Home > သတင်း > စစ်ရေး > နာဂဒေသတွင် NSCN-K နှင့် ခွဲထွက်အဖွဲတို့ ထိပ်တိုက်တွေ့ဆုံပြီး ပစ်ခတ်မှုဖြစ်ပွားခဲ့ပေမယ့် စစ်ရှောင်မရှိဘူးလို့ ဒေသခံအမတ်ပြောကြား

နာဂဒေသတွင် NSCN-K နှင့် ခွဲထွက်အဖွဲတို့ ထိပ်တိုက်တွေ့ဆုံပြီး ပစ်ခတ်မှုဖြစ်ပွားခဲ့ပေမယ့် စစ်ရှောင်မရှိဘူးလို့ ဒေသခံအမတ်ပြောကြား

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၆ ရက်နေ့က ထိတွေ့ပစ်ခတ်မှုအနည်းငယ် ဖြစ်ပွားခဲ့ပါတယ်။ ဒီထိတွေ့ပစ်ခတ်မှုနဲ့ပတ်သက်လို့ ထိခိုက်ဒဏ်ရာရရှိသူ မရှိသလို နေရပ်စွန့်ခွာ ထွက်ပြေးရသူလည်း မရှိဘူးလို့ လေရှီးမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်က ပြောပါတယ်။

“စစ်ဖြစ်တာလည်း မဟုတ်ဘူး။ လမ်းမှာ ထိပ်တိုက်တွေ့လို့ ဖြစ်ကြတဲ့ဟာ။ ဟိုလိုကြီး တိုက်ပွဲကြီးဖြစ်တာလည်း မဟုတ်ဘူး။ ဖြစ်တာက ၁၆ ရက်နေ့ ၁ နာရီမှာ ၄၊ ၅ ချက် ပစ်တာပါ။ ထိပ်တိုက်တွေ့လို့ တပ်လှန့်ပြီး မလွှဲသာလို့ ပစ်တဲ့သဘောပဲ။ ပုံကြီးချဲ့နေကြတာ။ တိုက်ပွဲရယ်လည်း မဟုတ်ပါဘူး။ ထိခိုက်ဒဏ်ရာရမှုလည်း မရှိဘူး။ နောက်ထပ် ဆက်ဖြစ်တာလည်း မရှိဘူး။ အဲဒါကြီးကို စစ်ရှောင်လို့ သုံးနေကြတာ။ တခြား ထင်မြင်ယူဆချက်တွေတော့ ဘာမှ မပြောချင်သေးပါဘူး။”လို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရိထင်က ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှုးကြီး ဝင်းတင်စိုးကို မျက်မှောက်ခေတ်က ဆက်သွယ်မေးမြန်းရာမှာတော့ ကက်ဘိနက်အစည်းအဝေး တက်ရောက်နေတဲ့အတွက် လတ်တလော ဖြေကြားနိုင်ခြင်း မရှိသေးဘူးလို့ ပြန်လည်ပြောဆိုခဲ့ပါတယ်။

ထိပ်တိုက်တွေ့မှုက တစ်နာရီဝန်းကျင်ခန့် ကြာမြင့်ခဲ့ပြီး နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ်ပလန် (NSCN-K) နှင့် နိကီ (NIKI) အဖွဲ့တို့ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ နိကီ (NIKI) အဖွဲ့က လွန်ခဲ့တဲ့ ၄ လဝန်းကျင်က NSCN-K အဖွဲ့ကနေ ခွဲထွက်ခဲ့တာဖြစ်ပြီး ဒုတိယကာကွယ်ရေးဦးစီးချုပ်ဟောင်း ဒုတိယဗိုလ်ချုပ်ကြီးနိကီ (NIKI) က ဦးဆောင်နေတာလို့ သိရပါတယ်။ အရင် NSCN-K ရဲ့ ဒုတိယကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး နိကီ (NIKI) အဖွဲ့က အိန္ဒိယဖက်ခြမ်းကနေ မြန်မာပြည်ဖက်အခြမ်းမှာ အခြေစိုက်ဖို့ ကြိုးစားနေတာဖြစ်ပြီး NSCN-K က လက်မခံဘဲ တိုက်တာလို့ ရင်းမြစ်တချို့ရဲ့ သတင်းတွေအရ သိရပါတယ်။ ၂၀၁၉ ခုနှစ်က တိုင်းအဆင့် အပစ်ရပ်သဘောတူထားခဲ့တဲ့ NSCN-K အဖွဲ့က ထိပ်ပိုင်းခေါင်းဆောင်တွေအပါအဝင် ၁၀ ယောက်ခန့် အစိုးရတပ်မတော်ရဲ့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ၂၀၂၀ ခုနှစ်မှာ နိုင်ငံတော်သမ္မတရဲ့ လွတ်ငြိမ်းနဲ့ ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။ ဖမ်းဆီးခံခဲ့ရတဲ့ ခေါင်းဆောင်တွေကိုတော့ NSCN-K အဖွဲ့က ထုတ်ပယ်ခဲ့ပါတယ်။ ပစ်ခတ်မှုဖြစ်ပွားခဲ့တာနဲ့ပတ်သက်လို့ နာဂစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ကို ဆက်သွယ်မေးမြန်းရာမှာတော့ ကျေးရွာ ၂ ရွာက ပြည်သူတွေ တိမ်းရှောင်တာ ရှိခဲ့တယ်လို့ တာဝန်ရှိသူက ပြောပါတယ်။

“ရှောင်လာခဲ့တာက နှစ်ရွာရှိတယ်။ နိကီ (NIKI) အဖွဲ့က ကျကျယ်ခါးဆိုတဲ့ရွာနားမှာ စခန်းထိုင်ထားတာ။ NSCN-K ကဝင်လိုက်တာပေါ့။ လိုက်ရင်းနဲ့ တစ်ဖွဲ့နဲ့တစ်ဖွဲ့ တိုက်ပွဲအကြီးအကျယ်တော့ မဟုတ်ဘူး။ တပ်လှန့်အနေနဲ့ဖြစ်ကြတယ်။ အဲဒါကြောင့် ရွာသားတွေက ထွက်ပြေးကြတာ။ ရွာသားတွေကို မောင်းထုတ်လိုက်တာ။ NSCN-K က မင်းတို့ရှောင်လိုက်တော့။ အခြေအနေမကောင်းရင် တိုက်ပွဲဖြစ်သွားနိုင်တယ်ဆိုပြီး ရွာနှစ်ရွာကို ပြောင်းခိုင်းလိုက်တယ်။ ရှောင်တဲ့ရွာတွေက ကျကျယ်ခါးနှင့် အမိမီ ရွာက ပြောင်းလာတာ။ လူဦးရေအတိအကျတော့ မပြောတတ်ဘူး။ ချယ်ရာရွာကို တိမ်းရှောင်ကြတာ။ နောက်ဆုံးအခြေအနေတော့ မသိရသေးပါဘူး။”လို့ နာဂစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ အတွင်းရေးမှူး ဦးရှမ်းမော်က ပြောပါတယ်။

ဒီလို နာဂအချင်းချင်းဖြစ်တာတော့ အရင်ကလည်း မရှိခဲ့ဖူးဘူးလို့ ဆိုပါတယ်။ ထိတွေ့မှုကိုတော့ နိကီ (NIKI) အဖွဲ့က ခန့်မှန်း အင်အား ၄၀ ဝန်းကျင်နှင့် NSCN-K အဖွဲ့က ခန့်မှန်း အင်အား ၈၀ ဝန်းကျင် ရှိခဲ့တယ်လို့ သိရပါတယ်။ နာဂစာပေနှင့် ယဉ်ကျေးမှုအဖွဲ့အနေနဲ့ စေ့စပ်ညှိနှိုင်းပေးနေတာတွေရှိပြီး လိုက်နာမှုအားနည်းလို့ အခုလိုဖြစ်တာလို့လည်း ဦးရှမ်းမော်က ပြောဆိုခဲ့ပါသေးတယ်။

စစ်ကိုင်းတိုင်းအတွင်းမှာ နာဂလက်နက်ကိုင်အဖွဲ့တွေအပြင် ရှမ်းနီတိုင်းရင်းသား လက်နက်ကိုင်တွေလည်း ရှိနေပါသေးတယ်။ ပြီးခဲ့တဲ့ ဧပြီလ အတွင်းကလည်း ဗန်းမောက်မြို့နယ်မှာ ရှမ်းနီအမျိုးသားတပ်မတော် (SNA) တပ်ဖွဲ့ဝင်တွေနဲ့ နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေတဲ့ အစိုးရတပ်မတော်တို့ မသင်္ကာလို့ ခေါ်ယူရာကနေ ပစ်ခတ်မှုဖြစ်ပွားခဲ့ပါသေးတယ်။ အဲဒီအချိန်တုန်းကလည်း ရှမ်းနီအမျိုးသားတပ်မတော် တပ်ဖွဲ့ဝင်တစ်ယောက် သေဆုံးခဲ့ပြီး တစ်ယောက်ဖမ်းဆီးခံခဲ့ရပါသေးတယ်။ စက်တင်ဘာလကုန်ပိုင်းကလည်း ဟုမ္မလင်းမြို့နယ်မှာ အစိုးရတပ်မတော်နှင့် ရှမ်းနီအမျိုးသားတပ်မတော်တို့အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။ ဒါ့အပြင် တချို့သော လူပုဂ္ဂိုလ်တွေကိုလည်း SNA နဲ့ဆက်စပ်လို့ ဖမ်းဆီးစစ်ဆေးတာ၊ SNA တပ်ဖွဲ့ဝင်တွေ ဖမ်းဆီးတာ တွေလည်း ရှိနေသလို SNA ဖက်ကလည်း ဟုမ္မလင်း၊ ဗန်းမောက် စတဲ့ဒေသတွေက ရွှေမျောတွေမှာ ဆက်ကြေးကောက်ခံတာ၊ ခန္တီးမြို့နယ်အတွင်း မော်တော်တွေဆီကနေ ဆက်ကြေးတောင်းခံတာ စတဲ့ ကိစ္စတွေလည်း ကျယ်ကျယ်လောင်လောင် ကြားသိလာနေရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလဆန်းပိုင်းကလည်း SNA မှ ဒုဗိုလ်အဆင့်ရှိသူအပါအဝင် လူ ၅ ဦးကို လက်နက်ခဲယမ်းတွေနဲ့အတူ ဗန်းမောက်မြို့နယ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးတာတွေ ရှိခဲ့ပါသေးတယ်။

အေးအေးချမ်းချမ်း ရှိနေခဲ့တဲ့ စစ်ကိုင်းတိုင်းအတွင်း အခုလို တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေများလာတဲ့အပေါ်မှာ စိုးရိမ်မှုတွေလည်း ရှိနေကြပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး အရပ်ဖက်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးဖိုရမ် ကော်မတီ (UCCPF) အနေနဲ့တော့ အခုဖြစ်စဉ်တွေအပေါ်မှာ တိုင်းရင်းသားတွေအရဲ့ အသံတွေ နားထောင်ပြီး ဆက်လက်ဆွေးနွေးနိုင်အောင် လုပ်ဆောင်နေတာတွေလည်း ရှိနေပါတယ်။

“ကျွန်တော်တို့ ပြည်ထောင်စုအဆင့်ကော၊ တိုင်းဒေသကြီးအဆင့်ကော လုပ်ငန်းစဉ်တွေ ရေးဆွဲနေတယ်။ တိုင်းနှင့် ပြည်ထောင်စုပေါင်းပြီးတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ NCA ထိုးထားတာတွေကော မထိုးသေးတဲ့အဖွဲ့တွေကော တွေ့တဲ့အစီအစဉ်တွေပေါ့။ NCA ထိုးထားတဲ့အဖွဲ့တွေနဲ့ စဉ်ဆက်မပြတ် တွေ့ဆုံတာတွေ ရှိသလို မထိုးသေးတဲ့အဖွဲ့တွေနဲ့လည်း တွေ့ဆုံပြီး တိုင်းရင်းသားတွေအရဲ့ အသံတွေ နားထောင်ပြီး တစ်စုံတစ်ခု ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲတွေမှာ သယ်ဆောင်ပြီး ဆွေးနွေးနိုင်ဖို့ လုပ်ငန်းစဉ်တွေ ရေးဆွဲနေပါတယ်။”လို့ စစ်ကိုင်းတိုင်း UCCPF Focal Person တစ်ဦးဖြစ်သူ ဦးကျော်မိုးလှိုင်က ပြောပါတယ်။

NLD အစိုးရလက်ထက်မှာလည်း ပြည်တွင်းငြိမ်းချမ်းရေးက ထင်သလောက် ခရီးမပေါက်ဘူးလို့လည်း ပြောဆိုတာတွေရှိပါတယ်။ လက်ရှိမှာလည်း ပြည်တွင်းငြိမ်းချမ်းရေးအတွက် တောင်းဆိုနေတဲ့ ဗကသကျောင်းသားတွေအပါအဝင် တက်ကြွလှုပ်ရှားသူတချို့ ဖမ်းဆီးတရားစွဲဆိုခံထားရတာတွေလည်း ရှိနေပါတယ်။ မကြာသေးခင်က ကျင်းပပြီးစီးခဲ့တဲ့ ပါတီစုံအထွေထွေရွေးကောက်ပွဲမှာလည်း NLD ပါတီက နေရာအများစု အနိုင်ရရှိထားပြီး အစိုးရဖွဲ့နိုင်တဲ့အခြေအနေမှာ ရှိနေပါတယ်။ နောက်အစိုးရသက်တမ်း NLD ဦးဆောင်မယ့်အစိုးရအနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို ဒီထက်မက အောင်မြင်အောင် ဆောင်ရွက်နိုင်ဖို့လည်း ပြည်သူတွေက မျှော်လင့်ထားကြပါတယ်။

By – မျက်မှောက်ခေတ်

error: Content is protected !!