အရေးကြီးတဲ့ စည်းရိုးရွာတွေ
တက်နေထွန်း
(မျက်မှောက်ခေတ် ဆောင်းပါး)
တော်လှန်ရေးကာလကြာရှည်လာတာနဲ့ အမျှ ပြည်သူတွေဟာ ပင်ပန်းလာကြပါတယ်။
တော်လှန်ရေးကြောင့် ရရှိလာတဲ့ လွတ်မြောက်နယ်မြေက ပြည်သူတွေဟာ လယ်ယာစိုက်ပျိုးရေးနဲ့ ကူသန်းရောင်းဝယ်ရေးကို အသင့်အတင့် ဆောင်ရွက်နေနိုင်ကြပေမယ့် ပျူစောထီးရွာနဲ့နီးတဲ့ရွာတွေ၊ စစ်ကောင်စီတပ်နဲ့ နီးတဲ့ကျေးရွာတွေမှာတော့ စိုက်ပျိုးရေးတောင် ကောင်းကောင်းမလုပ်နိုင်ကြပါဘူး။
ကောင်းကောင်းမလုပ်နိုင်တဲ့ကြားက ပျူစောထီးအန္ဒရာယ်၊ စစ်ကောင်စီရဲ့ အန္ဒရာယ်ကိုလည်း အမြဲမ ပြတ်စောင့်ကြည့်နေကြရပါတယ်။
ဝိုင်းဝန်းကူညီကြဖို့
နယ်တစ်နယ်မှာ ပျူစောထီးရွာတွေ၊ စစ်ကောင်စီတပ်နဲ့နီးစပ်တဲ့ ရွာတွေဟာ တနည်းအားဖြင့် လွတ်မြောက်နယ်မြေရဲ့ စည်းရိုးရွာတွေဖြစ်ပါတယ်။
စည်းပေါက်ခဲ့ရင် လွတ်မြောက်နယ်မြေထဲကိုလည်း စစ်ကောင်စီတပ်တွေ၊ ပျူစောထီးတွေ ရောက်လာမယ်။ စည်းရိုးရွာတစ်ရွာ ပေါက်သွားပြီး အဲ့ဒီရွာမှာသာ စစ်ကောင်စီအဖွဲ့တွေ အခြေထိုင်ခဲ့ရင် လွတ်မြောက်နယ်မြေက အနည်းဆုံး ရွာသုံးလေးရွာလောက် ထိခိုက်သွားမှာဖြစ်ပါတယ်။
မလှမ်းမကမ်းမှာ စစ်ရှောင်စခန်းတွေရှိရင်လည်း စစ်ရှောင်စခန်းတွေပါ ပြောင်းရွှေ့ကြရမှာဖြစ်ပါတယ်။
အထက်ပါအချက်တွေကြောင့် စည်းရိုးသဘောမျိုးဖြစ်နေတဲ့ ကျေးရွာတွေကို လွတ်မြောက်နယ်မြေ ကျေးရွာတွေက စစ်ရေး၊ စီးပွားရေး အဘက်ဘက်ကနေ ကူညီဖို့ လိုအပ်ပါတယ်။
တော်လှန်ရေးဆိုတာ အားလုံးနဲ့ဆိုင်တဲ့ကိစ္စပါ။ တစ်ဦးကိုထိခိုက်ရင် နောက်တစ်ဦးဆက်နစ်နာသလို တစ်ရွာကိုထိတာနဲ့ နောက်ရွာတွေဆက်ပြီး အထိနာမှာဖြစ်ပါတယ်။
စည်းရိုးရွာတွေဟာ အစမ်းသပ်ခံမဟုတ်
“စည်းရိုးရွာတွေဟာ အစမ်းသပ်ခံမဟုတ်ဘူး” ဆိုတဲ့စကားဟာ စစ်ကောင်စီစစ်ကြောင်းရဲ့ မီးရှို့ဖျက်ဆီးတာခံလိုက်ရတဲ့ စည်းရိုးရွာတစ်ရွာက ပြည်သူတွေက ပြောတဲ့စကားဖြစ်ပါတယ်။
“ရွာမှာလူတွေနေကြတုန်းကတော့ ဟိုအဖွဲ့က လက်နက်လာစမ်းလိုက်၊ ဒီအဖွဲ့က လက်နက်လာစမ်းလိုက်နဲ့။ တကယ်ဟိုဘက်က စစ်ကြောင်းလာထိုးတော့ ရွာကိုမကာကွယ်နိုင်ကြတော့ဘူး။ ကျနော်တို့ဟာ အစမ်းသပ်ခံတွေလားလို့ တွေးမိတယ်၊ ခံစားမိတယ်” လို့ ပြည်သူတဦးက ပြောပါတယ်။
သူတို့နေထိုင်တဲ့ကျေးရွာဟာ စစ်ကောင်စီအထိုင်ချထားတဲ့ကျေးရွာနဲ့ ငါးမိုင်ဝန်းကျင်သာဝေးပြီး တော်လှန်ရေးတပ်တွေထိမ်းချုပ်ထားတဲ့ လွတ်မြောက်နယ်မြေရဲ့ အစွန်မှာရှိတာပါ။
သူတို့ရွာမှာ နေထိုင်စဥ်က လွတ်မြောက်နယ်မြေက တော်လှန်ရေးအဖွဲ့တချို့ သူတို့ရွာဝန်းကျင်ကနေ စစ်ကောင်စီဘက်ကို လက်နက်ကြီးနဲ့အစမ်းလာထုခဲ့ကြတာဖြစ်ပြီး ဟိုဘက်ကတကယ်စစ်ကြောင်းလာချိန်မှာတော့ သူတို့ရွာတစ်ရွာလုံးနီးပါး ပြာကျခဲ့တာဖြစ်ပါတယ်။
အထက်ပါကိစ္စတွေဟာ ကျနော်တို့အတွက် သင်္ခန်းစာယူစရာတွေဖြစ်ပါတယ်။ လောလောဆယ် ကိုယ့်ဘက်က ထိုးစစ်မဆင်နိုင်သေးတဲ့နေရာတွေမှာ ကိုယ့်နယ်မြေမဆုံးရှုံးရဖို့ အရေးကြီးပါတယ်။ ဒါကြောင့် စည်းရိုးလိုဖြစ်နေတဲ့ ကျေးရွာတွေကို မပြီးသေးတဲ့တော်လှန်ရေးအတွက် သွေးမအေးပဲ ဝိုင်းကူကြပါလို့ တိုက်တွန်းလိုက်ရပါတယ်။
#တက်နေထွန်း
Credit photo.