Home > သတင်း > ဒေသတွင်းသတင်း > ကနီမြို့ရှိ ရွှေမြင်းဖြူတောင် ကမ်းပါးပြိုကျပြီး တောင်ထိပ်က သမိုင်းဝင်စေတီ အက်ကြောင်းများပေါ်

ကနီမြို့ရှိ ရွှေမြင်းဖြူတောင် ကမ်းပါးပြိုကျပြီး တောင်ထိပ်က သမိုင်းဝင်စေတီ အက်ကြောင်းများပေါ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့ရှိ ချင်းတွင်းမြစ်ဘေးက ရွှေမြင်းဖြူတောင်ကမ်းပါးပြိုကျမှု ဇန်နဝါရီလ ၂၀ ရက်နေ့ ဒီနေ့မနက်ပိုင်းက ဖြစ်ပွားခဲ့ပါတယ်။ ကမ်းပါးပြိုကျပြီး တောင်ထိပ်က သမိုင်းဝင်ဘုရားစေတီမှာလဲ အက်ကြောင်းများ ဖြစ်ပေါ်ခဲ့ပါတယ်။ ‌ရွှေမြင်းဖြူတောင် ကမ်းပါးပြိုကျမှုက နှစ်စဉ်ဖြစ်ပေါ်နေတာဖြစ်ပေမယ့်လည်း ဒီတကြိမ်ပြိုကျရာမှာတော့ တောင်ထိပ်က ရှေးဟောင်းသမိုင်းဝင် ရွှေမြင်းဖြူဘုရားစေတီနဲ့ မြစ်ကမ်းပါးဟာ ၁၀ ပေလောက်သာ ‌ကွာဝေးတော့တယ်လို့ သိရပါတယ်။

“တောင်ကမ်းပါးက မြေတွေက ကျစ်လစ်တဲ့ မြေမျိုးမဟုတ်ဘူး။ သဲပွမြေအမျိုးစား ဖြစ်တယ်။ ရေတိုက်စားလို့ ပြိုတာတော့ မဟုတ်ဘူး။ ဒါပေမယ့် တောင်ထိပ်က သမိုင်းဝင်ဘုရားစေတီနဲ့ သိပ်မကွာတော့ ဒေသခံတွေအတွက် စိုးရိမ်စရာဖြစ်တာပေါ့။ ‌ဒီကမ်းပါးကို ကျနော် မကြာခဏပတ်ကြည့်ဖြစ်တယ်။ ကမ်းထိန်းနံရံလုပ်မယ်ဆိုရင် ရိုးရိုးပုံစံမျိုးလုပ်လို့မရဘူး။ တောင်ကလဲ မြင့်တော့ ဗောဓိ ၁၀၀၀ တောင်လို တောင်ကမ်းပါးထိန်းမျိုးလုပ်မယ်ဆို သိန်းပေါင်း သောင်းနဲ့ချီကုန်မှာဖြစ်ပါတယ်။ အဲ့ဒီတော့ ကျွမ်းကျင်တဲ့ ပညာရှင်တွေရော၊ တိုင်းအစိုးရကိုပါ လက်ရှိအခြေနေချပြပြီး ဘတ်ဂျက်ကိစ္စကို ဆွေးနွေးတင်ပြဖို့ အစီစဉ်ရှိပါတယ်။”လို့ ကနီမြို့နယ် တိုင်းဒေသကြီးကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက ပြောပါတယ်။

ဒေသခံတွေအနေနဲ့ ရွှေမြင်းဖြူတောင်ကမ်းပါးကို ကမ်းထိန်းနံရံပြုလုပ်ပေးဖို့ လိုလားနေကြပြီး ကမ်းပါးပြိုကျမှုတွေကြောင့် တောင်ထိပ်က သမိုင်းဝင်ဘုရားစေတီအတွက် စိုးရိမ်မှုတွေရှိနေသလို ကမ်းပါးအနီးမှာ သွားလာဆိုက်ကပ်နေကြတဲ့ ချင်းတွင်းမြစ်ကြောင်းသွား‌ ရေယာဉ်တွေအတွက်လဲ စိုးရိမ်စရာတွေ ရှိနေတာပါ။

“ဒီမနက် ဘုရားစေတီရဲ့ မြောက်ဘက်ကမ်းပါးနေရာက ပြိုကျတာ။ တောင်အမြင့်ကိုလဲ ကျနော်တို့ အတိကျတိုင်းပြီးပြီ။ ပေ ၂၅၀ ကျော်တယ်။ တောင်ထိပ်က ဒီသမိုင်းဝင်စေတီက ကျနော်တို့ တမြို့လုံး အထွဋ်မြတ်ကိုးကွယ်ကြတဲ့ စေတီဖြစ်တယ်။ ကမ်းပါးကလဲ နှစ်တိုင်းပြိုနေတာ။ အဲ့ဒီတော့ ကမ်းပါးချောက်က ‌ဘုရားနဲ့ ဘာမှသိပ်မကွာတော့ဘူး။ နောက်ပြီး ကမ်းပါးအနီးမှာ မြစ်ကို ဟိုဘက်နဲ့ဒီဘက်ဖြတ်‌နေကြတဲ့ ကူးတို့ရေယာဉ်တွေ၊ အမြန်ရေယာဉ်တွေနှင့် ကုန်တင်ရေယာဉ်တွေလဲ ဆိုက်ကပ်တာတွေလဲ ရှိနေတော့ စိုးရိမ်စရာဖြစ်ရတဲ့ အနေထားပါ။ ဒါ့ကြောင့် အစိုးရအဖွဲ့အနေနဲ့ ဒီရွှေမြင်းဖြူတောင်ကမ်းပါးကို‌ ကမ်းထိန်းနံရံ အမြန်ဆုံးတည်ဆောက်ပေးဖို့ ကျနော်တို့ ဒေသခံတွေက လိုလားနေကြတာပါ။” လို့ ကနီမြို့ဒေသခံ ကိုပြည့်အောင်နိုင်က ပြောပါတယ်။

ယနေ့မနက်က အခုလို ကမ်းပါးပြိုကျမှုကြောင့် လူထိခိုက်မှုတွေမရှိပေမယ့်လည်း တောင်ကမ်းပါးထိပ်က ရွှေမြင်းဖြူဘုရားစေတီမှာတော့ လုံးပတ်တော်၊ အုတ်ဖိနပ်တော်နဲ့ ဘုရားဆင်းတုတော်ကြီးရဲ့ နောက်ကျောဘက်၊ ရင်ပြင်တော်တို့မှာ အက်ကြောင်းများ ‌ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။ ကမ်းပြိုတဲ့နေရာကိုတော့ ကနီမြို့နယ်က သက်ဆိုင်ရာဌာနတွေက တာဝန်ရှိသူတွေလာရောက်ကြည့်ရှုခဲ့ပြီး စက်ယန္တားတွေနဲ့ ရှင်းလင်းတာတွေ ပြုလုပ်နေပါတယ်။

ချင်းတွင်းဧရာ

error: Content is protected !!