ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်းက နွယ်ချောင်းကို လာမယ့် ၂၀၂၁ ခုနှစ် နှစ်စပိုင်းကစပြီး ဆည်ရေလှောင်တမံ တည်ဆောက်ဖို့ အစိုးရအဖွဲ့က စီစဉ်နေတာပါ။ ဒီစီမံကိန်းက ဟားခါးမြို့မှာ နွေရာသီရောက်တိုင်း နှစ်စဉ်ကြုံတွေ့နေကျ သောက်သုံးရေအခက်အခဲကို ဖြေရှင်းနိုင်စေရေးအတွက် လုပ်ဆောင်တာဖြစ်တယ်လို့ ချင်းပြည်နယ် စည်ပင်ဝန်ကြီးက ပြောပါတယ်။
“ဟားခါးမြို့ပေါ်မှာ နွေရာသီကာလ ရေရှားပါးတာတို့၊ ရေအခက်အခဲဖြစ်တာတို့ နှစ်တိုင်းပြဿနာ တက်တယ်။ ဒီဆည်ဆောက်လိုက်ရင် နောက်တစ်ချိန်မှာ ရေပြသနာကို ဖြေရှင်းနိုင်စေဖို့ ဆောက်လုပ်မှာပါ။ အဓိကတော့ မြို့ရေပေးနိုင်အောင်၊ ရေအသုံးပြုနိုင်အောင် လုပ်တာ။”လို့ ချင်းပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှူလက်မှုဝန်ကြီး ဦးစိုးထက်က ပြောပါတယ်။
ချင်းပြည်နယ်အစိုးရအဖွဲ့က နွယ်ချောင်းဆည်စီမံကိန်းဆောင်ရွက်ဖို့ စီစဉ်နေမူအပေါ် ဒေသခံအချို့က ကန့်ကွက်မှုတွေလည်း ရှိနေတာပါ။
“အဲဒီချောင်းဘေးမှာ ကျွန်မတို့လယ်ကွက်တွေရှိတယ်။ အဲဒီအနားမှာ လယ်လုပ်တဲ့သူတွေ အများကြီးရှိတယ်။ ဘိုးဘွားလက်ထက်ကတည်းက သားစဉ်မျိုးဆက် လယ်တွေကို လုပ်ကိုင်ခဲ့ကြတာပါ။ အခုကျတော့ ဆည်ဆောက်မယ်ဆိုတော့ ကန့်ကွက်တာပေါ့။ မကြိုက်ဘူး။ တကယ်လို့ နွယ်ချောင်းဆည်လုပ်မယ်ဆိုရင်လဲ ပျက်စီးမယ့်ဟာတွေ အများကြီးရှိတယ်။ ၂၀၁၅ တုန်းက ဟားခါးမှာ မြေပြိုမှုဖြစ်ခဲ့တယ်။ အဲလိုမြေပြိုမှာလဲ ဆိုးတယ်။ သူတို့က သောက်သုံးရေအတွက် သုံးမယ်ပြောတယ်။ အခုနွယ်ချောင်းက ရေလဲမရှိဘူး။ မိုးတွင်းမှပဲ ရေပဲရှိတယ်။ နွေရာသီမှာ ရေမရှိဘူး။ ရေသောက်လို့မရဘူး။ အညစ်အကြေးတွေ အများကြီးရှိတယ်။ ဒါကြောင့် ကန့်ကွက်တာပါ။”လို့ လယ်ပိုင်ရှင်ဖြစ်သူ ဒေါ်ပါရ်ဟွေးက ပြောပါတယ်။
နွယ်ချောင်း ဆည်တည်ဆောက်ရေးစီမံကိန်းကို ၂၀၀၈ ခုနှစ်ကတည်းက အကောင်အထည်ဖော်ဖို့ စီစဉ်ခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် မလုပ်ဆောင်ဖြစ်ခဲ့ဘဲ အခုမှ အကောင်အထည်ဖော် ဆောင်ရွက်မှာဖြစ်ပါတယ်။ ဒီစီမံကိန်းကို ၂၀၂၀-၂၀၂၁ ခုနှစ် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေ ကျပ် ၂ ဘီလီယံထည့်ပြီး တည်ဆောက်သွားမှာ ဖြစ်ပါတယ်။
“အခု ၂၀၂၀-၂၀၂၁ ခုနှစ် ပြည်နယ်ဘတ်ဂျက် ငွေကျပ် ၂ ဘီလီယံထည့်ထားတယ်။ မြေပြင်မှာရှိတဲ့ လက်ရှိတောင်သူလယ်သမားတွေနဲ့ ညှိနှိုင်းနေတယ်။ ရေဝပ်ဧရိယာထဲမှာပါမယ့် တောင်သူ ၁၄ ဦးရဲ့ ဧက ၂၄.၉၇ ဧကရှိတယ်။ အဲဒါကိုမြေပြင်မှာ ညှိနှိုင်းဆောင်ရွက်နေတယ်။ ပိုင်ရှင်တွေနဲ့ ကျွန်တော်တို့နဲ့ အစည်းအဝေး ၅ ကြိမ်လောက်လုပ်ပြီးပြီ။ တောင်သူ ၁၀ ယောက်က အစိုးရရဲ့ ဆောင်ရွက်မှုကို လက်ခံတယ်။ ကျန် ၄ ယောက်က သူတို့ရဲ့ဘိုးဘွားလက်ထက်ကတည်းက လုပ်လာတော့ မစွန့်လွှတ်ချင်ကြဘူး။ ကျွန်တော်တို့က မြို့ပြရဲ့ ဖွံဖြိုးမှုအပေါ်နဲ့ မြို့ပြရဲ့ လိုအပ်ချက်အပေါ်မူတည်ပြီး လုပ်ဖို့လိုတယ်ဆိုပြီး ၂၀၀၈ ခုနှစ်က ဒေသခံပြည်သူတွေက တိုင်ပင်ခဲ့ကြတာ။ အခုမှအကောင်အထည်ဖော်တာပေါ့။ လယ်ပိုင်ရှင် ၁၄ ယောက်ထဲက ၁၀ ဦးကလက်ခံတယ်။ ၄ ဦးက ညှိနှိုင်းနေဆဲပါ။ သဘောတူတာနဲ့ လာမယ့် ၂၀၂၁ ခုနှစ် နှစ်စပိုင်း ဇန်နဝါရီလမှာစဖို့ မှန်းထားတယ်။ တောင်သူတွေကိုလဲ မြေယာလျော်ကြေးငွေ ပေးသွားမယ်။”လို့လည်း ဝန်ကြီး ဦးစိုးထက်က ပြောပါတယ်။
နွယ်ချောင်း ဆည်တည်ဆောက်ရေးစီမံကိန်းက ၃ နှစ်ကြာမြင့်မှာဖြစ်ပြီး အဲဒီဆည်တည်ဆောက်ရေးအတွက် ၁၀ ဘီလီယံ ကုန်ကျမှာဖြစ်ပါတယ်။ အဲဒီဆည်တည်ဆောက်ပြီးပါက ဟားခါးမြို့ပေါ်ကို သောက်သုံးရေ ကောင်းကောင်းပေးဝေနိုင်ပြီး မြို့ရဲ့အင်္ဂါရပ်နဲ့ ညီညွတ်တဲ့ မြို့ဖြစ်လာကာ အပန်းဖြေတဲ့ နေရာလည်း ဖြစ်လာသလို ရေရှားပါးမှုကိုလည်း ကာကွယ်နိုင်တဲ့အပြင် ပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးကိုလည်း အထောက်အကူပြုနိုင်မယ်လို့ အာဏာပိုင်တွေကတော့ သုံးသပ်ထားပါတယ်။ဟားခါးမြို့နယ်တွင် အခုတည်ဆောက်ဖို့ စီစဉ်နေတဲ့ ရေလှောင်တမံအပြင် သီမစ်တမံကိုလည်း ဟားခါးမြို့အနီး သီမစ်လွင်ပြင် အထက်နားတွင် တည်ဆောက်ထားပြီးဖြစ်ပါတယ်။
ပိုတေး