Home > သတင်း > စီးပွားရေး > ကသာမြို့နယ်အတွင်းက အသေးစားနှင့် လက်လုပ်လက်စား ရွှေလုပ်ကွက်တွေကြောင့် ရွှေလီမြစ်ညစ်ညမ်းမှုဖြစ်ပေါ်နေလို့ အရေးယူပေးဖို့တင်ပြထား

ကသာမြို့နယ်အတွင်းက အသေးစားနှင့် လက်လုပ်လက်စား ရွှေလုပ်ကွက်တွေကြောင့် ရွှေလီမြစ်ညစ်ညမ်းမှုဖြစ်ပေါ်နေလို့ အရေးယူပေးဖို့တင်ပြထား

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ်၊ အင်းကြီးကျေးရွာအနီးတွင် တူးဖော်နေတဲ့ အသေးစားနှင့် လက်လုပ်လက်စားရွှေလုပ်ကွက်တွေကနေ စွန့်ပစ်မျောြမီးတွေကို ရွှေလီမြစ်အတွင်း တိုက်ရိုက်ပစ်ချနေတဲ့အတွက် ရွှေလီမြစ်ညစ်ညမ်းမှုဖြစ်ပေါ်နေတာကြောင့် အစိုးရအနေနဲ့ အရေးယူပေးဖို့ တင်ပြထားတယ်လို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက သိရပါတယ်။ အင်းကြီးဒေသတွင် တိုင်းအစိုးရရဲ့ ခွင့်ပြုချက်နဲ့ လက်လုပ်လက်စားလုပ်ကွက် ၇ ကွက်၊ ၇ ဧက နှင့် အသေးစားလုပ်ကွက် ၄ ကွက်၊ ၁၄ ဧကကျော်တို့ကို ၂၀၁၉၊ ၂၀၂၀ ခုနှစ်တွေမှာ အသေးစားသက်တမ်း ၅ နှစ်၊ လက်လုပ်လက်စားအတွက် ၁ နှစ်သက်တမ်းစီနဲ့ လုပ်ပိုင်ခွင့်ပြုထားတာဖြစ်ပါတယ်။ မြစ်ညစ်ညမ်းမှု ဖြစ်ပေါ်နေတဲ့ အခြေအနေကို တိုင်းသတ္တုတွင်းဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူတွေက ကွင်းဆင်းစစ်ဆေးမှုတွေပြုလုပ်ခဲ့တာပါ။

“ရွှေလုပ်ကွက်တွေကြောင့် ရွှေလီမြစ်ထိခိုက်မှုရှိတယ်ဆိုတာတော့ မျက်မြင်အနေအထားအရ သုံးသပ်လို့ရပါတယ်။ ဒါကိုလည်း ကျွန်တော်တို့က ကွင်းဆင်းပြီးတော့ လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံပြီးတော့ ညွှန်ကြားခဲ့ပြီးဖြစ်ပါတယ်။ အဓိကပြဿနာက ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အစီအမံတွေပေါ့။ IEE ရေးဆွဲဖို့ကိစ္စရပ်တွေပေါ့။ ဒါတွေကို အမြန်ဆုံးရေးဆွဲပြီးဆောင်ရွက်ဖို့ လုပ်ကွက်ချထားရေးကော်မတီကို တင်ပြပြီးတော့ တွန်းအားပေးဆောင်ရွက်သွားမယ်။ လုပ်ငန်းရှင်တွေအနေနဲ့ IEE ရေးဆွဲပြီးတော့ ပတ်ဝန်းကျင်ညစ်ညမ်းမှု လျော့ချနိုင်ဖို့ကို တွန်းအားပေးဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အစီရင်ခံစာကို အစိုးရအဖွဲ့ကို တင်ပြထားပြီး တိုင်းအစိုးရအဖွဲ့က ဆုံးဖြတ်ချက်ချမှာဖြစ်ပါတယ်။”လို့ စစ်ကိုင်းတိုင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်အောင်မိုးက ပြောပါတယ်။

အင်းကြီးဒေသက ရွှေလုပ်ကွက်တွေကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းနေမှုတွေကို ဒေသခံတွေက ဒေသခံကိုယ်စားလှယ်လည်းဖြစ်၊ တိုင်းလွှတ်တော်ဥက္ကဌလည်းဖြစ်တဲ့ ဦးသန်းကို တင်ပြတိုင်တန်းမှုတွေရှိတဲ့အတွက် ဇန်နဝါရီလ ဒုတိယပတ်မှာ အဖွဲ့စုံနဲ့ ကွင်းဆင်းစစ်ဆေးမှုတွေလည်း ပြုလုပ်ခဲ့ပါသေးတယ်။ အခုလိုဖြစ်ရတာတွေက လုပ်ကွက်ချထားရေးအဖွဲ့ရဲ့ ခွင့်ပြုချက်တွေကို အောက်ခြေမြို့နယ်၊ ခရိုင်အဆင့်တွေနှင့် ဒေသခံကိုယ်စားလှယ်တွေကို အကြောင်းကြားမှုမရှိတဲ့အတွက်ဖြစ်ရတာလို့လည်း ကွင်းဆင်းရာမှာပါဝင်ခဲ့တဲ့ ဒေသခံတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။

“ခွင့်ပြုချက်မရှိဘဲနဲ့ တရားမဝင်ရွှေတူးဖော်နေပါတယ်ဆိုပြီးတော့ တိုင်လို့ ကွင်းဆင်းကြတာပေါ့။ အဲဒီမှာ တူးနေတဲ့တွင်းတွေက ခွင့်ပြုချက်ကျပြီးသားတွင်းတွေဖြစ်နေတာ။ တိုင်းက ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးလာလ်ထောင်ထန်းလက်မှတ်နဲ့ပေါ့ ခွင့်ပြုချက်ကျထားတာ။ ဒါတွေကို ကျွန်တော်တို့က ဘာမှမသိရဘူး။ မြို့နယ်လုပ်ကွက်စိစစ်ရေးမှာ မြို့နယ်စီခန့်ဥက္ကဌ၊ လွှတ်တော်ကိုယ်စားလှယ်တို့ပါတယ်။ ဒါတွေမသိရတော့ အချိတ်အဆက်မမိဘူး။ အမှန်တော့ ခွင့်ပြုထားတယ်ဆိုတာကို ခရိုင်၊ မြို့နယ်တွေကို ဖြန့်ဝေပေးရမှာ။ သတ္တုတွင်းကိုသွားမှာ သူတို့ဆီကတောင်းကြည့်မှ သိရတာပေါ့။ ဒါတွေက အထက်နဲ့ အောက်ခြေ မြို့နယ်နဲ့ အချိတ်အဆက်မမိ ကွာဟမှုလေးတွေ ရှိတယ်။ ဒါလေးကိုအစိုးရအဖွဲ့အနေနဲ့ ကြပ်မတ်ဆောင်ရွက်ပေးသင့်တယ်။”လို့ ကသာမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညီညီထွန်းက ပြောပါတယ်။

ဒါ့အပြင် အင်းကြီးဒေသမှာပဲ သဘာဝရွှံ့နွံပျော့အင်းရှိနေပြီး အဲဒီအင်းမှာလည်း ရွှေစမ်းသပ်တူးဖော်ဖို့ လုပ်ဆောင်နေတာတွေရှိနေတဲ့အတွက် အင်းပျက်စီးမှာကိုလည်း ဒေသခံတွေက စိုးရိမ်နေကြပါတယ်။ ဒေသခံတွေမသိဘဲ အင်းကို လုပ်ကွက်ချထားမပေးဖို့ အောက်ခြေအဆင့်ဆင့် သဘောထားတောင်းခံပြီးမှ ဆောင်ရွက်သင့်တယ်လို့လည်း ကိုယ်စားလှယ်က ပြောပါတယ်။

တိုင်းသတ္တုတွင်းဦးစီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ စစ်ကိုင်းတိုင်းအတွင်းမှာ ၂၀၁၈ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်ထိ လုပ်ကွက်လျှောက်ထားမှုအနေနဲ့ အသေးစား ၄ ဧကလုပ်ကွက်ပေါင်း ၂၅၇၇ ကွက်၊ လက်လုပ်လက်စား ၂၂၀၀ ရှိပြီး ခွင့်ပြုမိန့်ပေးထားမှုအနေနဲ့ အသေးစား ၄ ဧကလုပ်ကွက်ပေါင်း ၆၉၂ ကွက်၊ လက်လုပ်လက်စားလုပ်ကွက် ၂၉၀ ကွက်ရှိနေပါတယ်။ အစိုးရရဲ့ ၄ နှစ်ခွဲတာကာလထုတ်ပြန်ချက်အရ တရားမဝင်ရွှေ၊ သတ္တု ဖမ်းဆီးရမိမှုအနေနဲ့ အမှုပေါင်း ၃၁၂ မှု၊ လူပေါင်း ၅၁၅ ဦးကို ဖမ်းဆီးတရားစွဲဆိုထားတယ်လို့ သိရပါတယ်။ စစ်ကိုင်းတိုင်းအတွင်း ပတ်ဝန်းကျင်ညစ်ညမ်းပျက်စီးစေမှုနဲ့ပတ်သက်ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ၊ နည်းဥပဒေအရ အရေးယူမှု မရှိသေးဘူးလို့လည်း သိရပါတယ်။

ဇန်နဝါရီလ ၂၉ ရက်နေ့က တိုင်းအစိုးရရုံးမှာ ပြုလုပ်ခဲ့တဲ့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက ဌာနစုံပါဝင်တဲ့ တိုင်းအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီရဲ့ ၈ ကြိမ်မြောက် အလုပ်ရုံဆွေးနွေးပွဲမှာလည်း အင်းကြီးဒေသက ရွှေတူးဖော်ထုတ်ယူနေမှုကြောင့် ပတ်ဝန်းကျင်ပျက်စီးနေတဲ့ အခြေအနေတွေကို ထည့်သွင်းဆွေးနွေးခဲ့ကြပါသေးတယ်။

လွင်မင်း (မျက်မှောက်ခေတ်)

error: Content is protected !!