Home > သတင်း > ကျန်းမာရေး > ကိုဗစ်ကာလတရားစီရင်အခြေအနေအပေါ် စစ်ကိုင်းတိုင်း တရားဥပဒေစိုးမိုးရေး၊ တရားမျှတမှုများဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ ခေါင်းဆောင် လူ့စွမ်းအားရင်းအမြစ်ဝန်ကြီး ဦးမိုးကျော်သူနဲ့ တွေ့ဆုံမေးမြန်းချက်။

ကိုဗစ်ကာလတရားစီရင်အခြေအနေအပေါ် စစ်ကိုင်းတိုင်း တရားဥပဒေစိုးမိုးရေး၊ တရားမျှတမှုများဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ ခေါင်းဆောင် လူ့စွမ်းအားရင်းအမြစ်ဝန်ကြီး ဦးမိုးကျော်သူနဲ့ တွေ့ဆုံမေးမြန်းချက်။

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါပိုးစတင်တွေ့ရှိခဲ့တာ ၉ လတာကြာမြင့်လာပြီဖြစ်ပါတယ်။ ကိုဗစ်ကပ်ရောဂါကြောင့် အသွားအလာကန့်သတ်မှုတွေ၊ ဌာနဆိုင်ရာရုံးတွေ အဝင်အထွက်ကန့်သတ်တာတွေ၊ ကုန်ထုတ်လုပ်ငန်း၊ ဆေးဝါး၊ စားသောက်ကုန်တွေကလွဲလို့ လူစုလူဝေးဖြစ်စေပြီး  ရောဂါကူးစက်နိုင်ခြေများတဲ့ စားသောက်ဆိုင်၊ လဖက်ရည်ဆိုင် စတာတွေကို ကန့်သတ် ပိတ်ပင်ထားပါတယ်။ လက်ရှိမှာ တရားရုံးတွေလည်း ကိုဗစ်ကပ်ရောဂါကြောင့် အရေးကြီးအမှုတွေကလွဲလို့ ရုံးထုတ်တာတွေကို ပိတ်ထားပြီး ရုံးချိန်း ထပ်မံချိန်းဆိုတာတွေကိုပဲ ပြုလုပ်နေပါတယ်။ ဒီအတွက် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးချုပ်နှောင်ခံထားရသူတွေမှာ တရားရုံးမှာ အမှုရင်ဆိုင်နိုင်တဲ့အခွင့်အရေးတွေ ဆုံးရှုံးနေရသလို ရုံးထုတ်မရှိတာအပြင် ထောင်ဝင်စာတွေ့ခွင့်မရလို့ မိသားစုဝင်တွေ၊ ရှေ့နေတွေနဲ့ တွေ့ဆုံခွင့်မရတာ စတဲ့အခြေခံလူ့အခွင့်အရေးတွေလည်း နစ်နာမှုတွေ ဖြစ်ပေါ်နေပါတယ်။ ဒီအခြေအနေတွေနဲ့ပတ်သက်လို့ ဒီမိုကရေစီစံနှုန်းတွေ ဆက်လက်လျော့ကျမသွားရေး၊ ဆုံးရှုံးနစ်နာမှုတွေကို ကုစားပေးနိုင်ရေးတို့အတွက် တရားစီရင်ရေးကိစ္စရပ်တွေကို ဘယ်လိုညှိနှိုင်းဆောင်ရွက်နေတယ်ဆိုတာကို စစ်ကိုင်းတိုင်းဒေသကြီး တရားဥပဒေစိုးမိုးရေး၊ တရားမျှတမှုများဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ ခေါင်းဆောင် လူ့စွမ်းအားရင်းအမြစ်ဝန်ကြီး ဦးမိုးကျော်သူကို မျက်မှောက်ခေတ်က သွားရောက်တွေ့ဆုံမေးမြန်းထားပါတယ်။

MMK – ဟုတ်ကဲ့ဝန်ကြီးခင်ဗျ။ လက်ရှိမှာ ကိုဗစ်ကြောင့်ဆိုပြီး တရားရုံးတွေမှာ ရုံးချိန်းတွေရပ်နားထားတယ်။ အမှုတွေပြီးသင့်ပြတ်သင့်ပေမယ့် မပြီးပြတ်သေးဘူး။ တချို့ဆို ၂ လ၊ ၃ လကြာတဲ့အထိ တစ်ကြိမ်မှ ရုံးမထုတ်နိုင်သေးဘူး။ အဲဒီအခြေအနေတွေပေါ်မှာ ဝန်ကြီးဦးဆောင်တဲ့အဖွဲ့အနေနဲ့ ညှိနှိုင်းပေါင်းစပ်မှုတွေ ဘာများ လုပ်ဆောင်နေတာတွေ ရှိနေပါလဲဗျ။

ဝန်ကြီး – ကျွန်တော်တို့ တရားဥပဒေစိုးမိုးရေး၊ တရားမျှတမှုများဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့အနေနဲ့ကတော့ အမှုတွေကို တခုချင်းစီကို Case by case စစ်ဆေးတာမျိုး မရှိပါဘူး။ အခုလက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေတွေကလည်း သက်ဆိုင်ရာ တရားရုံးတွေကနေ စီမံဆောင်ရွက်နေတဲ့ အနေအထားဖြစ်ပါတယ်။ ဒီနေရာမှာ အမှုတွဲတွေ ကြန့်ကြာနေရတဲ့အနေအထားကတော့ ကိုဗစ်ရောဂါကြောင့်ဖြစ်တယ်ဆိုတာ ထင်ရှားပါတယ်။ ဒီလိုမျိုး အမှုတွေကို မြန်မြန်ဆန်ဆန် စစ်ဆေးနိုင်ဖို့အတွက် တစ်ရက်ကို စစ်ဆေးနိုင်မယ့် ပမာဏအပေါ်မှာ ချိန်ဆပြီးတော့ သူတို့ကလည်း လက်ခံရတာဖြစ်တယ်။ လက်ခံတဲ့အခါမှာလည်း Social Distancing ပိုင်းနဲ့အညီ အမှုတွေကို စစ်ဆေးဖို့ လိုအပ်မယ်။ အဲဒီအခါမှာ ဘာဖြစ်လာလည်း ဆိုတော့ အရင်တုန်းက တစ်ရက်ကို ၁၀ မှုစစ်နိုင်ခဲ့တဲ့အခါမှာ ကိုဗစ်ကာလအတွင်းမှာတော့ ၁၀ မှုပြည့်အောင် မစစ်နိုင်တော့ဘူး။ အဲဒီတော့ အမှုရဲ့အလားအလာနဲ့ အခြေအပေါ်မူတည်ပြီးတော့ စစ်ဆေးရတာဖြစ်တဲ့အတွက် ဒီအမှုတွေ ကြန့်ကြာတဲ့အနေအထားမျိုးတွေ ဖြစ်လာတာကို ကျွန်တော်တို့လည်း မြင်တွေ့ရပါတယ်။ အဲဒီတော့ ကျွန်တော်တို့ တရားဥပဒေစိုးမိုးရေး၊ တရားမျှတမှုများဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့အနေနဲ့ကတော့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး လုပ်တဲ့အခါမှာ ဘယ်လိုနည်းလမ်းတွေနဲ့ အမှုတွေကို မြန်မြန်ဆန်ဆန် ဆောင်ရွက်နိုင်မယ်ဆိုတာကိုတော့ တင်ပြဆွေးနွေးဖို့ရာ အစီအစဉ်ရှိပါတယ်။

MMK – လက်ရှိမှာ တရားရုံးထုတ်တာလည်း မရှိဘူး။ ထောင်ဝင်စာလည်း တွေ့ခွင့်မရဘူး။ ဆိုတော့ အကြောင်းအမျိုးမျိုးနဲ့ ဖမ်းဆီးချုပ်နှောင်ခံထားရသူတွေရဲ့ ရပိုင်ခွင့်တွေ ဆုံးရှုံးနေရတယ်။ အခြေခံလူ့အခွင့်အရေးတွေ ဆုံးရှုံးနစ်နာနေရတယ်။ ဒီအတွက် ကုစားမယ့်အစီအစဉ်တွေလုပ်ဖို့ လိုအပ်နေတယ်။ ဝန်ကြီးအမြင်လေးကော ပြောပြပေးပါဦးဗျ။

ဝန်ကြီး – တချို့ ထိန်းသိမ်းခံထားရသူတွေကို တွေ့ဖို့ရာအတွက် နည်းပညာပိုင်းဆိုင်ရာ ဆောင်ရွက်လို့ ရတဲ့ လုပ်ငန်းစဉ်တွေ ရှိပါတယ်။ အဲဒီတော့ တွေ့ခွင့်မရဘူး၊ အချုပ်ခန်း၊ ထောင်တွေမှာ တွေ့ခွင့်မရဘူးဆိုလို့ရှိရင် ကျွန်တော်တို့ ဒါ နည်းပညာနဲ့သုံးပြီးတော့မှ ပြင်ပကနေ စကားပြောခွင့်ပေးမယ်။ နောက်တခါ Video Conferencing လုပ်ပြီးတော့မှ တွေ့ခွင့်ပေးမယ်ဆိုတဲ့ဟာမျိုးတွေကိုတော့ ကျွန်တော်တို့ စီစဉ်မယ်ဆိုရင်တော့ စီစဉ်လို့ ရမှာဖြစ်ပါတယ်။ သို့သော် ဒီဟာတွေကို စီစဉ်မယ်ဆိုလို့ရှိရင် နည်းပညာပိုင်းဆိုင်ရာ ပစ္စည်းတွေ လိုအပ်ချက်တွေ လိုအပ်လာမှာဖြစ်တယ်။ အဲဒီတော့ ဒီဟာတွေအပေါ်မှာလည်း ဘက်ဂျက်တင်ပြီး တောင်းထားတာမရှိဘူး။ အဲဒီတော့ ချက်ချင်း စီစဉ်မယ်ဆိုလို့ရှိရင်လည်း ဒါတွေက ချက်ချင်း ဝယ်လို့ရတဲ့အနေအထားမျိုးလည်း မဟုတ်ဘူး။ နောက်တချက်က နည်းပညာပိုင်းဆိုင်ရာတွေကိုလည်း ဝန်ထမ်းတွေက ကျွမ်းကျင်နေဖို့ လိုအပ်တယ်။ အဲဒီတော့ ဒီဟာတွေကို တဖြည်းဖြည်းချင်း ကျွန်တော်တို့က အချိန်ယူပြီးတော့မှ စီစဉ်ဆောင်ရွက်မယ်ဆိုရင်တော့ ထိန်းသိမ်းခံထားရသူတွေနဲ့ ပြင်ပမှာရှိတဲ့ မိသားစုဝင်တွေ တွေ့ဖို့အခွင့်အရေးတွေ ရနိုင်မယ်။ နောက်တချက်က ကိုဗစ်နဲ့ပတ်သက်ပြီးတော့မှ တရားရေးမဏ္ဍိုင်က စစ်ဆေးနေတဲ့ အနေအထားတွေအပေါ်မှာ ဆက်ပြီးတော့မှ ဘယ်လိုနည်းနဲ့ မြန်မြန်ဆန်ဆန် ဆောင်ရွက်နိုင်ရင် ကောင်းမလဲဆိုတဲ့ဟာတွေအပေါ်မှာ တရားဥပဒေစိုးမိုးရေး၊ တရားမျှတမှုများဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ အစည်းအဝေးရောက်တဲ့အခါမှာ ညှိနှိုင်းစည်းဝေးကြည့်ပါ့မယ်။ အကယ်၍ ညှိနှိုင်းလို့ ရခဲ့သည်ရှိသော် မြန်မြန်ဆန်ဆန်နဲ့ အမှုတွေကို ပြီးဆုံးဖို့ရာ စစ်ဆေးဖို့ရာအတွက် တွန်းအားပေးပြီးတော့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

MMK – ကိုဗစ်ကြောင့် လုပ်ငန်းတွေကြန့်ကြာသလို တချို့ဟာတွေက ပွင့်လင်းမြင်သာမှုမရှိဘူးလို့ ပြောဆိုနေတာတွေလည်း ရှိတယ်။ ဒီကိုဗစ်က အစိုးရရဲ့ လုပ်ဆောင်နေမှုတွေကို အကာအကွယ်တွေ ဖြစ်နေစေသလားပေါ့။ ဒီအပေါ်မှာကော ဘာများပြောချင်ပါလဲ။

ဝန်ကြီး – လက်ရှိအခြေအနေအရ ကိုဗစ်ကြောင့် လုပ်ငန်းဆောင်ရွက်နေရတဲ့ ကိစ္စတွေအပေါ်မှာပွင့်လင်းမြင်သာမှု မရှိဘူး။ လုပ်ငန်းကြန့်ကြာနေတာတွေ ဖြစ်နေတယ်ဆိုတာတွေကတော့ အမှန်ပါပဲ။ ဒါတွေကလည်း ရည်ရွယ်ချက် ရှိရှိနဲ့ ကြန့်ကြာအောင် ဆောင်ရွက်တာလည်း မဟုတ်ဘူး။ နောက်တချက်က ပွင့်လင်းမြင်သာမှု မရှိဘဲနဲ့ ဆောင်ရွက်နေတာလည်း မဟုတ်ဘူး။ ရောဂါပိုးဖြစ်နေတဲ့ အခြေအနေအပေါ်မှာ မူတည်ပြီးတော့မှ ချိန်ဆ ဆောင်ရွက်နေရတာဖြစ်တဲ့အတွက် ဒီပြဿနာတွေက ရင်ဆိုင်ရတာဖြစ်တယ်။ ဟိုတချိန်က ဖြစ်ခဲ့တဲ့အနေအထားတွေ အပေါ်မှာ ဒီကိုဗစ်ကြောင့် ပိုပြီးတော့ ဆိုးလာတာလားဆိုတော့ ကိုဗစ်ကြောင့် ဆိုးလာတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကိုဗစ်ကြောင့် ထိန်းချုပ်ရမယ့်အနေအထားတွေ၊ စီမံဆောင်ရွက်ရမယ့် အနေအထားတွေဟာ ပုံမှန်အနေအထားဆောင်ရွက်သလို ဆောင်ရွက်လို့မရတဲ့အတွက် တချို့ကိစ္စတွေမှာ ကြန့်ကြာတဲ့အနေအထားတွေ ဖြစ်ပေါ်လာတာဖြစ်တယ်။ ဒါဟာ ရောဂါကြောင့် ဖြစ်ပေါ်လာတာဖြစ်တယ်။ လူပုဂ္ဂိုလ်ကနေ ရည်ရွယ်ချက်ရှိရှိနဲ့ ဆောင်ရွက်နေတာ မဟုတ်တဲ့အတွက် ဒီအပေါ်မှာ ကျွန်တော်တို့က သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေနဲ့ တရားရေးမဏ္ဍိုင်က ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတာ မဟုတ်ဘူးလို့ မြင်ပါတယ်။

MMK – ဟုတ်ကဲ့ပါ။ နောက်တခုက ကိုဗစ်ကာလမှာ မဏ္ဍိုင်ကြီး ၃ ရပ်က အပြန်အလှန်ထိန်းကျောင်းမှု အားနည်းသွားတယ်လို့လည်း မြင်တွေ့နေရတယ်။ ကြားထဲမှာလည်း ရွေးကောက်ပွဲကော၊ လွှတ်တော်ရပ်နားထားတာကောဆိုတော့ အပြန်အလှန်ထိန်းကျောင်းမှုတွေက အရင်နဲ့စာရင် အားနည်းသွားတဲ့အပေါ်မှာကော ဘာများပြောချင်ပါလဲဗျ။

ဝန်ကြီး – ကိုဗစ်ကာလမှာ မဏ္ဍိုင်ကြီး ၃ ရပ်က တခုနှင့် တခု အပြန်အလှန်ထိန်းကျောင်းမှု လျော့နည်းလာတယ်ဆိုတာက ရောဂါကြောင့် လျော့နည်းလာတာပဲဖြစ်ပါတယ်။ စနစ်ကြောင့် လျော့နည်းသွားတာမျိုး မဟုတ်ပါဘူး။ လက်ရှိကာလအခြေအနေဟာ ကျွန်တော်တို့ လွှတ်တော်တွေ နားထားတဲ့ ကာလဖြစ်တဲ့အတွက်ကြောင့်မို့ လွှတ်တော်ဖက်က ထိန်းကျောင်းရမယ့် လုပ်ငန်းစဉ်တွေအပေါ်မှာ မေးခွန်းတွေမေးမြန်းခြင်း၊ အဆိုတွေ တင်သွင်းခြင်း ဆောင်ရွက်နိုင်ခြင်း မရှိပါဘူး။ ဒီတော့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ လွှတ်တော်ပြင်ပ လမ်းကြောင်းကနေပြီးတော့မှ ဌာနဆိုင်ရာတွေရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေ နောက်တခါ တရားစီရင်ရေးမဏ္ဍိုင်ရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေအပေါ်မှာ လွှတ်တော်ပြင်ပ နည်းလမ်းနဲ့ ညှိနှိုင်းပေါင်းစပ်ပြီးတော့မှ ဆောင်ရွက်ကြရတာဖြစ်ပါတယ်။ အဲဒီတော့ တချို့မြို့နယ်တွေမှာရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက လုပ်ဆောင်ချက် အားကောင်းတဲ့အခါမှာ သက်ဆိုင်ရာ ဌာနတွေကို Check and balance လုပ်နိုင်ပါတယ်။ ထိန်းကျောင်းနိုင်ပါတယ်။ တချို့တွေကကျတော့ ဒီရောဂါကြောင့် ဖြစ်နေတဲ့အနေအထားပေါ်မှာ ဘယ်လိုထိန်းကျောင်းဆောင်ရွက်ရမယ်ဆိုတာကို ကျွမ်းကျွမ်းကျင်ကျင် နားမလည်လို့ရှိရင်ကတော့ ထိန်းကျောင်းမှုအား လျော့နည်းသွားနိုင်ပါတယ်။ အဲဒီတော့ အဓိကကတော့ လွှတ်တော်ပြင်ပမှာ ရောက်နေတဲ့အချိန် လွှတ်တော်ပြင်ပ ထိန်းကျောင်းခြင်းကို ဆောင်ရွက်ရတာဖြစ်တဲ့အတွက် တချို့နေရာတွေမှာလည်း အုပ်ချုပ်ရေးမဏ္ဍိုင်အပေါ်မှာ ဥပဒေပြုရေးမဏ္ဍိုင်က လွှမ်းမိုးလို့မရတဲ့အတွက် ပူးပေါင်းဆောင်ရွက်ရတဲ့ အနေအထားမျိုးမှာပဲ ပူးပေါင်းဆောင်ရွက်ရတဲ့ အနေအထားဖြစ်တယ်။ အမိန့်ပေးဆောင်ရွက်လို့ရတဲ့ အနေအထားမျိုးလည်း မဟုတ်တဲ့အတွက် ကျွန်တော်တို့ ပြည်သူတွေကတော့ ဒီအပေါ်မှာ တဖက်နဲ့ တဖက် အပြန်အလှန်ထိန်းကျောင်းမှုဟာ အားနည်းတယ်လို့ ယူဆမယ်ဆိုလို့ရှိရင်တော့ ယူဆနိုင်ပါတယ်။ သို့သော ဒါဟာ စနစ်ကို ကျင့်သုံးမှုမှာ လျော့နည်းသွားတာမဟုတ်ဘူး။ ရောဂါကြောင့် ဖြစ်တဲ့အနေအထားမှာပဲ ဒီလိုလျော့နည်းတာကို တွေ့ရပါတယ်။

MMK – ကိုဗစ်က ဖြစ်တာလည်း တစ်နှစ်ပြည့်တော့မယ်။ ဘယ်ချိန်ပျောက်မယ်ဆိုတာလည်း မသိရသေးဘူး။ ကြားထဲမှာလည်း တချို့နေရာတွေမှာ ဒီမိုကရေစီ စံနှုန်းတွေ တဖြည်းဖြည်း လျော့ကျလာတာ တွေ့ရတယ်။ လူ့အခွင့်အရေးတွေ ဆုံးရှုံးတာတွေ တွေ့နေရတယ်။ လူမှုသဟဇာတဖြစ်မှုတွေလည်း လျော့နည်းလာတယ်။ ရှိရင်းစွဲ စံတန်ဖိုးတွေ ဆက်ပြီးလျော့မသွားဖို့ ဘယ်လိုတွေများ စီမံထားသလဲဆိုတာ ပြောပြပေးပါဦးဗျ။

ဝန်ကြီး – ကိုဗစ်-၁၉ ရောဂါကြောင့်မို့ ဒီမိုကရေစီစံနှုန်းတွေ လျော့ကျတယ်ဆိုတဲ့ အကြောင်းတရားက ကျွန်တော်တို့ အခုအချိန်က Pandemic ကာလပါ။ ရောဂါဖြစ်ပွားနေတဲ့ကာလဖြစ်တဲ့ကာလဟာ တစ်နိုင်ငံထဲတောင် မဟုတ်ပါဘူး။ တစ်ကမ္ဘာလုံးမှာဖြစ်နေတဲ့ အနေအထားပါ။ အဲဒီတော့ ဒီလိုအရေးပေါ်ကာလမှာတော့ တချို့စံနှုန်းတွေဟာ လျော့ကျနိုင်ပါတယ်။ အဲဒီတော့ ဒါ တိုက်ပွဲတစ်ခုနဲ့ ယှဉ်ပြီးပြောမယ်ဆိုလို့ရှိရင် စစ်မြေပြင်မှာ တချို့ဟာတွေက စံနှုန်းတွေနဲ့ ကိုက်ညီနိုင်မှာ မဟုတ်ပါဘူး။ စစ်တိုက်နေတာပါ။ ဒီအချိန်ကလည်း ရောဂါကာကွယ်ဖို့ရာအတွက် ရောဂါဖြစ်ပွားနေတဲ့အချိန်မှာ ရောဂါကာကွယ်ဖို့ရာနှင့် ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတဲ့ ကာလဖြစ်တဲ့အတွက် တချို့ လုပ်ထုံးလုပ်နည်း ဥပဒေတွေနဲ့ စံနှုန်းတွေဟာ လျော့ကျသွားနိုင်ပါတယ်။ အဲဒီအတွက်ကြောင့်မို့ ကျွန်တော်တို့က ဒါဟာ ဒီမိုကရေစီစံနှုန်းတွေကို ကျင့်သုံးတာ လျော့ကျစေဖို့ ရည်ရွယ်ပြီး လုပ်တာမဟုတ်ဘူး။ ရောဂါဖြစ်ပွားမှုတွေကို တားဆီးနိုင်ဖို့၊ ထိန်းချုပ်နိုင်ဖို့၊ လျော့ကျနိုင်ဖို့အတွက် ဆောင်ရွက်ရတာဖြစ်တဲ့အတွက် တချို့နေရာတွေမှာ စံနှုန်းလျော့ကျခြင်းဟာ သေချာ ရည်ရွယ်ချက်ရှိရှိ မကျင့်သုံးချင်လို့ လုပ်တာ မဟုတ်ဘဲနဲ့ ရောဂါဖြစ်ပွားမှု အခြေအနေကြောင့်သာ ကျွန်တော်တို့က ဆောင်ရွက်ရတာဖြစ်တဲ့အတွက် ကျွန်တော်တို့အနေနဲ့ ဒီဟာကို နားလည်သဘောပေါက်ဖို့ လိုမယ်လို့ ကျွန်တော်တို့ ပြည်သူတွေကို ပြောပြချင်ပါတယ်။

MMK – ဟုတ်ကဲ့ နောက်ဆုံးတစ်ခုအနေနဲ့ပေါ့လေ တရားစီရင်ရေး နှောင့်နှေးကြန့်ကြာနေတဲ့အပေါ်မှာကော ဘာများဖြည့်စွက်ပြောကြားချင်ပါသေးလဲဗျ။

ဝန်ကြီး – တရားစီရင်ရေးမဏ္ဍိုင်နဲ့ပတ်သက်ပြီးတော့မှ တရားဥပဒေစိုးမိုးရေး၊ တရားမျှတမှုများဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ကနေပြီးတော့မှ တိုင်ပင်ညှိနှိုင်းထားတာတွေ ရှိပါတယ်။ ဒီအပေါ်မှာ မဟာဗျုဟာရေးဆွဲရေးတုန်းကလည်း ဒီကိစ္စတွေကို ထည့်သွင်းဆွေးနွေးခဲ့ဖူးပါတယ်။ အဲဒီတော့ အမှုတွေ ကြန့်ကြာနေရတဲ့ အကြောင်းရင်းတွေကို အခြေခံအကြောင်းတရားတွေကို လေ့လာမယ်။ ပြီးလို့ရှိရင် ဒီအမှုတွေကို မြန်မြန်ဆန်ဆန် ဆောင်ရွက်နိုင်ဖို့အတွက် ဘယ်လိုတွေ စီမံဆောင်ရွက်မယ်ဆိုတာတွေကို မဟာဗျုဟာထဲမှာ ထည့်သွင်းရေးဆွဲထားခဲ့ပြီး ဖြစ်ပါတယ်။ ဒီအပေါ်မှာ ကျွန်တော်တို့က အမြင်သာဆုံးပြောမယ်ဆိုလို့ရှိရင် Pilot Project တွေကို စီမံဆောင်ရွက်မယ်။ အဲဒီတော့ ဘယ်ခရိုင်တွေမှာ Pilot Project အနေနဲ့ အမှုတွေကို မြန်မြန်ဆန်ဆန် ဆောင်ရွက်ဖို့အတွက် CMB စနစ်နဲ့ ဘယ်လိုမျိုး ကျင့်သုံးမယ်ဆိုတာတွေကို စီစဉ်ဆောင်ရွက်နေပြီဖြစ်ပါတယ်။ ဒီဟာတွေကို အကောင်အထည်ဖော်ဖို့အတွက် စီစဉ်ဆောင်ရွက်နေတဲ့ ကြားထဲမှာပဲ ကိုဗစ် ၁၉ ကပ်ရောဂါဘေး ကျရောက်လာခဲ့တဲ့အတွက်ကြောင့်မို့ ဒါတွေကို ဆက်ပြီးဆောင်ရွက်ဖို့ရာအတွက် မြန်မြန်ဆန်ဆန် ဖြစ်မလာဘဲနဲ့ နှောင့်နှေးကြန့်ကြာနေရတာဖြစ်ပါတယ်။ ဒီကာလ ပြီးဆုံးသွားပြီ၊ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ကိုဗစ်ရောဂါကို ထိန်းချုပ်သွားနိုင်ပြီဆိုလို့ရှိရင် အမှုတွေ မြန်မြန်ဆန်ဆန်နဲ့ ပြီးပြတ်အောင် ဆောင်ရွက်ဖို့၊ မှန်မှန်ကန်ကန် ဆောင်ရွက်ဖို့ ဒါတွေကို ဆောင်ရွက်ဖို့ လုပ်ငန်းစဉ်တွေကို မဟာဗျုဟာထဲမှာ ပါတဲ့အတိုင်း ဆက်ပြီးတော့ ဆောင်ရွက်သွားဖို့ အစီအစဉ်တွေ ရှိပါတယ်။

MMK – ကျေးဇူးတင်ပါတယ်။

(စစ်ကိုင်းတိုင်းအတွင်း လက်ရှိ အမှုရင်ဆိုင်နေတဲ့ အချုပ်သားအရေအတွက်၊ ဘယ်လိုအမှုအခင်းတွေက များတယ်ဆိုတာတွေနဲ့ပတ်သက်လို့ သက်ဆိုင်ရာ ဌာနတွေကို တွေ့ဆုံမေးမြန်းခွင့် မရသေးပါဘူး။)

error: Content is protected !!