ဟန်နီကို
(မျက်မှောက်ခေတ် ပညာရေးဆောင်းပါး)
ဆရာ၊ဆရာမတွေဟာ ကလေးတွေကို ပညာသင်ကြားပေးနေသူတွေ၊ လမ်းမှန်ကိုရောက်အောင်ညွှန်ပြရသူတွေ ဖြစ်လေတော့ အထွေထွေဗဟုသုတရှိဖို့ လိုအပ်ပါတယ်။ အထွေထွေဗဟုသုတဆိုပေမယ့် ကလေးတွေကို စာမသင်ပဲ ကြုံရာကျပန်းလျောက်ပြောနေတဲ့ အထွေထွေဗဟုသုတ မျိုးကို ဆိုလိုတာမဟုတ်ပါဘူး။ ကလေးတွေကို ကိုင်တွယ်ရာမှာ ၊ သင်ခန်းစာတစ်ခုကို သင်ကြားရာမှာ အသုံးဝင်တဲ့ဗဟုသုတ မျိုးကို ဆိုလိုတာဖြစ်တယ်။
ဥပမာအားဖြင့် လူ့ဦးနှောက်ဟာ ဘယ်အခြမ်းနဲ့ ညာအခြမ်းဆိုပြီး နှစ်ခြမ်းရှိတယ်။ ဘယ်အခြမ်းက ညာဘက်ခန္ဓာကိုယ်ကို ထိန်းချုပ်ပြီး ညာအခြမ်းက ဘယ်ဘက်ခန္ဓာကိုယ်ကို ထိန်းချုပ်တယ်။ ဦးနှောက် အခြမ်းနှစ်ခုဟာ အရွယ်အစားမတူညီကြပါဘူး။ တချို့က ညာအခြမ်းကြီးပြီး၊ တချို့က ဘယ်အခြမ်းကြီးကြတယ်။ ဦးနှောက်ညာအခြမ်းကြီးတဲ့သူက ဘယ်သန်တယ်။ ဦးနှောက် ဘယ်အခြမ်းကြီးတဲ့သူတွေက ညာသန်ပါတယ်။
ဒီလိုဦးနှောက် ဘယ်ခြမ်း၊ညာခြမ်း အကြီးအသေးမတူလို့ ဘယ်သန်၊ညာသန်ရယ်လို့ ကွဲလာရတယ်ဆိုတဲ့ အခြေခံဗဟုသုတရှိတဲ့ ဆရာ၊ဆရာမ တစ်ယောက်က ကိုယ့်တပည့်ထဲမှာ ဘယ်သန်ကလေးပါလာရင် ညာဘက်ဦးနှောက်ကြီးတဲ့ကလေးပါလားရယ်လို့ သိပြီး ညာလက်နဲ့အတင်းပြောင်းစာရေးခိုင်းတာမျိုး လုပ်မှာမဟုတ်ပါဘူး။ ညာဘက်ဦးနှောက်ကြီးပြီး ဘယ်သန်တဲ့ကလေးတွေဟာ ယေဘုယအားဖြင့် သင်္ချာ၊ ဂီတတွေမှာ တော်တတ်တဲ့ကလေးလို့သိပြီး အားပေးအားမြှောက် ပြုမှာဖြစ်ပါတယ်။
အထွေထွေဗဟုသုတဆိုတာ ကလေးတွေအတွက် အကျိုးရှိတဲ့ ဗဟုသုတမျိုးကို ဆိုလိုတာဖြစ်ပါတယ်။ အတန်းထဲမှာ စာမသင်ဘဲ ကလေးတွေအပျင်းပြေရုံသက်သက် ပြောတဲ့အထွေထွေအကြောင်းအရာတွေကို ဆိုလိုတာမဟုတ်ပါဘူး။
ဗြုတ်စဗျင်းတောင်း ဗဟုသုတ၊ အကြောင်းအရာတွေကို ကလေးတွေရဲ့ မိဘ၊အဖိုးအဖွား၊ ဆွေမျိုးတွေက ပြောပါလိမ့်မယ်။ ဆရာ၊ဆရာမတွေအနေနဲ့တော့ ဗြုတ်စဗျင်းတောင်းဟာသတွေကို စာသင်နေရင်း ကလေးတွေငြီးငွေ့လာ၊ အိပ်ငိုက်ချင်လာတဲ့အခါမှသာ လိုအပ်ရင် သုံးသင့်ပါတယ်။
သင်ခန်းစာနဲ့မဆိုင်တဲ့အကြောင်းအရာတွေကို ပြောဆိုတဲ့အခါမှာလည်း ဆရာ၊ဆရာမတစ်ယောက်ရဲ့ ပြောစကားဟာ အရပ်သူအရပ်သားပြောတဲ့စကားနဲ့ တူလို့မရပါဘူး။
ဆရာ၊ဆရာမတစ်ယောက်ပြောတဲ့စကားဟာ အချက်အလက်တွေ ထိုက်သင့်သလောက်ခိုင်လုံရမယ်၊ ကြောင်းကျိုးဆီလျော်မှုရှိရမယ်။
အကြောင်းအရာတစ်ခုခုကို စမတ်ကျကျပြောဆိုနိုင်ဖို့အတွက် သေသေချာချာသိတဲ့ ဗဟုသုတတွေလိုအပ်ပါတယ်။ဆရာ၊ဆရာမတစ်ယောက်ပြောတဲ့စကားဟာ အချက်အလက်တွေ ထိုက်သင့်သလောက်ခိုင်လုံရမယ်၊ ကြောင်းကျိုးဆီလျော်မှုရှိရမယ်။ အကြောင်းအရာတစ်ခုခုကို စမတ်ကျကျပြောဆိုနိုင်ဖို့အတွက် သေသေချာချာသိတဲ့ ဗဟုသုတတွေလိုအပ်ပါတယ်။
ဆရာ၊ဆရာမတိုင်းဟာ ကလေးတွေကို ဆုံးမစကားပြောကြသူကြီးပါပဲ။ ဆုံးမစကားပြောဆိုရာမှာလည်း ကလေးတွေပြုပြင်သင့်တဲ့အချက်၊ ကြိုးစားသင့်တဲ့အကြောင်းကို သူတို့နားဝင်အောင်ပြောဖို့က ဗဟုသုတရှိနေဖို့ လိုအပ်ပါတယ်။
ဆရာမတစ်ယောက်က သူ့ကလေးတွေကို ကမ္ဘာ့နေရာတော်တော်များများမှာသိကြတဲ့ ပုံပြင်ကလေးတစ်ပုဒ်ကို ပြောပြပါတယ်။ ပုံပြင်ရဲ့ အကျဥ်းချုပ်က ဒီလိုပါ။
“ဖားကလေးနှစ်ကောင် နွားနို့အိုးထဲကျတယ်။ နွားနို့ထဲမှာကူးခပ်ရင်း အပေါ်ကိုခုန်တော့ အိုးနှုတ်ခမ်းပေါ်ကို သူတို့မရောက်ဘူး။ ဖားတစ်ကောက်က လက်လျော့ပြီး နွားနို့ရည်တွေထဲမှာ အသေခံသွားတယ်။ ကျန်ဖားတစ်ကောင်ကတော့ နွားနို့ရည်ထဲကနေ အားယူပြီး ဆက်ခုန် နေတယ်။ ခုန်ဖန်များတော့ နွားနို့ကိုမွှေနေသလိုဖြစ်ပြီး နွားနို့ဟာခဲလာတယ်။ နောက်ဆုံး ဖားကလေးရပ်နိုင်လောက်တဲ့အထိ မာလာတယ်။ အဲ့ဒီထောပတ်အဖြစ် မာလာတဲ့ အပေါ်ကနေ ဖားကလေးခုန်လိုက်တဲ့အခါ လွတ်မြောက်သွားပါတယ်။”
ပုံပြင်ကို နားထောင်ပြီးတဲ့အခါမှာတော့ ကလေးတွေဟာ ပထမဖားကလေးမဖြစ်ချင်ကြပါဘူး။ ဒုတိယဖားကလေးသာ ဖြစ်ချင်ကြပါတယ်။
စာသင်ခန်းထဲမှာ ကလေးတွေကို “စာမကြိုးစားရင် အလုပ်ကြမ်းလုပ်ရမယ်။ နေပူထဲမှာ လုပ်ရမယ်။ စာတတ်ရင်၊ ဘွဲ့ရရင် မပင်ပန်းဘူး” ဆိုတဲ့သဘောပါတဲ့ အချောင်ဝါဒဆန်ဆန် ဆုံးမစကားတွေကို မပြောသင့်ဘူးလို့ စာရေးသူ ယူဆပါတယ်။
အဲ့ဒီလို စကားတွေကို ကလေးတွေဟာ သူတို့အိမ်နဲ့ ဝန်းကျင်မှာ မကြားချင်မှအဆုံး ကြားနေကြရတာမို့ ထူးနားဝင်မှာမဟုတ်သလို တကယ်စဥ်းစားတတ်တဲ့ ကျောင်းသူ၊ကျောင်းသားတွေက ဆရာ၊ဆရာမအပေါ် အထင်အမြင်အနည်းငယ် သေးသွားနိုင်ချေတောင် ရှိပါသေးတယ်။
ဒီလိုစကားတွေဟာ ကလေးတွေကို အလုပ်သက်သာအောင်၊ အေးဆေးနေရအောင်ပညာသင်ရတယ်ဆိုတဲ့ ပညာသင်ကြားရခြင်းရဲ့ ရည်ရွည်ချက်အမှားကို ပေးနေတာဖြစ်ပါတယ်။ ပညာသင်တယ်ဆိုတာ အလုပ်ကို ပိုပြီး စနစ်ကျကျ လုပ်တတ်အောင်၊ ပြသနာတွေကိုဖြေရှင်းပြီး ကိုယ့်အကျိုး၊ မိသားစုအကျိုး၊ ရပ်ရွာအကျိုး စသဖြင့် ဆောင်နိုင်အောင်၊ လုပ်နိုင်စွမ်းရှိအောင် သင်ကြရတာပါ။
ကလေးတွေကို ဆုံးမစကားပြောဖို့ဆိုရင် ဆရာ၊ဆရာမတစ်ယောက်အနေနဲ့ အထွေထွေဗဟုသုတကို အမြဲဖြည့်ဆည်းနေဖို့ လိုပါတယ်။ အဟောင်းအမြင်း ဗဟုသုတတွေကိုပဲ ပေးနေတဲ့ ဆရာ၊ဆရာမတစ်ယောက်ရဲ့စကားကို ကလေးတွေနားဝင်ဖို့ခက်ပါတယ်။ ပြောဆိုတဲ့စကားက အရပ်ထဲက ဗဟုသုတတွေပဲဖြစ်နေလို့ ဆရာ၊ဆရာမကိုလည်း စာသင်ပေးနိုင်တဲ့ အနေအထားကလွဲရင် ကျန်တာ အရပ်သူ၊အရပ်သားတွေရဲ့အတွေးနဲ့ အတူတူပါလားလို့ ထင်ကြမှာဖြစ်ပါတယ်။
ဆရာ၊ဆရာမတစ်ယောက်ဟာ နေ့တိုင်းမဟုတ်ရင်တောင် စာသင်တဲ့ သတင်းပတ်တစ်ခုတိုင်း ကလေးတွေအတွက် အသစ်အသစ်သော အကြောင်းအရာ၊ ဗဟုသုတတွေကို ပေးနိုင်ဖို့ကြိုးစားရမှာဖြစ်ပါတယ်။
ကလေးတွေနားထောင်ချင်တာက အသစ်ပါ။ ရပ်ရွာထဲက လက်နှီးစုတ်လိုဖြစ်နေတဲ့ ဗဟုသုတ မဟုတ်ပါဘူး။ ကလေးတွေကို တကယ်တော်စေ၊ ကောင်းစေချင်တယ်ဆိုရင် ဆရာ၊ဆရာမ တစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ရေသောက်မြစ်လိုဖြစ်နေတဲ့အထွေထွေ ဗဟုသုတကို စဥ်ဆက်မပြတ်ဆည်းပူးကြဖို့ တိုက်တွန်းလိုက်ပါရစေ….။
#ဟန်နီကို
#မျက်မှောက်ခေတ်
#ပညာရေး
#ဆောင်းပါး






