Home > Uncategorized > ခေါင်ရာမြေ

ခေါင်ရာမြေ

ခေါင်ရာမြေ

ဒေါက်တာဝင်း
(မျက်မှောက်ခေတ် ဆောင်းပါး)

“ခေါင်” ဆိုတဲ့ စကားလုံးကို မြန်မာအဘိဓာန်မှာ ဘယ်လိုအဓိပ္ပါယ်ဖွင့်ဆိုထားမလဲ သိချင်မိတယ်။

အမြင့်ဆုံးဖြစ်နေခြင်းအတွက် အသုံးပြုလေ့ရှိတဲ့စကားလုံးပေမယ့် အများအားဖြင့်တော့ ရှားပါးခြင်းကိုကိုယ်စားပြုမယ်ထင်ပါတယ်။ ဘာလို့လဲဆိုတော့ လမ်းပမ်းဆက်သွယ်ရေးကြောင့် ကုန်စည်စီးဆင်းမှုခက်ခဲ၊ ပညာရေး၊ စီးပွားရေးတွေ ဖွံ့ဖြိုးတိုးတက်မှုနည်းပါးတဲ့နေရာတွေကို “ဒေသကခေါင်တယ်” လို့ပြောကြတာကိုး။

ခေါင်တဲ့ဒေသတွေမှာက တနေ့တနေ့ စားဝတ်နေရေးကိုပဲ လုံးပမ်းနေကြရတဲ့မိဘတွေများတော့ တိုင်းပြည်ရဲ့အနာဂါတ်ကို လက်ထဲ ဆုပ်ကိုင်ထားကြရတယ်လို့ဆိုတဲ့ ကလေးတွေရဲ့ ပညာရေးကိုဦးစားမပေးနိုင်ကြရှာဘူး။

အတတ်နိုင်ဆုံး ကြိုးစားထောက်ပံ့ကြတယ်ဆိုအုံးတော့ ဆုံးခန်းတိုင်အောင်ရောက်တဲ့သူကရှားတယ်။ အဲလိုရှားတဲ့သူတွေထဲ ကျွန်တော်က ကံကောင်းစွာနဲ့ ပါခဲ့တယ်။ ဒါပေမယ့်လွယ်လွယ်ကူကူ ပါခဲ့တာတော့မဟုတ်ပါဘူး။ ရွာမှာ ၄တန်းထိပဲရှိတော့ ၅တန်းတက်ဖို့ကျ သုံးမိုင်ကျော်ကျော်လောက်ဝေးတဲ့တစ်ခြားရွာကို ရေတစ်တန် ကုန်းတစ်တန်သွားတက်ရတယ်။ ခုနေစဥ်းစားကြည့်ရင် နေပူမရှောင်မိုးရွာမရှောင် အပတ်တိုင်းလိုလို သင်္ချာအချိန်ပိုသွားသွားတက်ခဲ့ရတဲ့ ၅တန်းအရွယ်ကိုယ့်ကို စိတ်မချဖြစ်မိတယ်။

လမ်းပမ်းဆက်သွယ်ရေးကခက်ခဲတော့ ဒေသထွက်ကုန်တွေကို မြို့ပို့ချင်ရင် လူကိုယ်တိုင်ပို့ဆောင်ကြရတာများတယ်။ မြို့ကစားသောက်ကုန်တွေကိုလဲ ထမ်း၊ ပိုး၊ ရွက်ပြီး လူကိုယ်တိုင်သယ်ကြရတာပါပဲ။ အဲလိုတွေကြောင့် တစ်ချို့စားသောက်ကုန်တွေဆို သက်တမ်းကုန်ဆုံးရက်ကျော်နေတတ်တယ်။ ဒါပေမယ့် ဝယ်စားကြရတာပဲ။ အဲလိုစားလို့ ဗိုက်အောင့် ဝမ်းလျောတာအပြင် ကြီးကြီးကျယ်ကျယ်ဘာမှ မဖြစ်ဖူးသေးတော့ ဘာမှမဖြစ်ဘူးပဲဆိုရမှာပေါ့။

အမှန်တော့ ငွေရှိရင်တောင်မှ စားချင်တာဝယ်စားလို့မရတဲ့အခြေအနေက ခေါင်တဲ့ဒေသကလူတွေရဲ့ဝဋ်ကြွေးပါပဲ။ အထူးသဖြင့် အစားအသောက်တွေပေါတဲ့နေရာကိုကြာကြာနေခဲ့ဖူးပြီး ခေါင်တဲ့ဒေသကို ပြန်လာနေတဲ့ ကျွန်တော်လို ခေါင်ဒေသကလူတွေအတွက်ပေါ့။

ဟုတ်ပါတယ်၊ ကျွန်တော်က ခေါင်ဒေသဖွားပါ။

ကျွန်တော်တို့ဒေသက တောင်တန်းတွေဝန်းရံကာထားတဲ့ မြေနိမ့်ချိုင့်ဝှမ်းငယ်လေးပါပဲ။ ၂၀၀၀ခုနှစ် ကျော်လောက်မှ မြေသားကားလမ်းပေါက်တာ။ အဲတော့မှ မြေထိုးကားတို့၊ ဘက်ဖိုးတို့ကို ကြားဖူးမြင်ဖူးတာရယ်။ မြို့ရောက်ဖို့ဆို ၆နာရီကျော်လောက်တောင်တွေကျော်ပြီး လမ်းလျှောက်ရတယ်။ ဒါကြောင့် အရေးကိစ္စကြီးကြီးမားမားရှိမနေရင် မသွားဖြစ်ကြဘူး။ ကျွန်တော်ဆို ၉တန်းတက်မှ မြို့ရောက်ဖူးတာ။ ၁၀တန်းတက်ဖို့မြို့ကို သွားကြတော့ အဝတ်အစားသေတ္တာတွေ ခေါင်းပေါ်ရွက်ပြီးသယ်သူကသယ်၊ မြို့မှာငွေများများမကုန်ဖို့အရေး ဒေသ ထွက်စားသောက်ကုန်ခြောက်တွေကို ခြင်းတောင်နဲ့တစ်မျိုး၊ နိုင်လွန်အိတ်နဲ့တစ်ဖုံ သယ်သူကသယ်နဲ့ မိဘကိုယ်တိုင်အပါအဝင် ဆွေမျိုးတစ်ချို့က ၆နာရီကျော် လမ်းလျှောက်ရတဲ့ တောင်ပေါ်လမ်းကို ဖြတ်ကျော်ပို့ခဲ့ကြတာရယ်။ ဘယ်လိုစိတ်နဲ့များသယ်ပို့ခဲ့ကြသလဲ မေးရင်တော့ မွေးရပ်ခေါင်သော်လည်း အမျှော်အမြင်မခေါင်ကြတဲ့ မိဘတွေရဲ့ သားသမီးကို ပညာတတ်ဖြစ်စေချင်တဲ့စိတ်တွေနဲ့ သယ်ခဲ့ကြတယ်လို့ဆိုရမှာပါပဲ။

ဆယ်တန်းပြီးလို့တက္ကသိုလ်တက်ချိန်ရောက်တော့ နဲနဲတိုးတက်လာတယ်ပြောရမယ်။ တက္ကသိုလ် ပထမလေးလ တစ်ဖြတ်ပြီးချိန်ဆို ရွာရှေ့ထိကားစီးလို့ရလာတယ်။ ဒါပေမယ့် ဒုတိယ တစ်ဖြတ်ပြီးချိန်က နောက်မိုးကောင်းချိန်ဖြစ်လို့ ရွာကိုပြန်ရင် တောင်ကျော်လမ်းအတိုင်းပဲ ကိုယ့်အထုပ်ကိုယ်ပိုးပြီးခြေလျင်ပြန်ရတယ်။ ကျွန်တော် မဟာတန်းဒုတိယနှစ်တက်ချိန်ထိပဲ ဆိုပါတော့။

ဒါပေမယ့် မဟာတန်းတက်ချိန်မှာ ရွာကိုတိုက်ရိုက်ဖုန်းခေါ်လို့ရလာတယ်။ ဆိုလိုတာက ရွာမှာ ဖုန်းတစ်လုံးရှိလာတာပါ။ အဝင်ရော အထွက်ရော ငွေပေးချေရတဲ့ဖုန်းပေါ့။ အိမ်ကိုဖုန်းပြောချင်ရင် တဆင့်ခေါ်ခိုင်းရတယ်။ အဲလိုခေါ်ခိုင်းရင် ဖုန်းဆိုင်က အသံချဲ့စက်နဲ့ အိမ်ကိုလှမ်းခေါ်ပေးတယ်။ ပြီးတော့ တစ်ရွာလုံးမှာမှ တီဗွီတစ်လုံးလောက်သာရှိခဲ့တဲ့ ရွာလေးမှာ တီဗွီဝယ်နိုင်သူတွေပေါလာတယ်။ ဗွီဒီယိုဇာတ်လမ်းတွေကို ဗွီဒီယိုရုံမှာ ပိုက်ဆံပေးကြည့်စရာမလိုတော့တဲ့အပြင် နိုင်ငံခြားဇာတ်လမ်းတွဲတွေကိုလဲ ကြိုက်တဲ့အိမ်မှာ ဝင်ကြည့်လို့ရလောက်တဲ့ထိ တိုးတက်လာခဲ့တယ်ပြောရမှာပေါ့။

ကျွန်တော် အလုပ်ရတဲ့ကာလရောက်တော့ ပိုပြီးတိုးတက်လာတာတွေ့ရပြန်တယ်။ တောင်ကျော်လမ်းကို ခြေလျင်မသွားဘဲ ဆိုင်ကယ်ကို သုံးပြီး သွားလာစပြုလာကြတယ်။ အလုပ်ရပြီး ပထမဆုံးရွာပြန်တော့ အဖေလာကြိုတယ်။

ဆိုင်ကယ်နဲ့။ ဆိုင်ကယ်နဲ့တောင်လာကြိုတာဆိုတော့ တောင်ကျော်လမ်းက တော်တော်လေးကောင်းပြီလို့ ထင်မိခဲ့တယ်။ ဒါပေမယ့် အဲဒီအထင်ဟာ တောင်စတက်တာနဲ့လွဲတော့တာပဲ။ တစ်မိုင်လောက်ရှိတဲ့ အတက်ကို ဆိုင်ကယ်မပါဘဲ တက်နေကျအတိုင်းခြေလျင်တက်ခဲ့ရတယ်။

ဆိုင်ကယ်ကတော့ မောင်းသူတစ်ယောက်ထဲကပဲ ဂီယာကြီးတွေနဲ့ တစ်ဖြေးဖြေးချင်းမောင်းတက်လို့ရတယ်။ နောက်ကနေပဲလူလိုက်လို့မရတာ။ တောင်ပေါ်ရောက်လို့ ဆိုင်ကယ်နောက်ကလိုက်ရပေမယ့် ဘုရားတနေရတယ်။ ပြုတ်ကျရင် ချောက်ထဲရောက်မယ့်နေရာတွေနဲ့ဆိုတော့။ ဒီလိုနဲ့ ရွာကို ရောက်မသွားသေးပါဘူး။

ရွာဘက်ကို ဆင်းတဲ့တောင်အဆင်းလမ်းရောက်တော့ ဆိုင်ကယ်ပေါ်ကဆင်းရပြန်ပါတယ်။ ဒီတစ်ခါတော့ ဆိုင်ကယ်မောင်းသူလဲ စီးမရတော့ဘူး။ ဂီယာကြီးတွေထိုးပြီ ဆိုင်ကယ်ချောက်ထဲ ထိုးကျမသွားအောင် ထိမ်းပြီးလှိမ့်ချရတယ်။ စီးလို့ရတဲ့နေရာရောက်မှ ပြန်စီးရတာ။ လမ်းမကောင်းပေမယ့် ရွာကို ပြန်ရောက်တဲ့ထိမောင်းလို့ရခဲ့တယ်။

ကျွန်တော်အလုပ်ရတဲ့ အဲဒီအချိန်မှာတော့ ရွာမှာအထက်တန်းကျောင်းလဲ ရှိနေပြီဖြစ်သလို  ရွာထဲမှာ လဲတိုင်ထောင်ဖုန်းတွေလေးငါးဆယ်လုံးလောက်ရှိလာကြပါပြီ။ အရင်လို အိမ်နဲ့ဖုန်းပြောဖို့အရေး ဖုန်းဆိုင်နား တစ်နာရီနှစ်နာရီလောက်ထိုင်ပြီး ဖုန်းတစ်လုံးထဲကိုပဲ သဲကြီးမဲကြီးခေါ်နေစရာမလိုတော့ဘူးပေါ့။ တစ်လုံးမရရင် နောက်တစ်လုံးပြောင်းခေါ်လို့ရလာတယ်။ ရွေးချယ်စရာ ရှိလာသည်ဆိုပါတော့။

နိုင်ငံခြားကပါရဂူဘွဲ့ရပြီး ပြန်လာချိန်ဟာ ရွာရဲ့အတိုးတက်ဆုံးအချိန်လို့ထင်မိတယ်။ မြို့ကို တစ်ခြားလမ်းကနေ ကားနဲ့လဲသွားလို့ရလာတယ်။ မိုးရာသီမှာ သိပ်အဆင်မပြေဖြစ်ပေမယ့်ပေါ့။ အိမ်တိုင်းလိုလိုလဲ ခေါင်မိုးအသစ်တွေဖြစ်နေကြပြီ။ နဂိုက သက္ကယ်(သက်ငယ်)မိုး။ ခုက သွပ်မိုး။ သက္ကယ်ခေါင်မိုးနဲ့ရှိနေတဲ့ အိမ်က တစ်အိမ်နှစ်အိမ်လောက်ပဲကျန်တယ်။ တစ်ချို့အိမ်တွေဆို အောက်ထပ်က သံဂတ္တက် (သံဖိနပ် (သို့) ခွာ) ခံပြီး တစ်ချို့အိမ်တွေက နှစ်ထပ်အိမ်ပုံစံတောင် လုပ်ထားနိုင်ကြတဲ့ထိ ရွာဟာ ဖွံ့ဖြိုးနေခဲ့တယ်။

ဟိုအရင်က အခါကြီးရက်ကြီး(ဝါဆိုလပြည့်၊ သီတင်းကျွတ် နဲ့ သင်္ကြန်တို့)မှ တဝစားရတဲ့ ဝက်သားကို ခု နေ့တိုင်းစားနိုင်လာကြတယ်။

ဘယ်လောက်ထိလဲဆို ဝက်သတ်တဲ့နေရာဆီသွားပြီး လုဝယ်ကြတဲ့ထိစားနိုင်လာကြတာ။ ဝက်သားကို လုယူခဲ့ရတယ်လို့ အမြဲပြောသံကြားနေရတာရယ်။ အဲလိုကြားရတာများတော့လဲ လူတွေမဟုတ်ဘဲ ဘီလူးတွေများဖြစ်နေရော့သလားလို့ တွေးမိဖြစ်တယ်။

ဝက်ခုတ်တဲ့ပိုင်ရှင်က ဝက်သားထွက်ရောင်းစရာမလိုဘူး။ ခုတ်ပြောင်ပဲ။ အမဲသားလဲ အဲလိုပဲ၊ ခုတ်ပြောင်။ တစ်ချို့ဆို အသားမပါရင် ထမင်းမစားတတ်တော့ဘူးတဲ့။ ဒါဟာ စီးပွားရေးမခေါင်တော့ခြင်းရဲ့ ပြယုဂ်လို့ပဲ ဆိုရမယ်ထင်တယ်။ ဒါပေမယ့် အစားအသောက်တွေပေါကြွယ်ဝတဲ့နေရာမှာ အနေကြာခဲ့တဲ့သူအဖို့တော့ ငွေရေးကြေးရေးမခေါင်တောင် စားချင်တဲ့အစားအသောက်တွေတော့ ခေါင်နေဆဲပါပဲ။

ခုထိ ကျွန်တော်တို့ရွာတွေမှာ မိုးတွင်းဆို လမ်းမကောင်းသေးဘူး။ လမ်းမကောင်းတော့ ရာသီအလိုက် သီးနှံထွက်ကုန်တွေက ချက်ချင်းရောင်းမရ။ စားသောက်ကုန်တွေက အချိန်မှီမရောက်။ ရောက်နေတဲ့ စားသောက်ကုန်တွေရဲ့ စျေးတွေက တစ်ပတ်တစ်ခါလိုတက်။

ပြောရရင် ကုန်စျေးနှုန်းတွေကခေါင်ခိုက်နေတာ။ အဲဒီလိုဖြစ်နေတော့ စီးပွားရေးမခေါင်ဘူးလို့ပြောခဲ့တဲ့စကားဟာ တောင်တောင်ခေါင်ခေါင် လျှောက်ပြောမိနေခဲ့သလိုပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ခေါင်ဒေသဖွား ကျွန်တော်တို့တွေကတော့ စီးပွားရေး၊ လူမှုရေးနဲ့ ပညာရေးတွေမခေါင်အောင် ရုန်းကန်လှုပ်ရှား ကြိုးစားခဲ့၊ ကြိုးစားဆဲ၊ ကြိုးစားမြဲပါပဲ။

ဒါပေမယ့် ‘ခေါင်’ ဆိုတဲ့စကားလုံးကိုတော့ မြန်မာအဘိဓာန်မှာ ဘယ်လိုအဓိပ္ပါယ်ဖွင့်ဆိုထားမလဲ ရှာကြည့်ချင်သေးတယ်။

#ဒေါက်တာဝင်း

error: Content is protected !!