Home > သတင်း > ကျန်းမာရေး > ပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှားမှုနဲ့ မုံရွာခရိုင်ဗကသကျောင်းသားခေါင်းဆောင် လင်းသူရကို ဖမ်းဆီးခံထားရတာ ရက်ပေါင်း ၇၀ ကျော်ပြီဖြစ်ပေမယ့် ကိုဗစ်အကြောင်းပြချက်နဲ့ တစ်ကြိမ်မှရုံးမထုတ်သေးတဲ့အပေါ် တရားလွှတ်တော်ရှေ့နေတစ်ဦးနဲ့ တွေ့ဆုံမေးမြန်းချက်။

ပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှားမှုနဲ့ မုံရွာခရိုင်ဗကသကျောင်းသားခေါင်းဆောင် လင်းသူရကို ဖမ်းဆီးခံထားရတာ ရက်ပေါင်း ၇၀ ကျော်ပြီဖြစ်ပေမယ့် ကိုဗစ်အကြောင်းပြချက်နဲ့ တစ်ကြိမ်မှရုံးမထုတ်သေးတဲ့အပေါ် တရားလွှတ်တော်ရှေ့နေတစ်ဦးနဲ့ တွေ့ဆုံမေးမြန်းချက်။

ပြည်တွင်းငြိမ်းချမ်းရေး၊ ရခိုင်ပြည်နယ်မှာ 4G အင်တာနက် ပြန်လည်ဖွင့်ပေးရေး၊ သွေးစွန်းအစိုးရအလိုမရှိ၊ လူသတ်စစ်တပ်အလိုမရှိ၊ ဖမ်းဆီးခံကျောင်းသားတွေ ပြန်လွှတ်ပေးရေး စတဲ့တောင်းဆိုချက်တွေပါဝင်တဲ့ စာရွက်တွေကို လူစည်ကားရာနေရာတွေ၊ အစိုးရဌာနဆိုင်ရာအဆောက်အဦးတွေ၊ တက္ကသိုလ်မုခ်ပေါက်တွေမှာ လိုက်လံကပ်ခဲ့လို့ဆိုပြီး မုံရွာခရိုင်ဗကသကျောင်းသားတွေကို ဝရမ်းထုတ်တာ၊ ဖမ်းဆီးတာတွေ ပြုလုပ်ခဲ့ပါတယ်။ အဲဒီထဲက ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ လင်းသူရကို ကို စက်တင်ဘာလ ၁၇ ရက်နေ့က နေအိမ်မှာ ဖမ်းဆီးခဲ့ပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ မုံရွာမြို့နယ်ရဲတပ်ဖွဲ့မှုး ရဲမှုးကျော်လှိုင်က တရားလိုပြုလုပ်ကာ တရားရုံးမှာ ဦးတိုက်လျှောက် တရားစွဲဆိုခဲ့ပါတယ်။ လင်သူရကိုဖမ်းဆီးခံထားရတာ ရက်ပေါင်း ၇၀ ကျော်လာပြီဖြစ်ပေမယ့် ကိုဗစ်ကပ်ရောဂါ အကြောင်းပြချက်ကြောင့် ဒီနေ့အချိန်ထိ ရုံးထုတ် စစ်ဆေးတာ မရှိသေးသလို မိသားစုဝင်တွေကိုလည်း ထောင်ဝင်စာတွေ့ခွင့်မပေးသေးပါဘူး။ ဒီအတွက် မိသားစုဝင်တွေ၊ လုပ်ဖော်ကိုင်ဖက်တွေက လင်းသူရကို ကို မုံရွာထောင်မှာရှိနေတယ် မရှိနေဘူးဆိုတာ အတိအကျ မသိရတဲ့အပြင် ကျန်းမာရေးအခြေအနေတွေအတွက်လည်း စိုးရိမ်မှုတွေ ရှိနေကြပါတယ်။ လက်ရှိအချိန်ထိ ရုံးထုတ်စစ်ဆေးတာ မရှိသေးတဲ့အပေါ် တရားစီရင်ရေးကိစ္စတွေနဲ့ပတ်သက်ပြီး လင်းသူရကိုရဲ့ ရှေ့နေတစ်ဦးဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးမိုးဇော်ထွန်းကို မျက်မှောက်ခေတ်သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါတယ်။

MMK – လက်ရှိကိုဗစ်ကာလအတွင်းမှာ ကြုံတွေ့နေရတဲ့ တရားစီရင်ရေးအခြေအနေ ဘယ်လိုရှိတယ်ဆိုတာ ပြောပြပေးပါဦးခင်ဗျ။

UMZT – ကိုဗစ်ကာလမှာ တရားရုံးက ရပ်ထားတယ်တော့ မဟုတ်ဘူး။ လူစုလူဝေးမဖြစ်အောင်တော့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်နဲ့အညီတော့ လုပ်နေတာ ရှိတယ်။ တရားရုံးထဲမှာ လူအဝင်အထွက် မရတော့ဘူး။ ရုံးထုတ်တွေတော့ မရှိဘူး။ ရက်ချိန်းတွေကိုတော့ သူတို့ လိုင်းပေါ်ကနေ ကြော်ငြာတယ်။ မုံရွာမြို့နယ်တရားရုံးရဲ့ Facebook Page ကနေ ကြော်ငြာတယ်။ တရားရုံးအဝင်မှာ ရက်ချိန်းကြော်ငြာတာမျိုးတွေတော့ ရှိတယ်။ အမှုတွေကတော့ လုံးဝ မစစ်တော့ဘူး။

MMK – ဟုတ်ကဲ့ခင်ဗျ။ နဂိုကတည်းက တရားစီရင်ရေးအပေါ်မှာ ပွင့်လင်းမြင်သာမှုအားနည်းတာတွေကြောင့် ပြည်သူတွေကြားမှာ ဝေဖန်မှုတွေလည်း ရှိတယ်။ ဆိုတော့ အခုကိုဗစ်ကရော တရားစီရင်ရေးရဲ့ ပွင့်လင်းမြင်သာမှုကို ပိုပြီးတော့ အကာအကွယ်များဖြစ်နေစေသလားပေါ့။ ဒီအပေါ်မှာ သုံးသပ်ပေးပါဦး။

UMZT – ကျွန်တော့်အနေနဲ့တော့ အဲလိုကြီးတော့ မယူဆဘူး။ ဘာလို့လဲဆိုတော့ ဒီကိုဗစ်ကာလကတော့ ဌာနဆိုင်ရာအားလုံး အားလုံးလည်း ထိခိုက်ကြတဲ့ ကိစ္စဖြစ်နေတာပေါ့လေ။ ကျွန်တော်တော့ အဲလိုကြီးတော့ မယူဆဘူး။ ဒါပေမယ့် ဖြစ်စေချင်တာတစ်ခုက ဘာရှိလဲဆိုတော့ ဒီကာလအတွင်းမှာ အာမခံမရမယ့်အမှုတွေကို အာမခံကိစ္စတွေကို ဖြေလျှော့ပြီးတော့ အာမခံတွေကို ဖောဖောသီသီပေးမယ်ဆိုရင်တော့ ထောင်ထဲမှာလည်း လူနည်းသွားနိုင်တယ်။ တရားခံတွေလည်း သူ့မိသားစုတချို့လည်း အပြင်မှာ အမှုကို ရင်ဆိုင်ရမယ်ဆိုရင်တော့ ပိုပြီးတော့ ကောင်းတဲ့ အခြေအနေတစ်ရပ်ဖြစ်နိုင်တယ်လို့တော့ ကျွန်တော်ယူဆပါတယ်။

MMK – အခုလို ကန့်သတ်ပိတ်ပင်မှုတွေ ရှိတဲ့အခါကျတော့ အမှုသည်တွေအနေနဲ့ ဘာတွေ အခက်အခဲကြုံနေရတာ မြင်တွေ့နေရလဲဗျ။

UMZT – လတ်တလောပြဿနာကတော့ဗျာ အာမခံမရတဲ့အမှုတွေပါပဲ။ အာမခံမရတဲ့အမှုတွေနဲ့ သူတို့ရဲ့မိသားစုတွေ တွေ့ခွင့်မရဘူး။ အထဲကလူတွေရဲ့ ကျန်းမာရေးအခြေအနေ သူတို့ မသိရဘူးလို့ ကျွန်တော်တို့ သိရတယ်။ အပြင်ကနေပို့တဲ့ အစားအသောက် လိုအပ်ချက်တိုင်း ပို့နိုင်သလား၊ ရောက်သလား ဒါတွေလည်း သူတို့ မသိရဘူးပေါ့နော်။ အထဲကလူလည်း ဘာတွေလိုအပ်လဲ ဘာလဲ သူတို့ မသိရဘူး။ မတွေ့ရဘူး။ သူတို့အခက်အခဲဖြစ်နေကြတာပေါ့လေ။

MMK – ကိုဗစ်ကာလအတွင်း တရားစီရင်မှုတွေ နှောင့်နှေးကြန့်ကြာမှု မရှိရအောင် ထူးထူးခြားခြား ဘာတွေများ ပြင်ဆင်ဆောင်ရွက်နေတာ တွေ့ရလဲဗျ။ ဘာတွေ စီစဉ်နေလဲ။

UMZT – ရှိတယ်ဗျ။ အဓိက လတ်တလော ကိုဗစ်ဖြစ်တော့ အမှုစစ်နေတဲ့ တရားရုံးတွေ ရပ်ပေးပါ။ နားပေးပါလို့ ကျွန်တော်တို့ ရှေ့နေတွေကပဲ အရေးဆိုခဲ့ကြတာဗျ။ မူလကတော့လေ။ ပထမဆုံးအရေးဆိုတယ်။ အရေးဆိုပြီးနောက်မှာ တရားလွှတ်တော်ချုပ်ကလည်း အမှုစစ်ဆေးခြင်းတွေကိုတော့ ရပ်လိုက်တယ်။ နောက်တခု ဘာတွေ စီစဉ်နေလဲဆိုတော့ ရှေ့နေများကောင်စီရှိတယ်။ ရှေ့နေများကောင်စီက ဆရာများက တရားမမှုတွေမှာကျတော့ သတ်မှတ်ထားတဲ့ အချိန်ကာလအတွင်းမှာ တင်ရတဲ့ အမှုတွေရှိတယ်။ အဲဒါတွေကို အထူးကာလ စည်းကမ်းဉပဒေထွက်ဖို့ဆိုပြီးတော့ တင်ပြမယ်ဆိုပြီးတော့ ဆွေးနွေးတိုင်ပင်နေတာတွေရှိတယ်။ ရန်ကုန်တိုင်းတရားလွှတ်တော်က Live လွှင့်ပြီးတော့ အမိန့်ချတာတွေရှိတယ်။ တရားရုံးအပိုင်းကတော့ ဒီကိုဗစ်ကာလအတွင်းမှာ ပုံမှန်ထက် ထူးခြားတဲ့ ဆောင်ရွက်ချက်တွေ အဲဒါမျိုးတွေလုပ်နေတာတော့ ကျွန်တော်တို့ တွေ့ရပါတယ်။

MMK – ဟုတ်ကဲ့ မုံရွာတရားရုံးအခြေအနေလေးကော ဘယ်လိုရှိပါလဲဗျ။ ပြောပြပေးပါဦး။

UMZT – မုံရွာမှာတော့ အမှုသစ်တင်လို့ရတယ်။ ကာလစည်းကမ်းသက်ကုန်မယ့်အမှုတွေ တင်လို့ရတယ်။ တရားခွင်မှာ အမှုထုတ်စစ်တာတော့ လုံးဝမရှိတော့ဘူး။ ရုံးချိန်းတွေကို အခုနက ကျွန်တော်ပြောသလိုပဲ တရားရုံးရှေ့မှာ စာကပ်တယ်။ မြို့နယ်တရားရုံးရဲ့ Page ကနေ လိုင်းပေါ်မှာ တင်ပေးတယ်။ နောက်တစ်ခုက ကိုဗစ်ကာလအတွင်းမှာ ကူးစက်ရောဂါနဲ့ပတ်သက်တဲ့ အမှုအခင်းမျိုးတွေ ဘာတွေကိုတော့ ဟို ၁၈၈ နဲ့စွဲတာတွေကိုတော့ အပြီးစစ်တယ်။ ပြစ်မှုထင်ရှားစီရင်စရာကိစ္စကိုလည်း အပြီးစစ်နေတာမျိုးတွေတော့ တွေ့ရတယ်။

MMK – တရားစီရင်ရေးစနစ်မှာ နှောင့်နှေးကြန့်ကြာတဲ့အတွက် ပြစ်မှုပြစ်ဒဏ်ထက် ကျော်လွန်ချုပ်နှောင်ခံရတဲ့ အခြေအနေတွေကကော ဘယ်လိုရှိနေပါလဲဗျ။ အခုက ရုံးလည်းမထုတ်ဘူးဆိုတော့လေ။

UMZT – ဒါကတော့ ကြုံနိုင်ခြေများတယ်ပေါ့နော်။ ဥပမာပေါ့ ပြစ်ဒဏ်ပေးလိုက်လို့မှ ၆ လလောက်ပဲ ပြစ်ဒဏ်ကျခံနိုင်စရာရှိတဲ့ တရားခံမျိုးက အခုကိုဗစ်ကာလမှာ ၆ လမကအောင် အချုပ်ခံနေရတာမျိုးတွေလည်း ကြုံနိုင်တယ်။ ဒါမျိုးတွေလည်း အများအပြားတော့ ကြုံနိုင်တာပေါ့။ အဲဒါကြောင့်မို့ ကျွန်တော့်အနေနဲ့ကတော့ အာမခံကိစ္စလေးကို ဖြေလျှော့ပြီးတော့ ဖောဖော်သီသီပေးရင်တော့ အားလုံးအတွက် ကောင်းမယ်လို့ အကြံပြုချင်တာပေါ့ဗျာ။

MMK – ဘယ်လိုအာမခံပေးတာမျိုးကို ဖြေလျှောဖို့ လိုအပ်နေတာလဲဗျ။ ရှင်းပြပေးပါဦး။

UMZT – အာမခံပေးခြင်းဆိုတာကလည်း ရာဇဝတ်ကျင့်ထုံးနဲ့အညီ စဉ်းစားရတဲ့ ကိစ္စပေါ့ဗျာ။ သူ့မှာလည်း ခြွင်းချက်တွေတော့ ရှိတယ်ဗျ။ အဲဒီခြွင်းချက်နဲ့လည်း ညီမယ်။ အထိုက်အလျောက်လည်း ဖြေလျှော့လိုက်မယ်ဆိုရင်တော့ တရားခံတွေ အရင်ဆုံး အပြင်မှာ လွတ်လွတ်လပ်လပ် ဒီအမှုကို ရင်ဆိုင်ရမယ်။ ကိုဗစ်ကလည်း ဘယ်တော့မှ ပြီးမယ်မှန်း မသိဘူးလေ။ အပြင်မှာဆိုရင် သူတို့ ပိုအဆင်ပြေနိုင်တာပေါ့။ သူတို့ရဲ့ မိသားစုလည်း အဆင်ပြေမယ်။ နောက်တစ်ခုက ထောင်ကလည်း သူတို့ကို ချုပ်မထားရတဲ့အတွက် တစ်ယောက်စာရဲ့ တာဝန် သက်သာလိမ့်မယ်ပေါ့။ တရားရုံးအမှုကလည်း မစစ်နိုင်တဲ့အတူတူပေါ့။ အဲလိုမျိုး အာမခံပေးထားပြီးတော့ အပြင်ကနေများ ထုချေခွင့်ရမယ်ဆိုရင်တော့ တရားခံတွေနဲ့ သူတို့ရဲ့ မိသားစုအတွက်တော့ ပိုပြီးတော့ အဆင်ပြေမယ်လို့ ယူဆတာပေါ့လေ။

MMK – ပြစ်မှုပြစ်ဒဏ်ထက် ကျော်လွန်ချုပ်နှောင်ခံရတာတွေနဲ့ပတ်သက်လို့ တရားဥပဒေပိုင်းအရ ဘာတွေ အကာအကွယ်ပေးထားတာရှိလဲ။ ဘယ်သူတွေက တာဝန်ယူတာဝန်ခံပြီးတော့မှ ဖြေရှင်းပေးနေတာတွေ ရှိလဲဗျ။

UMZT – ဥပဒေသဘောအရ ကျွန်တော်တို့က ဖြစ်တတ်တဲ့ သဘောအရသာ ဒီပြစ်မှုမျိုးက ၆ လလောက်ပဲ အပြစ်ပေးနိုင်မယ်။ တစ်နှစ်လောက်ပဲ အပြစ်ပေးနိုင်မယ်လို့ ဖြစ်တတ်တဲ့သဘောအရ ပြောတာပေါ့။ အမှုတစ်မှုကို အမိန့်မချခင်အချိန်အထိ ကျွန်တော်တို့က ဒါကို ပြစ်ဒဏ်ဘယ်လောက်ပဲဖြစ်သင့်တယ်။ ၆ လပဲဖြစ်ရမယ်။ တစ်နှစ်ပဲ ဖြစ်ရမယ်ဆိုတာ ကြိုပြောလို့ ရတဲ့အရာ မဟုတ်ဘူး။ ပြီးကျတော့ ပြစ်ဒဏ်ပေးခြင်းကလည်း တရားရုံးရဲ့ ဆင်ခြင်တုံတရားဆိုတဲ့ ဘောင်ထဲမှာလည်း ပါတော့ ဒီလိုမျိုး အမိန့်မချခင်စပ်ကြားမှာ အချုပ်ခံရခြင်း၊ ပြစ်မှုထင်ရှား စီရင်လိုက်တဲ့အခါမှ ချုပ်ရက်ထက်လျော့ပြီး ပြစ်မှုထင်ရှား စီရင်လိုက်ခြင်းဆိုတာကတော့ တရားစီရင်ရေးအာဏာပေးထားတဲ့ တရားသူကြီးရဲ့ ဆင်ခြင်တုံတရားပဲ။ ဒီအပေါ်မှာတော့ ကျွန်တော်တို့ ဘာမှ ဝေဖန်စရာ မရှိပါဘူး။

MMK – ဟုတ်ကဲ့ အခုလက်ရှိအမှုလုပ်ပေးနေတဲ့ ဗကသကျောင်းသား လင်းသူရကိုရဲ့ အမှုအခင်းအခြေအနေက ဘယ်လိုရှိနေပါလဲဗျ။

UMZT – ကိုဗစ်ကာလဖြစ်တဲ့အတွက် ထောင်က တရားခံတွေ ထုတ်မပေးဘူး။ တရားရုံးကို တရားခံထုတ်မပေးတဲ့အတွက် ကျွန်တော်တို့ အမှုမစစ်ရသေးဘူး။ တစ်ခါ ရုံးချိန်တစ်ချိန်းကို ၂ ပတ်ပြန်ပြန်ချိန်းနေတယ်ပေါ့။ ရက်ချိန်းပဲ လာယူနေရပါတယ်။ ဒါနဲ့ပတ်သက်လို့တော့ ကျွန်တော်တို့ အမှုတွဲ ကူးပေးထားတယ်ဆိုတဲ့ အဆင့်ကလွဲလို့ ဘာမှ မလုပ်ရသေးပါဘူး။

MMK – ရုံးချိန်းတွေ ထပ်ထပ်ပြီး ချိန်းနေတာကော ဘယ်လောက်ရှိသွားပြီလဲ။ သူ့လိုပဲ စာရွက်တွေကပ်လို့ အဖမ်းခံရသူ ၃ ယောက်လည်း ရှိသေးတယ်ပေါ့။ သူတို့ရဲ့ အခြေအနေကကော ဘာများကြားသိရပါလဲဗျ။

UMZT – ရုံးချိန်းက ၃ ချိန်းရှိပြီ။ တရားရုံးထုတ်တဲ့ ရုံးချိန်းပေါ့နော်။ ဖမ်းတဲ့နေ့မပါဘူး။ နောက်ထပ် ရုံးချိန်းကို ဒီဇင်ဘာလ ၁ ရက်နေ့ကို ထပ်ပြီးချိန်းတယ်။ သူနဲ့အတူ ဖမ်းခံရတဲ့ဟာက နောက်ထပ် ၃ ယောက်ရှိသေးတယ်ကြားတယ်။ ဒါကတော့ ကျောင်းသားတွေ မဟုတ်ဘူးကြားတယ်။ ဟို သူနဲ့အမှုတွဲပူးတွဲက နောက်ထပ် နှစ်ယောက်လားမသိဘူး။ သူတို့ကတော့ ဖမ်းမမိဘူးပေါ့။ လင်းသူရကိုတစ်ယောက်ပဲ မိပြီးတော့ လင်းသူရကို တစ်ယောက်ပဲ ဆွဲတင်တာပေါ့လေ။ ကျွန်တော်တို့ကြားရသလောက်ကတော့ ကိုဗစ်ရောဂါရဲ့အခြေအနေကြောင့် ထောင်က သူ့ရဲ့စည်းကမ်းအရပေါ့နော် သူတို့ဆုံးဖြတ်ချက်အရ ထုတ်မပေးတာလို့ သိရတယ်။ ဒီကိစ္စကလည်း အားလုံးပူးပေါင်း အဖြေရှာရမယ့် ကိစ္စပဲ။ နောက်တစ်ခုကတော့ ဒါတွေအပေါ်မှာ ဖြေလျှော့ပြီးတော့ အာမခံရရင်တော့ အကောင်းဆုံးဖြစ်မှာပေါ့လေ။

MMK – ဟုတ်ကဲ့ပါ။ ပြည်တွင်းငြိမ်းချမ်းရေးအတွက် လှုပ်ရှားတောင်းဆိုသူတွေကို အခုလို ဖမ်းဆီးချုပ်နှောင်ထားတဲ့အပေါ်မှာရော ဘာများပြောချင်ပါလဲဗျ။

UMZT – အမှုရဲ့ စစ်ဆေးဆဲကာလမှာတော့ ကျွန်တော်ဘာမှတော့ ကြိုမပြောချင်ပါဘူး။ အမှုစစ်တဲ့အခါမှာ ကြုံတွေ့ရတဲ့အပေါ်မှာတော့ ပြောစရာ ရှိကောင်း ရှိနိုင်ပါတယ်။ လတ်တလောတော့ ပြောစရာ မရှိပါဘူး။

MMK – ကျေးဇူးတင်ပါတယ်။

မြန်မာနိုင်ငံက မုံရွာ၊ မန္တလေး၊ မိတ္ထီလာ၊ စစ်တွေ စတဲ့ ဒေသတွေက ပြည်တွင်းစစ်ရပ်တန့်ရေး၊ ရခိုင်ပြည်နယ်ငြိမ်းချမ်းရေး၊ ဖမ်းဆီးခံကျောင်းသားတွေ လွှတ်ပေးရေး စတဲ့ကိစ္စတွေနဲ့ပတ်သက်လို့ ပုံစံအမျိုးမျိုးနဲ့ လှုပ်ရှားခဲ့ကြတဲ့ တက္ကသိုလ်ကျောင်းသားတွေကို ဝရမ်းထုတ်တာ၊ ဖမ်းဆီးတာ၊ ထောင်ချတာတွေလည်း ရှိနေပါတယ်။ ဖမ်းဆီးခံရသူတွေမှာလည်း မိသားစုဝင်တွေက ကိုဗစ်အကြောင်းပြချက်နဲ့ ထောင်ဝင်စာ တွေ့ခွင့် မရသလို ရုံးထုတ်တာမရှိတဲ့အတွက်လည်း တွေ့ခွင့်မရကြဘူးဖြစ်နေကြပါတယ်။ ကိုဗစ်ကပ်ရောဂါရဲ့ တားမြစ်ဟန့်တားပိတ်ပင်မှုတွေရဲ့ နောက်ကွယ်မှာ အခြေခံလူ့အခွင့်အရေးတွေ၊ ဒီမိုကရေစီစံနှုန်းတွေ၊ လူမှုသဟဇာတဖြစ်မှုတွေ ဆုံးရှုံးနစ်နာနေကြရပါတယ်။ ဒီထက်ပိုမဆုံးရှုံး မနစ်နာရအောင် တာဝန်ရှိသူတွေအနေနဲ့ စီမံဆောင်ရွက်ဖို့လည်း လိုအပ်နေပါတယ်။ ဆုံးရှုံးနစ်နာမှုတွေအတွက် ကုစားမယ့် အစီအစဉ်တွေကိုလည်း‌ ဖော်ဆောင်ပေးဖို့ လိုအပ်နေပါတယ်။

(စစ်ကိုင်းတိုင်းအတွင်း လက်ရှိ အမှုရင်ဆိုင်နေတဲ့ အချုပ်သားအရေအတွက်၊ ဘယ်လိုအမှုအခင်းတွေက များတယ်ဆိုတာတွေနဲ့ပတ်သက်လို့ သက်ဆိုင်ရာ ဌာနတွေကို တွေ့ဆုံမေးမြန်းခွင့် မရသေးပါဘူး။)

error: Content is protected !!