Home > သတင်း > တရားဉပဒေစိုးမိုးရေး > ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝပတ်ဝန်းကျင်ပျက်စီးမှု ထိန်းသိမ်းနိုင်ဖို့ ချိန်းဆောနှင့် ဘက်ဟိုးတွေကို ဒေသန္တရအမိန့်ထုတ်ပြန်ထိန်းချုပ်မည်

ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝပတ်ဝန်းကျင်ပျက်စီးမှု ထိန်းသိမ်းနိုင်ဖို့ ချိန်းဆောနှင့် ဘက်ဟိုးတွေကို ဒေသန္တရအမိန့်ထုတ်ပြန်ထိန်းချုပ်မည်

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက ဌာနစုံပါဝင်တဲ့ တိုင်းအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီရဲ့ ၈ ကြိမ်မြောက် အလုပ်ရုံဆွေးနွေးပွဲကို ဇန်နဝါရီလ ၂၉ ရက်နေ့က တိုင်းအစိုးရရုံးမှာ ပြုလုပ်ခဲ့ပါတယ်။ ဒီအစည်းအဝေးမှာ တက်ရောက်လာကြတဲ့ ဌာနဆိုင်ရာအဖွဲ့အစည်းတွေက ကဏ္ဍအလိုက်တာဝန်ယူထားတဲ့အပိုင်းတွေကို ရှင်းလင်းတင်ပြခဲ့ကြပြီး တရားမဝင်သစ်ခိုးထုတ်မှုနှင့် တရားမဝင်သတ္တုတူးဖော်မှုတွေကို ဖြစ်စေတဲ့ ချိန်းဆောနှင့် ဘက်ဟိုးတွေကို ဒေသန္တရအမိန့်နဲ့ ထိန်းချုပ်ရေးအပါအဝင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အချက် ၁၂ ချက်ကို ဆက်လက်ဆောင်ရွက်ဖို့ သဘောတူဆုံးဖြတ်ချက် ချမှတ်ခဲ့တာပါ။

“ပြီးခဲ့တဲ့ သတ္တမအကြိမ်က ချမှတ်ခဲ့တဲ့ အစည်းအဝေးဆုံးဖြတ်ချက်တွေ အကောင်အထည်ဖော်ပြီးစီးမှုတွေကို တင်ပြဆွေးနွေးခဲ့တယ်။ ပြီးရင် တိုင်းအတွင်း ဆက်လက်ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်စုစုပေါင်း ၁၂ ခုကို ဆွေးနွေးဆုံးဖြတ်ချက် ချခဲ့ပါတယ်။ အဲဒီထဲက ကောက်နှုတ်ပြောရရင် တိုင်းအတွင်းဆောင်ရွက်မယ့် မုံရွာမြို့မှာ ဆောင်ရွက်မယ့် အမှိုက်မီးရှို့စက်တည်ဆောက်မယ့် ကိစ္စရပ်တွေ၊ ရွှေလီမြစ်အတွင်းကို သတ္တုတူးဖော်မှုကြောင့် စည်းကမ်းမဲ့ မျောစာတွေ ကျရောက်မှုကိစ္စရပ်တွေ၊ သင်တန်းဖွင့်လှစ်ဖို့ ကိစ္စရပ်တွေ၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကိစ္စရပ်တွေနဲ့ပတ်သက်ပြီးတော့ အစည်းဝေးဆုံးဖြတ်ချက် ၁၂ ချက်ကို ချမှတ်ခဲ့ပါတယ်။”လို့ စစ်ကိုင်းတိုင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်အောင်မိုးက ပြောပါတယ်။

စစ်ကိုင်းတိုင်းအတွင်း မြေပေါ်မြေအောက် သယံဇာတပေါကြွယ်ဝတဲ့အတွက် တရားဝင်ကော၊ တရားမဝင်ပါ သယံဇာတ ထုတ်ယူသုံးစွဲမှုတွေကြောင့် သယံဇာတ ထုတ်ယူတာကနေ သဘာဝပတ်ဝန်းကျင်ပျက်စီးမှုက အဓိကဖြစ်နေတာပါ။ ဒီအတွက် သယံဇာတ ထုတ်ယူရာမှာ အသုံးပြုတဲ့ ချိန်းဆော၊ ဘက်ဟိုးအပါအဝင် စက်ပစ္စည်းကိရိယာတွေကို သက်ဆိုင်ရာမြို့နယ်အလိုက် ဒေသန္တရအမိန့်ထုတ်ပြန်ပြီး ဆောင်ရွက်ဖို့လည်း လိုအပ်နေတာဖြစ်ပါတယ်။

“အရင်သတ္တမအကြိမ်တုန်းက ဆွေးနွေးခဲ့တဲ့ ချိန်းဆောတွေနဲ့ပတ်သက်တဲ့အရာတွေ။ အဲဒါတွေကို ဒေသန္တရအမိန့်ပေါ့ အစိုးရကနေထုတ်ပြန်ပေးဖို့ စစ်ကိုင်းတိုင်းဒေသကြီး ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီကနေ သဘောတူတယ်ပေါ့။ အဓိကကတော့ ဒီဟာတွေကနေ ပတ်ဝန်းကျင်ပျက်စီးမှုကိစ္စရပ်တွေကို အဓိက ဖြစ်နေစေတဲ့ တခြားအကြောင်းအရာတွေပေါ့။ အဲဒီထဲမှာဆို ချိန်းဆောတွေပါတယ်။ သတ္တုတူးဖော်မှုနဲ့ဆက်စပ်တဲ့ဟာမှာက တရားမဝင်ဘက်ဟိုးယန္တရားကိစ္စရပ်တွေပါတယ်။ ဒီအစည်းအဝေးမှာတော့ သီးခြားဆုံးဖြတ်ချက်တစ်ခုအနေနဲ့ တရားမဝင်တဲ့ ယန္တရားတွေ၊ ချိန်းဆောတွေကို အစိုးရက ဒေသန္တရအမိန့်ထုတ်ပြန်တားဆီးဖို့ ဆွေးနွေးနိုင်ခဲ့တယ်။ တက်ရောက်လာသူတွေအားလုံးကလည်း သဘောတူပါတယ်။”လို့ စစ်ကိုင်းတိုင်း MATA ဦးဆောင်ကော်မတီဝင် ဦးငွေလင်းက ပြောပါတယ်။

စစ်ကိုင်းတိုင်းအတွင်း တိုင်းသစ်တောဦးစီးဌာနရဲ့ စာရင်းတွေအရ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း တရားမဝင်သစ်တန်ပေါင်း ၉၄၀၀ နီးပါးဖမ်းဆီးရမိခဲ့သလို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ၃ လတာကာလအတွင်း တရားမဝင်သစ်တန်ပေါင်း ၂၄၀၀ ကျော်ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပစ္စည်းတွေထဲမှာ ချိန်းဆော ၂၆ လက်ပါဝင်ခဲ့ပါတယ်။

တိုင်းသတ္တုတွင်းဦးစီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ ၂၀၁၈ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်ထိ လုပ်ကွက်လျှောက်ထားမှုအနေနဲ့ အသေးစား ၄ ဧကလုပ်ကွက်ပေါင်း ၂၅၇၇ ကွက်၊ လက်လုပ်လက်စား ၂၂၀၀ ရှိပြီး ခွင့်ပြုမိန့်ပေးထားမှုအနေနဲ့ အသေးစား ၄ ဧကလုပ်ကွက်ပေါင်း ၆၉၂ ကွက်၊ လက်လုပ်လက်စားလုပ်ကွက် ၂၉၀ ကွက်ရှိနေပါတယ်။ အစိုးရရဲ့ ၄ နှစ်ခွဲတာကာလထုတ်ပြန်ချက်အရ တရားမဝင်ရွှေ၊ သတ္တု ဖမ်းဆီးရမိမှုအနေနဲ့ အမှုပေါင်း ၃၁၂ မှု၊ လူပေါင်း ၅၁၅ ဦးကို ဖမ်းဆီးတရားစွဲဆိုထားတယ်လို့ သိရပါတယ်။

လွင်မင်း (မျက်မှောက်ခေတ်)

error: Content is protected !!