Home > သတင်း > ကျန်းမာရေး > ကိုဗစ်ကာလတရားစီရင်အခြေအနေအပေါ် စစ်ကိုင်းတိုင်းလွှတ်တော် တရားဥပဒေစိုးမိုးရေး၊ တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီ ဥက္ကဌ ဒေါ်အမာကြည်နဲ့ တွေ့ဆုံမေးမြန်းချက်။

ကိုဗစ်ကာလတရားစီရင်အခြေအနေအပေါ် စစ်ကိုင်းတိုင်းလွှတ်တော် တရားဥပဒေစိုးမိုးရေး၊ တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီ ဥက္ကဌ ဒေါ်အမာကြည်နဲ့ တွေ့ဆုံမေးမြန်းချက်။

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါပိုးစတင်တွေ့ရှိခဲ့တာ ၉ လတာကြာမြင့်လာပြီဖြစ်ပါတယ်။ ကိုဗစ်ကပ်ရောဂါကြောင့် အသွားအလာကန့်သတ်မှုတွေ၊ ဌာနဆိုင်ရာရုံးတွေ အဝင်အထွက်ကန့်သတ်တာတွေ၊ ကုန်ထုတ်လုပ်ငန်း၊ ဆေးဝါး၊ စားသောက်ကုန်တွေကလွဲလို့ လူစုလူဝေးဖြစ်စေပြီး  ရောဂါကူးစက်နိုင်ခြေများတဲ့ စားသောက်ဆိုင်၊ လဖက်ရည်ဆိုင် စတာတွေကို ကန့်သတ် ပိတ်ပင်ထားပါတယ်။ လက်ရှိမှာ တရားရုံးတွေလည်း ကိုဗစ်ကပ်ရောဂါကြောင့် အရေးကြီးအမှုတွေကလွဲလို့ ရုံးထုတ်တာတွေကို ပိတ်ထားပြီး ရုံးချိန်း ထပ်မံချိန်းဆိုတာတွေကိုပဲ ပြုလုပ်နေပါတယ်။ ဒီအတွက် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးချုပ်နှောင်ခံထားရသူတွေမှာ တရားရုံးမှာ အမှုရင်ဆိုင်နိုင်တဲ့အခွင့်အရေးတွေ ဆုံးရှုံးနေရသလို ရုံးထုတ်မရှိတာအပြင် ထောင်ဝင်စာတွေ့ခွင့်မရလို့ မိသားစုဝင်တွေ၊ ရှေ့နေတွေနဲ့ တွေ့ဆုံခွင့်မရတာ စတဲ့အခြေခံလူ့အခွင့်အရေးတွေလည်း နစ်နာမှုတွေ ဖြစ်ပေါ်နေပါတယ်။ ဒီအခြေအနေတွေနဲ့ပတ်သက်လို့ ဒီမိုကရေစီစံနှုန်းတွေ ဆက်လက်လျော့ကျမသွားရေး၊ ဆုံးရှုံးနစ်နာမှုတွေကို ကုစားပေးနိုင်ရေးတို့အတွက် တရားစီရင်ရေးကိစ္စရပ်တွေကို ဘယ်လိုညှိနှိုင်းဆောင်ရွက်နေတယ်ဆိုတာကို စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် တရားဥပဒေစိုးမိုးရေး၊ တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီဥက္ကဌ ဒေါ်အမာြကည်ကို မျက်မှောက်ခေတ်သတင်းဌာနက သွားရောက်တွေ့ဆုံမေးမြန်းထားပါတယ်။

MMK – ပထမဆုံးအနေနဲ့ တရားဥပဒေစိုးမိုးရေး၊ တရားစီရင်ရေးနှင့် ဥပဒေအရေးဆိုင်ရာကော်မတီအနေနဲ့ ကိုဗစ်ကာလအတွင်းမှာ ဘာတွေလုပ်ဆောင်နေတယ်ဆိုတာလေးကို ပြောပြပေးပါဦးဗျ။

DAMK – တရားဥပဒေစိုးမိုးရေးကော်မတီက လွှတ်တော်ရပ်နားထားတဲ့ အချိန်ဖြစ်တဲ့အတွက်မို့လို့ ကိုယ်စားလှယ်များကလည်း မိမိတို့ရဲ့ မဲဆန္ဒနယ်မြေမှာ ‌ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးတွေ ဆောင်ရွက်ကြရတာဖြစ်တဲ့အတွက်ရော ကိုဗစ် ၁၉ နဲ့ပတ်သက်ပြီးတော့ ကျန်းမာရေးဌာနရဲ့ လမ်းညွှန်ချက်များနဲ့အညီ ကျွန်မတို့ကော်မတီက တွေ့ဆုံနိုင်ခြင်း မရှိပါဘူး။ တွေ့ဆုံနိုင်ခြင်း မရှိတဲ့အတွက်ကြောင့်မို့လို့ ကျွန်မတို့ တရားဥပဒေစိုးမိုးရေးကော်မတီအနေနဲ့ လှုပ်ရှားမှု မရှိတာပေါ့နော်။ အဲဒါလေးတွေပေါ့။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်နဲ့အညီ ဆောင်ရွက်နေရတဲ့အတွက် မို့လို့ပေါ့နော်။

MMK – လက်ရှိမှာ ကိုဗစ်အကြောင်းပြချက်နဲ့ တရားရေးဌာနက တချို့ရေးကြီးအမှုတွေကလွဲရင် တရားစီရင်ရေးတွေ ရပ်နားထားတယ်ပေါ့။ ဒီအတွက် တရားစီရင်ရေးကိစ္စတွေ နှောင့်နှေးကြန့်ကြာမှုတွေ ဖြစ်ပေါ်နေတယ်။ ဒီအပေါ်မှာကော ဘယ်လို မြင်မိပါလဲဗျ။

DAMK – တစ်တိုင်းပြည်လုံးပေါ့နော် ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်နဲ့အညီ ဆောင်ရွက်ကြရတာ ဖြစ်ပါတယ်။ နှောင့်နှေးမှုဆိုတာကတော့ ဌာနရဲ့ စီမံမှုတွေက ကိုဗစ်ရဲ့ လမ်းညွှန်ချက်နဲ့အညီ ဆောင်ရွက်ရတာကြောင့်သာလျှင် ဖြစ်ပါတယ်။ ဌာနကတော့ သူ့ရဲ့အစီအစဉ်နဲ့ ကျန်မားရေးဌာနရဲ့ ညွှန်ကြားချက်နဲ့ အညီ ဆောင်ရွက်လို့သာလျှင် နှောင့်နှေးရခြင်းဖြစ်ပါတယ်။ အမှုတွေရဲ့ ဖြစ်စဉ်တွေကလည်း တစ်ခုချင်း တစ်ခုချင်းက မတူညီပါဘူး။ တရားရေးဌာနကလည်း ကျန်းမာရေးနဲ့အညီ ဆောင်ရွက်နေရလို့သာလျှင် သူတို့အရေးကြီးရင် ကြီးသလို လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်ပေးနေပါတယ်။

MMK – လက်ရှိမှာ တရားရုံးထုတ်တာလည်း မရှိဘူး။ ထောင်ဝင်စာလည်း တွေ့ခွင့်မရဘူး။ ဆိုတော့ အကြောင်းအမျိုးမျိုးနဲ့ ဖမ်းဆီးချုပ်နှောင်ခံထားရသူတွေရဲ့ ရပိုင်ခွင့်တွေ ဆုံးရှုံးနေရတယ်။ အမှုတွေပြီးသင့်ပြတ်သင့်ပေမယ့် မပြီးပြတ်သေးဘူး။ ဒီမိုကရေစီစံနှုန်းတွေ လျော့ကျနေတယ်။ အခြေခံလူ့အခွင့်အရေးတွေ ဆုံးရှုံးနေတယ်။ ဒီအပေါ်မှာကော ဒေသခံလွှတ်တော်ကိုယ်စားလှယ်အနေနဲ့ပဲ ဖြစ်ဖြစ်၊ ရေးရာကော်မတီကိုပဲဖြစ်ဖြစ် တင်ပြတိုင်ကြားလာတာတွေရှိလား။ ဘယ်နှစ်ခုလောက်ရှိလဲဗျ။

DAMK – သူတို့လည်း ဒီကိုဗစ်ကြောင့်မို့သာလျှင် ဒီလိုမျိုး အမှုတွေ ကြန့်ကြာတယ်ဆိုတာမျိုး သူတို့နားလည်ပါတယ်။ နားလည်တဲ့အတွက်ကြောင့်မို့လို့ အဲလိုတော့ ကျွန်မဆီကို လာပြီးတော့ ပြောတာမျိုး မရှိဘူးရှင့်။

MMK – ဟုတ်ကဲ့ပါ။ ရေးရာကော်မတီအနေနဲ့ ပြီးခဲ့တဲ့ သက်တမ်းအတွင်း မဏ္ဍိုင်နှစ်ရပ်ကို ဘယ်လိုထိန်းကျောင်းမှုတွေ လုပ်ဆောင်နိုင်ခဲ့လည်းဆိုတာ အနည်းငယ် ရှင်းပြပေးပါဦးဗျ။

DAMK – ကျွန်မတို့ နယ်တွေလည်း ဆင်းတယ်ပေါ့နော်။ နယ်ဆင်းတယ်ဆိုတာကလည်း ကျွန်မတို့ကော်မတီကို တင်ပြလာတဲ့ အမှုတွေပေါ့နော် အမှုတွေနဲ့ပတ်သက်ပြီးတော့ ကျွန်မတို့လွှတ်တော်ဥက္ကဌကြီးဆီကို တင်ပြရပါတယ်။ တင်ပြပြီး လွှတ်တော်ဥက္ကဌကြီးရဲ့ လမ်းညွှန်ချက်တွေကို ယူရပါတယ်။ လမ်းညွှန်ချက်ယူပြီးတော့ ကျွန်မတို့ နယ်ဆင်းသင့်ရင် နယ်ဆင်းပါတယ်။ နောက် ကျွန်မတို့လွှတ်တော်မှာ ခေါ်ယူတွေ့ဆုံပြီးတော့ မေးမြန်းတာမျိုးတွေလည်း လုပ်ရပါတယ်။ အထူးသဖြင့်တော့ လွှတ်တော်ဥက္ကဌကြီးက ပြည်သူတွေဆိုရင်တော့ ပြည်သူတွေထံအရောက် သွား‌ရောက်ပြီးတော့ သူတို့ရဲ့ တွေ့ကြုံရတဲ့ အခက်အခဲတွေကို မေးမြန်းပြီးတော့ ဆောင်ရွက်ခိုင်းပါတယ်။ ဌာနဆိုင်ရာတွေကိုတော့ လမ်းပန်းအခြေအနေကို ကြည့်ပြီးတော့ မုံရွာက တိုင်းရုံးတွေစိုက်တဲ့ မြို့ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကျွန်မတို့ ဌာနဆိုင်ရာတွေနဲ့ တွေ့ဆုံဖို့ရာလည်း လွယ်ကူတဲ့အတွက်ကြောင့်မို့ ဌာနဆိုင်ရာများကိုတော့ ကျွန်မတို့ လွှတ်တော်မှာ တွေ့ပြီးတော့ အမှုနဲ့ပတ်သက်ပြီးတော့ မေးမြန်းဆွေးနွေးပါတယ်။ ဆွေးနွေးပြီးတော့ လိုအပ်ချက်တွေ ပြည်သူတွေရဲ့ လိုအပ်ချက် အခက်အခဲတွေကို ပေါင်းစပ်ညှိနှိုင်းပြီးတော့ ကျွန်မတို့ ဆောင်ရွက်ပေးခဲ့ပါတယ်။

MMK – တရားစီရင်ရေးနဲ့ပတ်သက်ပြီးတော့ကော ဘယ်လိုများ စောင့်ကြည့်ထိန်းကျောင်းတာတွေ ရှိခဲ့ပါလဲ။

DAMK – ကျွန်မတို့တရားရုံးတွေကိုလည်း အမှုများမြန်ဆန်အောင် သူတို့လည်းပဲ ကြိုးစားပြီးတော့ ဆောင်ရွက်လာကြပါတယ်။ နောက်ပြီးတော့ မုံရွာမှာဆိုရင်လည်း Pilot Code ပေါ့နော်။ Pilot Code အနေနဲ့လည်း သူတို့တွေ စီစဉ်ပြီးတော့ စံပြအနေနဲ့ ဆောင်ရွက်ပါတယ်။ နောက်ပြီးတော့ကျတော့ တရားဥပဒေစိုးမိုးရေးဆိုင်ရာပေါ့နော် အဖွဲ့အစည်းများလည်း ဖွဲ့စည်းပြီးတော့ ပြည်သူတွေရဲ့ လိုအပ်ချက် အခက်အခဲတွေကို ဆောင်ရွက်နိုင်အောင် ဆောင်ရွက်ပေးခဲ့နိုင်ပါတယ်။

MMK – နောက်တခုက ကိုဗစ်ကာလမှာ မဏ္ဍိုင်ကြီး ၃ ရပ်က အပြန်အလှန်ထိန်းကျောင်းမှု အားနည်းသွားတယ်လို့လည်း မြင်တွေ့နေရတယ်။ ကြားထဲမှာလည်း ရွေးကောက်ပွဲကော၊ လွှတ်တော်ရပ်နားထားတာကောဆိုတော့ အပြန်အလှန်ထိန်းကျောင်းမှုတွေက အရင်နဲ့စာရင် အားနည်းသွားတယ်လို့ ပြောဆိုတာတွေရှိတယ်။ ဒီအပေါ်မှာကော ဘာများပြောချင်ပါလဲဗျ။

DAMK – မလျော့နည်းပါဘူး။ လွှတ်တော်က တောင်းဆိုချက်တွေကို အစိုးရက အကောင်အထည်ဖော်ပေးပါတယ်။ ကျွန်မတို့ ကျန်းမာရေးရဲ့ လမ်းညွှန်ချက်နဲ့အညီ ဘက်ဂျက်အတည်ပြုဖို့ဆိုရင်လည်း အရေးပေါ် လွှတ်တော်ကျင်းပပြီးတော့ ဒါတွေကို အတည်ပြုတယ်။ အတည်ပြုတဲ့ဘက်ဂျက်အရလည်း အစိုးရက အကောင်အထည်ဖော်တယ်။ ဌာနဆိုင်ရာတွေ အကောင်အထည်ဖော်ပါတယ်။ ရပ်နားဖို့ လမ်းညွှန်ချက်ရှိတဲ့အခါကျရင် ရပ်နားရတယ်ပေါ့လေ။ သို့သော်လည်း ဘက်ဂျက်တွေအမှီဆောင်ရွက်ရတဲ့ ဌာနဆိုင်ရာတွေလည်း အတတ်နိုင်ဆုံးကြိုးစားပြီး ဆောင်ရွက်ပါတယ်။ အစိုးရကလည်း လွှတ်တော်ရဲ့ တောင်းဆိုချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ပေးပါတယ်။

MMK – တရားစီရင်ရေးနဲ့ပတ်သက်လို့ကော မှန်ကန်မြန်ဆန်တဲ့ တရားစီရင်ရေးဖြစ်ဖို့အတွက် ကိုဗစ်ကာလ ကန့်သတ်ချက်တွေကြားထဲမှာ ဘယ်လိုထိန်းကျောင်းနေပါလဲ။

DAMK – ကျွန်မတို့ကတော့ ထိန်းကျောင်းမှုတွေကို စောစောကပြောသလိုပဲ ရပ်နားမသွားပါဘူး။ ရေးရာကော်မတီတွေကတော့ အသွားအလာကန့်သတ်ချက်တွေရယ်၊ လွှတ်တော်ရပ်နားထားချိန်ရယ်ဆိုတော့ လူချင်းတွေ့ဆုံနိုင်ခြင်းမရှိပေမယ့် တယ်လီဖုန်းနဲ့ ဆက်သွယ်ပြီး ဆောင်ရွက်တာတွေ ရှိပါတယ်။ တရားရေးဌာနကိုလည်း အဲလိုပဲ လိုအပ်ရင် လိုအပ်သလို ဆက်သွယ်ပြီး ဆောင်ရွက်နေပါတယ်။

MMK – ဟုတ်ကဲ့။ ကိုဗစ်ရဲ့ ကန့်သတ်ချက်စည်းကမ်းတွေက ချမှတ်ထားတာအများကြီးပေါ့နော်။ ဆိုတော့ ကိုဗစ်ကန့်သတ်ချက်တွေက အာဏာရှိသူတွေကို အကာအကွယ်ပေးတဲ့သဘောမျိုးများ ဖြစ်နေသလားပေါ့။

DAMK – ကျွန်မတို့ ကိုဗစ်ရဲ့စည်းကမ်းချက်တွေပေါ့နော် ပြည်သူတွေကို ကျန်းမာဖို့ အသက်အန္တရာယ်မဖြစ်အောင် ကျွန်မတို့ အထူးကြိုးစားဆောင်ရွက်တယ်။ သို့သော်လည်း ကျွန်မတို့ တာဝန်ရှိသူတွေကတော့ ကိုဗစ်စည်းကမ်းနဲ့အညီ တွေ့ဆုံတယ်။ ကိုဗစ်စည်းကမ်းနဲ့အညီ ပြည်သူတွေကို ဘာတွေဆောင်ရွက်ပေးမယ်။ ဘယ်လိုတွေ လုပ်ဆောင်ပေးမယ်ဆိုတာတော့ ကျွန်မတို့ သာမန်အချိန်တွေထက်ကို ပိုပြီးတော့ တွေ့ဆုံပြီးတော့ ပိုပြီးတော့ ဆောင်ရွက်ရပါတယ်။ အရင်တုန်းက ကျွန်မတို့အနေနဲ့ အားချိန်နားချိန် နည်းနည်းရတယ်။ အခုဆိုရင် ကျွန်မတို့ နေ့ရောညရော ကိုဗစ်ကာကွယ်ဖို့ရာပေါ့နော် ကျွန်မတို့ပြည်သူတွေ ကာကွယ်ဖို့ရာကို နေ့မအား ညမနား တွေ့ဆုံပြီးတော့ကို ကျွန်မတို့က ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။ ဒီကာကွယ်ဆေးကြီး ပေါ်လာတဲ့အထိပေါ့နော်။ ပြည်သူတွေကိုသာ ကျွန်မတို့က လူစုလူဝေးနဲ့မတွေ့ဖို့၊ ကျန်းမာရေးနဲ့အညီနေဖို့ရာ ကျွန်မတို့က စီစဉ်လည်းပေးတယ်။ နေထိုင်ဖို့ရာ တချိန်လုံးနှိုးဆော်တယ်။ သို့သော်ကျွန်မတို့ကတော့ ၄၊ ၅ ဦး ၄၊ ၅ ဦး တကယ့်လိုအပ်တဲ့သူတွေပေါ့နော် လိုအပ်တဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ကတော့ အမြဲတမ်း တွေ့ဆုံပြီးတော့ ကျွန်မတို့ ဒါတွေကို ကြိုးစားပြီး ဆောင်ရွက်နေရတာပါ။

MMK – နောက်ဆုံးတစ်ခုအနေနဲ့ ကိုဗစ်ကာလ မဏ္ဍိုင် ၃ ရပ်ရဲ့ လုပ်ဆောင်ချက်တွေအပေါ် ဘာများဖြည့်စွက်ပြောချင်ပါသေးလဲဗျ။

DAMK – ကျွန်မတို့က ကမ္ဘာနဲ့အဝှမ်းပေါ့နော် ကိုဗစ် ၁၉ ရောဂါကြီးက အခြားသောနိုင်ငံတွေမှာလည်း အသေအပျောက်တွေ များတယ်။ ကျွန်မတို့နိုင်ငံမှာလည်း အခုဒုတိယလှိုင်းအပြင် တတိယလှိုင်းကလည်း ဝင်နေတာဖြစ်တဲ့အတွက်ကြောင့်မို့ ပြည်သူတွေကျန်းမာရေးပေါ့နော် ကျန်းမာဖို့ရာကတော့ အဓိက ကြိုးစားပြီး ဆောင်ရွက်သွားမှာပါ။ ပြည်သူများကလည်း ကျန်းမာရေးရဲ့ လမ်းညွှန်ချက်နဲ့အညီ လိုက်နာဆောင်ရွက်ပေးပါလို့ မေတ္တာရပ်ခံအပ်ပါတယ်။

MMK – ကျေးဇူးတင်ပါတယ်။

(စစ်ကိုင်းတိုင်းအတွင်း လက်ရှိ အမှုရင်ဆိုင်နေတဲ့ အချုပ်သားအရေအတွက်၊ ဘယ်လိုအမှုအခင်းတွေက များတယ်ဆိုတာတွေနဲ့ပတ်သက်လို့ သက်ဆိုင်ရာ ဌာနတွေကို တွေ့ဆုံမေးမြန်းခွင့် မရသေးပါဘူး။)

error: Content is protected !!