Home > သတင်း > စီးပွားရေး > ADB အထောက်အပံ့ဖြင့် ဆောင်ရွက်သည့် ကုန်ထုတ်လမ်းကို ယခုရက်ပိုင်းအတွင်း ပြီးစီးအောင် ဆောင် ရွက်သွားမည်

ADB အထောက်အပံ့ဖြင့် ဆောင်ရွက်သည့် ကုန်ထုတ်လမ်းကို ယခုရက်ပိုင်းအတွင်း ပြီးစီးအောင် ဆောင် ရွက်သွားမည်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်တွင် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) အထောက်အပံ့နဲ့ ဆောင်ရွက်တဲ့ ကျေးလက်ကုန်ထုတ်လမ်းကို အခုရက်ပိုင်းအတွင်း ပြီးစီးအောင် ဆောင်ရွက်သွားမယ်လို့ မုံရွာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနက သိရပါတယ်။ ဒီကျေးလက်ကုန်ထုတ်လမ်းကို ရာသီဥတုနှင့်လိုက်လျောညီထွေဖြစ်စေမယ့် စိုက်ပျိုးစီးပွားရေးလုပ်ငန်းဆိုင်ရာ ကွင်းဆက်စီမံကိန်းအဖြစ် မုံရွာမြို့ နယ်၊ ခိုးသန်းကျေးရွာမှာ ဩဂုတ်လ(၁၀)ရက်နေ့က စတင်အကောင်အထည်ဖော် ဆောင်ရွက်နေတာဖြစ်ပါတယ်။

“မုံရွာမြို့နယ်မှာADB အထောက်အပံ့နဲ့ ဆောင်ရွက်တဲ့ ကုန်ထုတ်လမ်းကို ခိုသန်းကျေးရွာမှာဆိုရင် ယခုနှစ် ဩဂုတ်လမှာ စတင်ခဲ့ပါတယ်။ ခန့်မှန်းခြေပြီးစီးတဲ့အချိန်ကတော့ နိုဝင်ဘာလကုန်မှာ ပြီးစီးဖို့ မှန်းထားပါတယ်။ အခုဟာက ပထမဆုံးအလွှာမြေ (၁) ပေထုကို ရေဖြန်းစက်ကြိတ်တာတွေပြီးသွားပါပြီ၊ ဒုတိယအလွှာကိုလည်း ရေဖြန်းစက်ကြိတ်တာတွေ ပြီးသွားပါပြီ။ အခုနောက်ဆုံး ဂျင်းမြေ (၉) လက်မထုကို ရေဖြန်း၊ စက်ကြိတ်တာတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။ မကြာခင်ရက်ပိုင်းအတွင်းမှာ ပြီးစီးမှာ ဖြစ်ပါတယ်။ လမ်းအပြင် ရေကျော်တစ်ခုလည်းပါပါတယ်။ အဲဒီနေရာက ချောင်းကို ဖြတ်ပြီးတော့ လမ်းဖောက်ရတာဖြစ်တဲ့အတွက် ဘယ်လိုမှ လမ်းလုပ်လို့မရတဲ့အတွက် ရေကျော်လေးထည့်ပေးထားပါတယ်။” လို့ မုံရွာမြို့ နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ယဉ်ယဉ်ချိုက ပြောပါတယ်။

ခိုးသန်းကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းမှာ စုစုပေါင်းအရှည် (၄၃၂၁) ပေ၊ အကျယ် (၁၂) ပေ၊ ဂျင်းထု (၉) လက်မရှိပြီး ကျပ် (၂၂. ၆၉၈)သန်း အကုန်အကျခံတည်ဆောက်ထားတာပါ။ ကျေးလက်ကုန်ထုတ်လမ်းမဖောက်လုပ်ခင်က အဆိုပါလမ်းသည် ဂျိုင့်ခွက်များရှိကာ ခြုံနွယ်ပိတ်ပေါင်းထူထပ်ပြီး မျက် ကွယ်ဖြစ်နေလို့ မတော်တဆ ထိခိုက်မှုတွေလည်း ရှိတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ကုန်ထုတ်လမ်းမဖောက်ခင်က ဘေးက ဂျိုင့်ခွက်တွေ (၂) ပေလောက်ရှိတယ်။ တစ်ချို့နေရာဆို (၃) ပေလော က်အနက်ရှိတယ်။ လှည်းတို့ဘာတို့ ရှောင်ရင်လည်း မလွယ်ဘူး။ ဘေးကလည်း ခြုံနွယ်ပိတ်ပေါင်းတွေက အုံနေတာ၊ ထော်လာဂျီနဲ့ ကြက်သွန်တို့ဘာတို့ သယ်ရတယ်။ မနှစ်ကဆို ခေါင်းချင်းဆိုင်ပြီးတိုက်မိ တာတွေရှိတယ်။ ဆိုင်ကယ်တို့ဘာတို့ သွားလို့ရှိရင်လည်း သဲလမ်းဆိုတော့ နှစ်ယောက်ပိုး စီးဘို့တောင် သိပ်မလွယ်ဘူး။ ခြေချင်သွားရင်ကို ဘေးကခြုံနွယ်ပိတ်ပေါင်းတွေနဲ့ဆိုတော့ အဲဒီကပိုးကောင်ကအစပေါတယ်။ ခြုံတွေကလည်း တစ်နှစ်ကို မိုးဦးတစ်ခါ နောက်ပိုင်းတစ်ခါ ခုတ်ရတယ်။ အဲဒီလိုခုတ်မှဘဲ မောင်းလို့ရတာ။ နို့မိုဆိုရင် ခြုံတွေက တိုး လာတာ။ အခုကျတော့ တော်တော်အဆင်ပြေသွားတာ။” လို့ တောင်သူ ဦးမြင့်ကိုက ပြောပါတယ်။

ခိုသန်းကျေးရွာတွင် ကြက်သွန်သီးနှံကို အများဆုံးစိုက်ပျိုးကာ ကျေးလက်ကုန်ထုတ်လမ်းပြီးစီးပါက ခိုသန်းကျေးရွာရှိ တောင်သူတွေသာမက ဆက်စပ်နေတဲ့ သမန္တာ၊ ကော်လပြကျေးရွာတွေက တောင်သူတွေရဲ့ သီးနှံဧက (၉၅၀) ကျော်ကို အကျိုးပြုမှာဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ ၂၀၂၀ ခုနှစ်၊ ဩဂုတ်လက စတင်ကာ ADB အထောက်အပံ့နဲ့ ကျေးလက်ကုန်ထုတ်လမ်းတွေကို မုံရွာမြို့နယ်အပြင် ရွှေဘိုမြို့နယ်၊ ယင်းမာပင်မြို့နယ်၊ ဆားလင်းကြီးမြို့နယ်တို့မှာလည်း ဆောင်ရွက်နေပါတယ်။

ရိုက်ကူး-အေပီတီ/တင်ဆက်-AKL

error: Content is protected !!