နွေးထွေးမှုတွေရှိတဲ့ ဆောင်းရာသီတွေဆီ
ဝေလင်းလက်
(မျက်မှောက်ခေတ် ကဗျာခံစားမှု)
စစ်အာဏာသိမ်းပြီးနောက် ကျဆုံးသူတွေထဲမှာ ကဗျာဆရာတွေလည်း ပါဝင်ပါသည်။ မုံရွာသပိတ်မှာ ကဗျာဆရာ ကေဇဝင်းကျဆုံးခဲ့ရသည်။ စစ်ကောင်စီအဖွဲ့ဝင်တွေက အိမ်အထိလာရောက်ဖမ်းခေါ်ပြီး ကဗျာဆရာ၏ ရုပ်အလောင်းကိုသာ ပြန်ရခဲ့ကြသည်။ ကဗျာဆရာ ကေဇဝင်းသည် အမှန်တရားကိုမြတ်နိုးသူ၊ မှန်ရာကိုပြောရဲ၊ လုပ်ရဲသည့် သတ္တိရှိသူဖြစ်သည်။
စစ်ကောင်စီ၏ တိုက်ရိုက်ဖမ်းဆီးသတ်ဖြတ်ခြင်းခံရတာမဟုတ်သော်လည်း စစ်ကောင်စီလက်အောက်မှာ လွတ်လပ်ခွင့် ဆုံးရှုံးမှု၊ အနိဌာရုံခံစားမှုတွေနဲ့အတူ ကဗျာဆရာတွေကြွေလွင့်ခဲ့ကြရပါသည်။ ခန့်မင်းထက်၊ သစ်ငြိမ်သစ်၊ သားဦး၊ ကမြေိုူငွိမျးနဲ့ ကြည်ဇော်အေးအပါအဝင် ကဗျာဆရာတွေ ကြွေလွင့်ခဲ့ရသည်။
ကဗျာဆရာကြည်ဇော်အေးသည် သူမဆုံးမီရက်ပိုင်းအတွင်း သူနောက်ဆုံးရေးခဲ့သော ” လာမယ့်ဆောင်းရာသီ” ကဗျာကို သူ့လူမူကွန်ယက်စာမျက်နှာမှာ တင်ခဲ့သည်။ လာမယ့်ဆောင်းရာသီမှာ
“မလုံခြုံမှုမီးခိုးများဟာ
အူနေတယ်”
မီးခိုးများ။ လက်နက်ကြီးပေါက်ကွဲရာမှ ထွက်ပေါ်လာသော မီးခိုးများ။ လေကြောင်းကနေ ဗုံးကြဲရာမှ ထွက်ပေါ်လာသောမီးခိုးများ။ စစ်ကောင်စီစစ်သားတွေ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးရာမှ ထွက်ပေါ်လာသော မီးခိုးများ။ စစ်ရှောင်စခန်းတွေက ရေစိုနေတဲ့ ထင်းတွေကနေ ထွက်လာတဲ့ မီးခိုးများ။ ထိုကဲ့သို့သော မီးခိုးတွေ နိုင်ငံနဲ့အဝှမ်း အူထွက်နေဆဲ။
“လေထု ပွန်းပဲ့
ရဟတ်များလည်ပတ်လျက်
ခြောက်ကပ်လယ်ယာမြေပေါ်
စိုစွတ်နေတဲ့ သွေးစ
အသားစ အရိုးစ
အပူချိန်ဟာ
အိမ်ခေါင်မိုးတွေဆီကနေ ဖြာကျ
တခါတခါ
ကလေးတယောက်ရဲ့ငိုသံ
တခါတခါ
အမယ်အိုတယောက်ရဲ့ညည်းသံ
စစ်ဖြစ်နေမှတော့
အချစ်စစ်နဲ့လည်းဘယ်တွေ့နိုင်ပါ့မလဲ
လူငယ်တယောက်က အံကြိတ်ပြီးပြောတယ်”
လေထုဟာ ယမ်းငွေ့တွေ၊ ဓာတုအဆိပ်ငွေ့တွေ၊ လက်နက်ကြီးကျည်ဒလက်လည်သံတွေကြောင့် ဆူညံ၊ညစ်နွမ်းကုန်သည်။ လူတစ်ယောက်အဖို့ ကံကြမ္မာရဟတ်၊ နိုင်ငံတစ်နိုင်ငံအဖို့ သမိုင်းရဟတ်သည် လည်ပတ်လျက်။ ကျနော်တို့တွေဟာ သမိုင်းရဟတ်လည် ပတ်မှုအရှိန်ကြောင့် မျောလွှင့်နေကြရတဲ့ ဖုန်မှုန့်လေးတွေအလား လွင့်ချင်ရာလွင့်ခဲ့ကြရ။ တချို့က တောထဲတောင်ထဲ၊ တချို့က အကျဥ်းထောင်ထဲ၊ တချို့က စစ်ရှောင်စခန်းတွေဆီ၊ တချို့က တမလွန်အထိ လွင့်စင်သွားခဲ့ရသည်။
မီးလောင်ပြင်ဖြစ်ခဲ့ရသည် ကျေးရွာတွေ၊ တိုက်ပွဲစစ်မြေပြင်ဖြစ်ခဲ့ရသည့် လယ်ယာမြေတွေ။ အချို့လယ်ယာမြေတွေမှာ လူ့အသက်ကိုချွေဖို့ မိုင်းကြိုးတွေကို မမြင်နိုင်အောင် ဝှက်ထားကြသည်။ နင်းလာတဲ့ခြေထောက်တွေကို ဖြတ်ပစ်မယ့် မြေကြီးထဲက နင်းမိုင်းတွေ။
ဒါ့အပြင် တောင်သူလုပ်ငန်းခွင်မှာ အလုပ်လုပ်နေသည့် တောင်သူလယ် သမားတွေထံ ကျလာသည့် ဒရုန်းဗုံးသီး တွေ။ ပဲခင်းထဲက သွေးစများ။ နှမ်းခင်းထဲက ရုပ်အလောင်း။ လယ်ထဲမှာ ပြတ်ထွက်သွားခဲ့ခြေထောက်တွေ၊ တောင်ယာမှာ ပြတ်ခဲ့ရတဲ့ ခြေထောက်တွေ မနည်းတော့ပါ။
ကျေးရွာတွေမှာ အသံတွေတိတ်ဆိတ်သည့် ခြောက်ခြားဖွယ်ရာ နေရာများဖြစ်ကုန်ကြသည်။ ငိုသံတွေ၊ ညည်းငြူသံတွေ တောထဲတောင်ထဲ ပျံ့လွင့်ကုန်သည်။ လေလိုင်းတွေထဲမှာ အလွမ်းအဆွေးသံတွေ ပြည့်နက်နေသည်။
“ခွေးမသားတွေ
ခွေးကျွေးတောင်မစားဘူး တဲ့
အဖိုးအိုတယောက်က တောက်ခေါက်တယ်
ဆေးမရှိတဲ့ရောဂါနဲ့တူတဲ့
လမ်းကမှားနေတယ်”
ကမ္ဘာမကျေသည့် နာကျည်းမှုတွေကို ကျွန်တော်တို့ ပြည့်ပြည့်ဝဝကြီးရခဲ့ပါသည်။ ကျနော်တို့နိုင်ငံသမိုင်းရဟတ်သည် အဆိုးတစ်လှည့်၊ ယုတ်မာတာတလှည့် လည်နေတော့မည်လား။
“ဆောင်းဝင်တော့မယ်အချစ်ထက်ပိုပြီး
ဘယ်မီးဖိုက နွေးပါ့မလဲ
နာကျင်မှုကိုသာ လှုံကြ ။ ။”
လက်ရှိအချိန်ထိတော့ ကျနော်တို့သည် နာကျင်မှုကိုသာ အားအဖြစ်ယူနေရဆဲဖြစ်ပါသည်။ ခွင့်လွတ်ခြင်းနှင့် နွေးထွေးတဲ့ မေတ္တာလမ်းကို ကျနော်တို့တွေ တနေ့နေ့တော့ လျှောက်ကြရမည်ဟု မျှော်လင့်မိပါသည်။
#ဝေလင်းလက်