိုထွက်လာတာ” လို့ဒေါ်ဖြူက ပြည်ပကိုထွက်ပြီးအလုပ်ရှာဖို့ ဆုံးဖြတ်ခဲ့ပုံကိုပြောပြပါတယ်။
မလေးရှားနိုင်ငံမှာ အလုပ်လုပ်ခဲ့ချိန်ကဆို နှစ်ပေါင်း ၁၀နှစ်လောက်ကြာခဲ့တယ်။ မလေးစကားကိုလဲ ဒေါ်ဖြူက ၅၀ရာခိုင်နှုန်းလောက်ပြောတတ်နေပြီလို့ ပြောပါတယ်။
“ဒီမှာက ထိုင်းစကားကို ဘယ်လိုမှမပြောတတ်တော့ တခုခုဆို ဘယ်သူ့အကူအညီတောင်းရမလဲမသိတော့ဘူး။ ကိုယ့်ဒုက္ခကိုရှာလာသလို ဖြစ်နေတာ။ ပိုက်ဆံလဲ သိန်းရာချီအကုန်ခံရသေးတယ်”လို့ ဒေါ်ဖြူကသူကြုံနေရတာတွေကို တခုပြီးတခု ဆက်တိုက်ဆိုသလို ဆက်ပြီးပြောပြနေပါတယ်။
မိုးတွေက မှိုင်းညို့လို့လာပါတယ်။ မိုးတွေရွာမလို့ ဟန်ပြင်နေတဲ့အရပ်က ဘယ်အရပ်လဲတော့မသိပါဘူး။ တောင်အရပ်ကမိုးလား၊ အရှေ့အရပ်ကမိုးလား၊ အနောက်အရပ်ကမိုးလား၊ မြောက်အရပ်ကမိုးလားဆိုတာ မခန့်မှန်းနိုင်ပါဘူး။
ကျမတို့ ဒေါ်ဖြူတို့နေတဲ့နေရာကို ရောက်လာတော့ မိုးတွေအုံ့ဆိုင်းနေတာ။ မိုးတွေရွာတာ ရက်ဆက်လိုလိုပါပဲ။ ကောင်းကင်ပြင်တခုလုံးက တိမ်စိုင်တိမ်လိပ်တွေနဲ့ အုံ့ဆိုင်းနေတာဆိုတော့ ဘယ်အရပ်က နေထွက်တာလဲဆိုတာ မသိနိုင်လို့ပါပဲ။
ဒေါ်ဖြူတို့က ထိုင်းနိုင်ငံမှာ တရားဝင်ရွှေ့ပြောင်းလုပ်သားတွေဖြစ်ဖို့ ထိုင်းနိုင်ငံကဘတ်ရိုက်ပေးတဲ့အစီအစဉ်ကို စောင့်ဆိုင်းနေကြတဲ့သူတွေပါ။ သူလိုပဲ တခြားသူတွေလဲ အများအပြားရှိပါသေးတယ်။
တရားမဝင်အလုပ်သမားဘဝနဲ့ အလုပ်လုပ်ရတယ်ဆိုတာ မိန်းမပျိုတွေအဖို့တော့ အခက်ကြီးပဲလို့လည်း ဒေါ်ဖြူကပြောပါတယ်။ စက်ရုံထဲမှာ ထိုင်းနိုင်ငံသား ဝန ဆိုတဲ့လူတွေက ရွှေ့ပြောင်းလုပ်သားမိန်းမပျိုတွေကို အသားချင်းလာထိတာ၊ တခြားမလေးမစားလုပ်တဲ့ အပြုအမှုတွေကိုလည်း ခံနေကြရတာလို့ ပြောပါတယ်။
“ဝနဆိုတဲ့လူတွေက စက်ရုံထဲဆေးသမားတွေလားမသိဘူး။ မိန်းကလေးတွေဆို သူတို့ဟိုကိုင်ဒီကိုင်လုပ်တာ။ အဲ့လိုလုပ်တာ လက်သင့်မခံတဲ့သူဆို အလုပ်ကိုအရမ်းခိုင်းတာ။ နေရာမပေးတာတွေလုပ်လာတော့တာ”လို့ ဒေါ်ဖြူက သူနီးစပ်တဲ့သူတချို့ ကြုံတွေ့ရတာတွေကို ဆက်ပြီးပြောပြနေပါတယ်။
လေတွေ အကြမ်းပတမ်းတိုက်ခတ်လာတယ်။ ကျမတို့ ဒေါ်ဖြူနဲ့စကားဝိုင်းလေးက ရုပ်ချည်းဆိုသလို ပျက်သွားရတယ်။ လေကြမ်းတိုက်တော့ ဖုန်တွေ၊ သဲတွေ၊ အမှိုက်တွေက ကျမတို့ စကားဝိုင်းလေးကို ဖျက်ဆီးသွားခဲ့ပါတယ်။
လေကြမ်းက ခဏချင်းမှာပဲ မရပ်တန့်သွားတဲ့အတွက် ကျမတို့လဲ ဒေါ်ဖြူအနားကနေ ခွာလာခဲ့ပြီး အခန်းရှိရာကို ပြန်လာခဲ့ကြပါတယ်။ အဆောက်အဦး အဝင်အဝကိုရောက်တော့ အနောက်ကနေ ဒေါ်ဖြူပါလာလေမလား လှည့်ကြည့်တော့ ဒေါ်ဖြူမပါလာပါဘူး။
သူနေတဲ့အခန်းလေးကိုပဲပြန်သွားသလား၊ လေကြမ်းတိုက်ခတ်နေတဲ့နေရာမှာပဲ ဆက်ပြီးရပ်နေသလားဆိုတာတော့ မပြောတတ်ပါဘူး။ အဆောက်အဦးဘေး ရပ်ထားတဲ့ ရွှေ့ပြောင်းလုပ်သားတွေစီးတဲ့ စက်ဘီးတွေကတော့ လေကြမ်းတိုက်ခတ်တဲ့ဒဏ်ကို မခံနိုင်တော့လို့ အပြိုင်းအရိုင်း အလဲလဲအပြိုပြိုနဲ့ ပုံရက်သားလေး လဲကျသွားကြပါတော့တယ်။
#အလင်္ကာဖေ
#မျက်မှောက်ခေတ်
#ခေတ်ပုံရိပ်






