Home > သတင်း > စီးပွားရေး > လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကြောင့် မြေယာဆုံးရှုံးသွားတဲ့ တောင်သူတွေထဲက မြေယာလျော်ကြေး မထုတ်သေးသူအချို့ လျော်ကြေးစတင်ထုတ်ယူ

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကြောင့် မြေယာဆုံးရှုံးသွားတဲ့ တောင်သူတွေထဲက မြေယာလျော်ကြေး မထုတ်သေးသူအချို့ လျော်ကြေးစတင်ထုတ်ယူ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကြောင့် မြေယာဆုံးရှုံးခဲ့တဲ့ တောင်သူတွေ များစွာရှိခဲ့သလို ကျေးရွာပြောင်းရွှေ့ရမှုတွေလည်း ရှိခဲ့ပါတယ်။ စီမံကိန်းစတင်စဉ်ကာလကတည်းက တောင်သူတချို့ကတော့ လျော်ကြေးငွေ ထုတ်ယူခဲ့ကြပေမယ့် တချို့တောင်သူတွေကတော့ အစီရင်ခံစာပါအချက်တွေ
လိုက်လျောဆောင်ရွက်တာမရှိလို့ဆိုပြီး မြေယာလျော်ကြေးမယူဘဲ စီမံကိန်းကို နှစ်ပေါင်းများစွာ
အသက်ပေး ကန့်ကွက်နေခဲ့ကြတာပါ။ လက်ရှိမှာတော့ ကျန်နေသေးတဲ့
မြေယာသိမ်းဆည်းခံ တောင်သူတွေရဲ့ တောင်းဆိုချက်တွေထဲက အချက်တချို့ကို
ဒီဇင်ဘာလအတွင်းကျင်းပခဲ့တဲ့ အစိုးရ၊ ကုမ္ပဏီ၊ ဒေသခံ၊ လွှတ်တော်တို့ပါဝင်တဲ့
Joint
Implementation Team -JIT အစည်းအဝေးမှာ ဆွေးနွေးရင်း
ပြေလည်မှုတချို့ ရရှိခဲ့တဲ့အတွက်
ဇန်နဝါရီ ၂၀ ရက်နေ့မှာတော့ တောင်သူတချို့ မြေယာလျော်ကြေးတွေ
စတင်ထုတ်ယူနေပြီဖြစ်ပါတယ်။

 

“လျော်ကြေးထုတ်ဖို့သွားတာတော့ ၇ ဦးပေါ့။ အဲဒီထဲက ၄ ဦးကတော့ ထုတ်ခဲ့တယ်။ ကျန်တဲ့ ၃ ဦးကတော့ မြေယာကွာဟမှုလေးတွေ နည်းနည်းရှိလို့ မထုတ်ဖြစ်ခဲ့ဘူး။ မနက်ဖြန်လည်း ၅ ဦးထပ်ထုတ်ဦးမယ်။ အခက်အခဲတော့မရှိပါဘူး။ မြေယာနည်းနည်း ကွာဟတာလေးတွေတော့ရှိတယ်။ ဒါကိုလည်း သူတို့ဖက်က ပြန်စိစစ်ပေးမယ်ပြောတယ်။ မြို့နယ်ထွေအုပ်ရုံးမှာပဲ ထုတ်ရတာ။ သူတို့သတ်မှတ်ပေးတဲ့အတိုင်း ၁ ဧက ၁၈ သိန်းနှုန်းနဲ့ပေါ့။ အဓိကပြန်ထုတ်ဖြစ်တာကတော့ ပြီးခဲ့တဲ့ရက်ပိုင်းက အစည်းအဝေးမှာ တောင်းဆိုချက်တွေထဲက အချက် ၅ ချက် သဘောတူညီချက်ရခဲ့လို့ ထုတ်ဖြစ်တာပါ။”လို့ မိုးကြိုးပြင်ကျေးရွာက တောင်သူ ဦးကျော်နိုင်က ပြောပါတယ်။

 

မိုးကြိုးပြင်ကျေးရွာက မြေယာလျော်ကြေး မထုတ်ယူသေးတဲ့တောင်သူ ၃၀ ကျော်ရှိနေသေးပါတယ်။ အဲဒီတောင်သူအားလုံးကတော့ လျော်ကြေးငွေကို ထုတ်ယူတော့မှာဖြစ်ပါတယ်။ ကျန်နေသေးတဲ့ ဆည်တည်း၊ ဝက်မှေး စတဲ့ကျေးရွာက တောင်သူ ၁၀၀ ကျော်ကတော့ ကျေးရွာပြောင်းရွှေ့ရေးကိစ္စတွေ ကျန်နေသေးတဲ့အတွက် ဒါတွေပါ ပြေလည်မှုရမှ လျော်ကြေးငွေကို ထုတ်ယူမယ်လို့ သိရပါတယ်။

 

ပြီးခဲ့တဲ့ရက်က အစည်းအဝေးမှာ တောင်သူတွေက အချက် ၉ ချက် တောင်းဆိုခဲ့ပြီး အဲဒီထဲက အချက် ၅ ချက်ဖြစ်တဲ့ (၁) မြေယာလျော်ကြေးထုတ်ယူပြီးတဲ့ တောင်သူတွေထဲက မြေယာပိုင်ဆိုင်မှုအလိုက် တစ်ဦးကနေ သုံးဦးထိ အလုပ်အကိုင်ခန့်ထားပေးရန်၊ (၂) SME လုပ်ငန်းတွေကို မြေယာလျော်ကြေးမယူသေးတဲ့ကျေးရွာနှင့် တောင်သူတွေကို ဦးစားပေး ဆောင်ရွက်ပေးရန်၊ (၃) ဆည်တည်းရွာကို ညောင်ပင်ကြီး-ဆားလင်းကြီးကားလမ်းဘေးမှာ
ပြောင်းရွှေ့နေရာချထားပေးရန်၊ (၄) မြေယာလျော်ကြေးထုတ်ယူခြင်းနှင့် ခြံစည်းရိုးခတ်ခြင်းလုပ်ငန်း ၉၅ ရာခိုင်နှုန်းပြီးစီးရင် မြေယာဆုံးရှုံးတဲ့ တောင်သူတွေကို ၂၀၁၃ ခုနှစ်ကနေ ဒီနေ့ထိ ဘဏ်စာအုပ် တွက်ချက် ထုတ်ပေးရန်၊ (၂) မြေယာလျော်ကြေးထုတ်ယူခြင်းနှင့် ခြံစည်းရိုးခတ်ခြင်းလုပ်ငန်း ၉၅ ရာခိုင်နှုန်းပြီးစီးရင် မြေယာဆုံးရှုံးတဲ့ တောင်သူတွေကို ၂၀၁၃ ခုနှစ် တစ်နှစ်လုံးရဲ့ ပျှမ်းမျှငွေလဲနှုန်းနှင့် ဒုတိယအကြိမ်၊ တတိယအကြိမ် မြေယာလျော်ကြေး ထုတ်ယူတဲ့ နှစ်ရဲ့ ပျှမ်းမျှငွေလဲနှုန်း ကွာခြားချက်နဲ့ တွက်ချက်ထုတ်ပေးရန် စတဲ့အချက်တွေကို သဘောတူညီခဲ့ကြတာ ဖြစ်ပါတယ်။

 

ကုမ္ပဏီနဲ့ ညှိလို့ရတဲ့ အချက် ၅ ချက်ကို တောင်သူတွေကို ပြောတဲ့အခါမှာ တောင်သူတွေကလည်း လက်ခံပါတယ်ပေါ့။ ဒါနဲ့ ပက်သက်လို့ ဝန်ကြီးချုပ်ဆီကိုလည်း တင်ပြတယ်။ ဒါ့ကြောင့်မို့လို့ ကျနော်တို့က အခုကုမ္ပဏီကို မြေယာလျော်ကြေးငွေ ထုတ်ပေးဖို့ရာအတွက် ပြောပြီးကြောင်းကိုလည်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်က ပြောဆိုထားပါတယ်။

 

လက်ရှိမှာ စီမံကိန်းကြောင့် ပြောင်းရွှေ့ရမယ့် ကျေးရွာတွေထဲမှာ ဝက်မှေးရွာက အိမ်ခြေ ၃၀ ခန့်၊ ဆည်တည်းရွာက အိမ်ခြေ ၁၀၀ ခန့် ကျန်ရှိနေပါသေးတယ်။ စီမံကိန်းနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ခဲ့တဲ့ စုံစမ်းစစ်ဆေးရေးအစီရင်ခံစာပါ အချက်တွေကို အခြေခံကာ လိုက်နာအကောင်အထည်ဖော်ရေးအတွက် ဒေသခံတွေရဲ့ ကန့်ကွက်ဆန္ဒပြမှုက စီမံကိန်းစတင်စဉ်ကတည်းကနေ ဒီနေ့ထိ အကြိမ်ရေ ၂၀၀ ထက်မနည်း ရှိခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်နောက်ပိုင်းကနေ စတင်ကာ ဆန္ဒပြမှုတွေက တဖြည်းဖြည်းနဲ့ လျော့နည်းခဲ့တာလည်း ဖြစ်ပါတယ်။

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ခဲ့တဲ့ စုံစမ်းစစ်ဆေးရေးအစီရင်ခံစာအရ ကြေးနီစီမံကိန်းဧရိယာအဖြစ် ဧကပေါင်း ၇၈၆၀ ကျော်ရှိခဲ့ပြီး အဲဒီထဲမှာ လယ်ယာမြေ ၅ ထောင်ကျော်ပါဝင်ခဲ့တာပါ။ အစီရင်ခံစာမတိုင်ခင်က နိုင်ငံတော်က အကျိုးအမြတ်အနေနဲ့ ပမာဏအနည်းငယ်သာ ရခဲ့ပြီး အစီရင်ခံစာနောက်ပိုင်းမှာမှ နိုင်ငံတော်က ၅၁
ရာခိုင်နှုန်း ရရှိခဲ့တာလည်းဖြစ်ပါတယ်။

error: Content is protected !!