Home > သတင်း > ကျန်းမာရေး > ဟုမ္မလင်းမြို့ ပြည်သူ့ဆေးရုံမှ ထွက်ပြေးသွားသော ကိုဗစ်ပိုးတွေ့အချုပ်သား ပြန်လည်ဖမ်းမိ

ဟုမ္မလင်းမြို့ ပြည်သူ့ဆေးရုံမှ ထွက်ပြေးသွားသော ကိုဗစ်ပိုးတွေ့အချုပ်သား ပြန်လည်ဖမ်းမိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့ ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေရင်း ထွက်ပြေးသွားတဲ့ ကိုဗစ်ပိုးတွေ့အချုပ်သားကို ဇန်နဝါရီလ ၂၀ ရက်နေ့ ဒီကနေ့ နေ့လည် ၁ နာရီခွဲအချိန်က ဟူနောင်ရွာမှာ ပြန်လည်ဖမ်းမိခဲ့ပါတယ်။ အဲဒီပိုးတွေ့အချုပ်သားက ဟုမ္မလင်းမြို့ပြည်သူ့ဆေးရုံမှ ဆေးကုသမှုခံယူနေရင်း ၈ ရက်မြောက်နေ့မှာ ဇန်နဝါရီလ ၁၈ ရက်နေ့ နံနက်ပိုင်းက ထွက်ပြေးသွားခဲ့တာပါ။

“အဲဒီပိုးတွေ့အချုပ်သားက ဆေးရုံမှာ ၇ ရက်နေပြီးတော့ ၈ ရက်မြောက်နေ့မှာ ထွက်ပြေးသွားခဲ့တာပါ။ အခုသူတို့ ဒီနေ့ နေ့လည်ပိုင်းက ရဲတပ်ဖွဲ့နှင့် ဒေသခံအချို့က ဝိုင်းဝန်းဖမ်းမိခဲ့တာ။ အခုသူ့ကို ဆေးရုံလူနာအဆောင်မှာထားလိုက်တယ်။ ၁၁ ရက်ပြည့်အောင်ထားမယ်။ ဒီကနေ့နှင့် မနက်ဖြန်ဆက်ထားမယ်။ တဘက်ခါဆင်းခွင့်ပေးမှာပါ။ သူထွက်ပြေးသွားတဲ့အချိန်တုန်းက ထိတွေ့သူတွေကို အသွားအလာ ကန့်သတ်ထားမယ်။ အခုလက်ရှိ ကက်သာရွာ အထကကျောင်းမှာ ၁၄ ယောက်ကန့်သတ်ထားတယ်။ ဆက်လက်ရှာနေတယ်။ သူ့ကိုဖမ်းတဲ့သူတွေကိုတော့ မနက်ဖြန်ပိုးစစ်မယ်။”လို့ မြို့နယ်ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းနိုင်ထွန်းက ပြောပါတယ်။

ဟုမ္မလင်းမြို့ ပြည်သူ့ဆေးရုံကနေ ထွက်ပြေးသွားတဲ့ ပိုးတွေ့အချုပ်သားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အရာရှိတစ်ဦးကနေ တရားလိုပြုလုပ်ပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာဥပဒေနဲ့ အရေးယူသွားမှာဖြစ်ပါတယ်။ ထွက်ပြေးသူက ဟုမ္မလင်းမြို့နယ် သဝန်ထွက်ဝကျေးရွာ နေအသက် ၂၇ နှစ်အရွယ် အမျိုးသားတစ်ဦးလဲဖြစ်ပြီး တစ်လင်တစ်ယားဥပဒေနဲ့ အမှုရင်ဆိုင်နေသူဖြစ်ကာ ဖမ်းဆီးချုပ်နှောင်ထားရာကနေ ထွက်ပြေးတဲ့အတွက်လည်း နောက်ထပ် တရားစွဲဆိုခံရဦးမှာဖြစ်ပါတယ်။

ဟုမ္မလင်းမြို့နယ်မှာ ပိုးတွေ့လူနာ ၄၁ ဦးရှိပြီး ဆေးရုံကနေ ဆင်းခွင့်ရသူ ၃၃ ဦးရှိပြီဖြစ်တယ်လို့လည်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က ဒီကနေ့ ညနေပိုင်းက ထုတ်ပြန်ချကိအရ သိရပါတယ်။

ပိုတေး

error: Content is protected !!