Home > သတင်း > ကျန်းမာရေး > မုံရွာမြို့ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေသည့်ကိုဗစ်ပိုးတွေ့အမျိုးသမီး သေဆုံး၊ မုံရွာပိုးတွေ့တွေထဲက ပထမဆုံးသေဆုံးသူဖြစ်

မုံရွာမြို့ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေသည့်ကိုဗစ်ပိုးတွေ့အမျိုးသမီး သေဆုံး၊ မုံရွာပိုးတွေ့တွေထဲက ပထမဆုံးသေဆုံးသူဖြစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ ကုတင် ၅၀၀ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေတဲ့ ကိုဗစ်ပိုးတွေ့ အမျိုးသမီးတစ်ဦး ဒီကနေ့ နံနက် ၄ နာရီခွဲအချိန်က သေဆုံးခဲ့တာဖြစ်ပြီး ရောဂါခံရှိသူဖြစ်တယ်လို့ မုံရွာမြို့နယ် အုပ်ချုပ်ရေးမှူး ဦးခင်မောင်စိုးကပြောပါတယ်။

“သူက ဆေးလိပ်တွေသောက်တယ်ပြောတယ်။ ဆေးလိပ်တွေသောက်တော့ အဆုပ်တွေမကောင်းတော့ဘူးပြောတယ်။ နှလုံးလဲမကောင်းဘူး။ ဆရာဝန်ကြီးက ပြောပြချက်အရ သူကနောက်၅လ၊ ၆လမှာ သူ့ရောဂါနဲ့သူ ဆုံးမယ်လို့ပြောတယ်။ အသက်ကလဲ ၇၂ နှစ်ရှိတယ်။ သူကအဆုပ်လဲမကောင်း၊ နှလုံးလဲမကောင်းတော့ အဲတော့ကိုဗစ်ရောဂါနဲ့ရောသွားတော့ ဒဏ်မခံနိုင်တော့ဘူး။ အဲလိုဖြစ်သွားတာ။ ဒီနေ့ မနက် ၄ နာရီခွဲအချိန်က သေဆုံးခဲ့တာ။”လို့ ဦးခင်မောင်စိုးက ပြောပါတယ်။

သေဆုံးတဲ့အလောင်းကိုတော့ ကျန်းမာရေးအကာအကွယ်ပစ္စည်းတွေနဲ့ ဆားကျင်းသုဿန်မှာ မီးသင်္ဂြိုလ်သွားမယ်လို့လည်း သိရပါတယ်။

“သူနဲ့ထိတွေ့သူက ယင်းမာပင်မှာ နှစ်ယောက်ရှိတယ်။ သူက မုံရွာဆေးရုံကြီးမှာ အသက်ရှုကြပ်၊ ရင်ကြပ်တို့ဖြစ်လို့ ဆေးလာကုတာ။ အဲမှာ မသင်္ကာလို့ Test Kit နဲ့စစ်တော့ ပိုးတွေ့ခဲ့တာ။”လို့လည်း ဆက်ပြောပါတယ်။

အဲဒီပိုးတွေ့လူနာဟာ ယင်းမာပင်မြို့နယ်ကနေ မုံရွာမြို့ပြည်သူ့ဆေးရုံကြီးကို ဆေးကုလာရင်း ကိုဗစ်သံသယကြောင့် နိုဝင်ဘာလ ၂၃ ရက်နေ့က Test kit နဲ့ စစ်ဆေးခဲ့ရာမှာ ကိုဗစ် Positive အဖြေထွက်ခဲ့တာဖြစ်ပါတယ်။ အဲဒီပိုးတွေ့လူနာ ယင်းမာပင်မြို့နယ်ကနေ အသက် ၇၂ အရွယ် အမျိုးသမီးဖြစ်ပြီး ကိုဗစ်ကြောင့် သေဆုံးမှုဟာ မုံရွာမြို့နယ်မှာ ပထမဆုံးဖြစ်ပါတယ်။

မုံရွာမြို့နယ်မှာ ကိုဗစ်အတည်ပြုလူနာ ၄၃ဦးရှိပြီး အဲဒီထဲကနေ ဆေးရုံဆင်းသူ ၃၆ ဦးရှိပြီဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးမှာ မြို့နယ်ပေါင်း ၃၇ မြို့နယ်ရှိတဲ့အထဲက မြို့နယ် ၂၈ မြို့နယ်မှာ ပိုးတွေ့လူနာ ၆၇၅ ဦးရှိပြီး အဲဒီထဲက ဆေးရုံကနေ ဆင်းခွင့်ရသူ ၅၅၈ ဦးရှိတယ်လို့လည်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က နိုဝင်ဘာလ ၂၅ ရက်နေ့က ထုတ်ပြန်ချက်အရ သိရပါတယ်။

ပိုတေး

error: Content is protected !!