အလင်္ကာဖေ
(မျက်မှောက်ခေတ် ခေတ်ပုံရိပ်)
ဒီနေရာက ထင်ထင်ရှားရှားပေါ်နေတာက ရွှေမြင်းအဆောက်အဦလို့ပေါ်တယ်။ လူတွေတည်းခိုရာ နေရာတခုအနေနဲ့ပေါ်တာ။ တကယ်တော့ ဒီနေရာအနီးအနားမှာ ဘာအဆောက်အဦမှ မရှ်ိဘူး။
လူတယောက်ဟာ ဒီနေရာရောက်လာပြီး အခန်းတခုခုရှာရင် ဘယ်လိုမှ ရှာတွေ့နိုင်မှာမဟုတ်ဘူး။ စက်ရုံတွေရှိတဲ့ လယ်ပြင်ထဲရောက်နေတာက တကြောင်း၊ လူနေစရာနေရာရယ်လို့ ကျယ်ကျယ်ဝန်းဝန်း မရှိတာကတကြောင်း ဒီနေရာမှာ ကျောတခင်းစာရဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး။
ထိုင်းနိုင်ငံမှာ အခန်းတခန်းရဖို့ market place ကိုအဓိကအားကိုးရတယ်။ အဲ့ဒီနေရာမှာရှာကြည့်တော့လဲ မရှိပြန်ဘူး။ ဒီနေရာနဲ့ ၄၅မိနစ်အကွာမှာဆို အခန်းတွေများမှများ။ ၄၅မိနစ်ဆိုတဲ့ အကွာအဝေးက ဘန်ကောက်ကို ရောက်ပြီပဲ။ ဒီနေရာနဲ့ ၄၅ မိနစ်အကွာမှာပဲ ကျောတခင်းစာရနိုင်မယ့် သဘောပဲ။
ဒီနေရာကိုရောက်တော့ ပထမဆုံး သတိထားမိလိုက်တာက ရန်ကုန် လှိုင်သာယာစက်မှုဇုန်ထဲ ပြန်ရောက်သွားသလိုခံစားလိုက်ရတယ်။
လှိုင်သာသာစက်မှုဇုန်၊ ရွှေပြည်သာစက်မှုဇုန်၊ မြောက်ဥက္ကလာ အမှတ်(၃)လမ်းဆုံအနီးက မင်္ဂလာဒုံစက်မှုဇုန်နဲ့ ဒဂုံဆိပ်ကမ်းစက်မှုဇုန်လိုနေရာမျိုးပဲ။ ကွန်တိန်နာကားတွေ အဝင်အထွက်ရှိမယ်။ စက်ရုံလုပ်သားတွေ ကြိုပို့လုပ်ပေးနေတဲ့ ကားတွေ အဆက်မပြတ်ရှိနေတယ်။
ထိုင်းနိုင်ငံက စက်မှုဇုန်တနေရာက အဲ့ဒီလိုလှုပ်ရှားသက်ဝင်နေတဲ့ နေရာမှာ ထိုင်းစကားပြောသံထက် ဗမာစကားပြောတဲ့အသံကိုပဲ ပိုကြားရတယ်။
“ဟေ့ ဟိုဝတ်စုံနဲ့လူ နေ့ဆိုင်းလား၊ ညဆိုင်းလား” စက်ရုံကြိုပို့ကားမောင်းတဲ့ ကားဆရာက ဆိုင်ရှေ့တနေရာမှာ ထိုင်နေတဲ့လူကို လှမ်းမေးလိုက်တယ်။
“ကျနော်က ညဆိုင်းဗျ။ အခုပဲပြန်ရောက်တာ”လို့ အဲ့ဒီလူကပဲ မဆိုင်းမတွ ပြန်ဖြေတယ်။ သူပြန်ဖြေလို့အဆုံးမှာပဲ ကားဆရာရဲ့ ညီတွားသံထွက်လာတယ်။
“တယောက်လိုနေလို့ဗျာ အချိန်ကနောက်ကျနေပြီ”လို့ တယောက်ထဲပြောနေသလို၊ ဟိုလူကိုပဲ ပြောပြနေသလိုနဲ့ ပြောနေတာ။
ဒါရွှေမြင်းအဆောက်အဦးရဲ့ ရှေ့မှာ တွေ့ရတဲ့မြင်ကွင်းဖြစ်ပါတယ်။ အလုပ်သွား၊ အလုပ်ပြန် သက်ဝင်လှုပ်ရှားနေတာပါ။ ဗမာစကားပြောသံ အလုပ်သွားအလုပ်ပြန်မြင်ကွင်းတခု။
နေ့လယ်ခင်းတခုမှာတော့ ရွှေမြင်းအဆောက်အဦနဲ့ အနီးတဝိုက်က လူသူကင်းရှင်းနေပါတယ်။ ဝန်ထမ်းလိုင်းခန်းတွေထဲ လူတချို့ရှိနေကြတယ်။ သူတို့တွေက ထိုင်းအစိုးရရဲ့ ဘတ်ရိုက်တဲ့အစီအစဉ်ကို စောင့်မျှော်နေသူတွေဖြစ်ပါတယ်။
ရွှေမြင်းအဆောက်အဦရဲ့ အရှေ့မှာ ဝန်ထမ်းလိုင်းခန်းတွေ အခန်းပေါင်း ရာကျော်ရှိတယ်။ လိုင်ခန်းကိုအဝင်အထွက်လုပ်လို့ရတဲ့ တနေရာထဲသောဝင်ပေါက်ကနေ ထိုင်းလဝကကရောက်လာတယ်။
တောမောင်းလို့ခေါ်တဲ့ ထိုင်းလဝကတွေရောက်လာပြီး ကား ၃စီးနဲ့ တင်ခေါ်သွားတယ်လို့ပဲ သတင်ပျံ့နှံသွားပါတယ်။
လူသစ်တွေကို ဝင်ဖမ်းတာ။ လူသစ်တွေက ဘတ်စောင့်နေကြတာ။ ဘတ်စောင့်နေတဲ့လူသစ်တွေကို အခုလိုပဲဖမ်းနေကြတာပဲဆိုတာကိုတော့ တယောက်နဲ့တယောက်ပြောစကားတွေထဲမှာ ကြားနေရပါတယ်။
“ထိုင်းကို ပွဲစားနဲ့တက်လာပြီး ပွဲစားထားတဲ့နေရာမှာ စုနေရသူတွေ နေရာပြောင်းရွှေ့သင့်နေပြီလို့ ကိုရဲမင်း အကြံပြုချင်တယ်”လို့ ရွှေ့ပြောင်းလုပ်သားအရေး ကူညီဆောင်ရွက်ပေးနေသူဖြစ်တဲ့ အေအေစီ ကိုရဲမင်းက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။
လူသစ်ဘတ်တင်ဖို့ စောင့်ဆိုင်းနေသူတွေအဖို့တော့ နောက်တနေရာ ပြောင်းရွှေ့ဖို့ဆိုတာ မဖြစ်နိုင်တော့တဲ့ အခြေအနေမျိုးမှာရှိနေတာဖြစ်ပါတယ်။ ဘတ်တင်ဖို့ ပွဲစားခအပြတ်ယူထားတဲ့အတွက် ပွဲစားထားတဲ့နေရာမှာပဲ ကျီးလန့်စာစားဘဝနဲ့ ရက်ပေါင်းဘယ်လောက်ကြာကြာ နေကြရဦးမလဲဆိုတာ မသိနိုင်ကြပါဘူး။
“မြန်မာပြည်ကနေ ထိုင်းအရောက် ပန်းရောင်ဘတ် လုပ်ခအပါ တစ်ဦးလျှင် ကျပ်သိန်း ၈၀ ငွေလက်ငင်းပေးပြီး ခိုးနေကြရတဲ့ မြန်မာပြည်သား လူဦးရေ ၁၃၁ ဦး ယနေ့(မနေ့က အောက်တိုဘာ ၁၆ရက်) ညနေ ၃ နာရီ ထိုင်းနိုင်ငံ စာမွတ်ဆာခွန်ခရိုင် မဟာချိုင်နယ်မြေ လူနေတိုက်တန်းလျားတစ်ခုမှာ ထိုင်းအာဏာပိုင်တွေ က ဝင်ရောက်ဖမ်းဆီးလိုက်ပါတယ်။
ဝင်ရောက်ဖမ်းဆီးတဲ့ နေရာမှာပါဝင်တဲ့ ထိုင်းလူမျိုးအရာရှိတစ်ဦးက ထိုင်းရဲတွေ ထိုင်းလဝကတွေလည်း မဖမ်းချင်ဘူး တဲ့ ဒီလူတွေ အကြွေးတွေနဲ့ တက်လာကြတာ သိတယ်တဲ့။ သနားတယ်တဲ့။ဒါပေမဲ့ သူတို့ လူတင်ထားတဲ့ မြန်မာပွဲစားအချင်း
ချင်း အဝေမတည့် မနာလိုဖြစ်ကြပြီးပွဲစားတစ်ဦးက နေရာအတိအကျနဲ့ ထိုင်းလဝကမှာ တိုင်လို့ မဖြစ်မနေ ဝင်ဖမ်းရတာတဲ့။ ခုပဲကျွန်တော့်ကို သေချာရှင်းပြရှာတယ်။
ကျွန်တော်က ပြောတယ် “အကိုတို့လည်းသိတာပဲ ဒီလူတွေ မင်းအောင်လှိုင် ကြောက်လို့ ပြေးလာတာ အကြွေးတွေ အတိုးတွေနဲ့။တိုင်လည်း မသိချင်ယောင်ဆောင်လို့ မရဘူးလား သူတို့ အခု ဘဝတွေပျက်ပြီ” လို့ ကျနော်က ပြောတော့ တိုင်တာ မဖမ်းရင် ငါတို့လည်းပြုတ်သွားမှာပေါ့တဲ့ ဗျာ။
ဒီမနက်ပဲ လူသစ်ဘတ် မရိုက်ဖြစ်ကြောင်းထုတ်ပြန်တယ် ဒီညနေ လူသစ်ဘတ်ရိုက်ဖို့စောင့်နေတဲ့ လူသစ်တွေကို ဝင်ဖမ်းတယ်။
လူယုတ်မာဝဲစားတွေ မင်းတို့ တွေ့မယ်။ငွေကျတော့ မြိုဆို့ပြီး တာဝန်ယူမှုတာဝန်ခံမှု လုံးဝ မရှိကြဘူး” လို့ အေအေစီကိုရဲမင်း(MHAC မဟာမိတ်အဖွဲ့ ဦးဆောင်တာဝန်ခံ၊ထိုင်းရောက်မြန်မာလုပ်သားကူညီစောင့်ရှောက်ရေးကော်မတီ)က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ “ဘဝတွေ ပျက်ကုန်ပြီပေါ့”ဆိုတဲ့ခေါင်းစဉ်နဲ့ ရေးသားထားပါတယ်။
ရွှေမြင်းအဆောက်အဦးနဲ့ အနီးဝန်းကျင်ကမြန်မာ နိုင်ငံသားတွေအဖို့တော့ ဘယ်အချိန်ဘတ်ရိုက်ပေးမလဲဆိုတာကို စောင့်မျှော်နေကြတာဖြစ်ပါတယ်။ ပွဲစားခအပြီးသတ်ပေးထားတဲ့နေရာမှာပဲ အရဲစွန့်နေကြရတော့တာပဲဖြစ်ပါတယ်။ သူတို့တွေအဖို့တော့ တစ်ပူပေါ် နှစ်ပူသုံးပူဆင့်လာမှာကိုတော့ စိုးရိမ်ထိတ်လန်စွာနဲ့ပဲ နေထိုင်ကြရတာဖြစ်ပါတယ်။
#အလင်္ကာဖေ
#မျက်မှောက်ခေတ်
#ခေတ်ပုံရိပ်






