Home > Uncategorized > အရေးကြီးတဲ့ ပြည်သူ့အုပ်ချုပ်ရေး (သို့) တော်လှန်ရေးရဲ့ မှတ်ကျောက်

အရေးကြီးတဲ့ ပြည်သူ့အုပ်ချုပ်ရေး (သို့) တော်လှန်ရေးရဲ့ မှတ်ကျောက်

အရေးကြီးတဲ့ ပြည်သူ့အုပ်ချုပ်ရေး (သို့) တော်လှန်ရေးရဲ့ မှတ်ကျောက်

တက်နေထွန်း

(မျက်မှောက်ခေတ် အတွေးအမြင်)

တော်လှန်ရေးရဲ့ ရလဒ်အဖြစ် လွတ်မြောက်နယ်မြေတွေမှာ ပြည်သူ့အုပ်ချုပ်ရေးတွေအကောင် အထည်ဖော်လာနိုင်ကြပါတယ်။

ကောင်းမွန်တဲ့ ပြည်သူ့အုပ်ချုပ်ရေးကိုဖော်ဆောင်နိုင်တဲ့ ဒေသတွေမှာ ပြည်သူတွေဟာ စစ်ကောင်စီလေကြောင်းရန်ကလွဲလို့ လုံခြုံမှုကိုခံစားကြရပါတယ်။

မညီညွတ်တဲ့ အုပ်ချုပ်ရေး၊ ကိုယ်ကျိုးရှာတဲ့အုပ်ချုပ်ရေးလို ဖြစ်နေတဲ့နေရာမှာတော့ ရာဇဝတ်မှုတွေ ဖြစ်ပွားမှုများပြီး ပြည်သူတွေလုံခြုံမှုကို မခံစားရပါဘူး။ အဓိကကတော့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တွေဟာ ဒေသခံအများစုရဲ့ ထောက်ခံမှု၊ ယုံကြည်မှုရှိရမှာဖြစ်ပါတယ်။

(၁)နေရာယူချင်ကြသူတွေ

ပြည်သူ့အုပ်ချုပ်ရေးမှာ ပြည်သူ့ထောက်ခံမှုထက် ပုဂ္ဂိုလ်ရေးခင်မင်မှုအားကိုး၊ ပါတီအားကိုး၊ ငွေကြေးအားကိုးနဲ့ နေရာယူသူတွေရှိလာရင် ညီညွတ်မှုမရှိဖြစ်ပြီး နောက်ဆက်တွဲပြသနာတွေများပါတယ်။

ပြည်သူတွေရဲ့ အလိုဆန္ဒကိုဆန့်ကျင်ပြီး အထက်ကချပေးတယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေကြောင့် ပြသနာတက်နေတဲ့ နယ်မြေတွေရှိပါတယ်။ ဒီနယ်မြေမှာနေထိုင်ရတဲ့ ပြည်သူတွေအဖို့တော့ အုပ်ချုပ်ရေးရဲ့ ကောင်းကျိုးတွေကို ခံစားရမှုနည်းမှာဖြစ်ပါတယ်။

ပြည်သူ့ထောက်ခံမှုကိုမရတဲ့ အုပ်ချုပ်ရေးအဖွဲ့တွေရှိတဲ့နေရာမှာ ရာဇဝတ်မှုတွေအခြားနေရာတွေထက် ဖြစ်ပွားတတ်ပါတယ်။ မင်းမဲ့စရိုက်ဆန်ဆန်တွေဖြစ်ပွားတတ်ပါတယ်။ ဒီလိုဖြစ်ပွားနေရင် စစ်ကောင် စီနဲ့မခြားတာမို့ တော်လှန်ရေးဟာ အနှစ်သာရမဲ့ပြီး ပေးဆပ်ခဲ့ရတဲ့ အသက်စည်းစိမ်တွေဟာ လည်း အချီးနှီးဖြစ်မှာပါ။

(၂)လောင်းကစားရဲ့ ဒဏ်တွေ

ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်ပြီးတဲ့ နေရာဒေသအချို့မှာ လောင်းကစားဝိုင်းတွေကို သိသိကြီးနဲ့ တရားဝင်လို ခွင့်ပြုထားတာတွေရှိပါတယ်။ လောင်းကစားနဲ့ မူးယစ်ဆေးဝါးဆိုတာ ရာဇဝတ်မှုဖြစ်ပွားရခြင်းရဲ့ အကြောင်းတရားပါ။ ပြည်သူ့မိသားစုတွေကို ဖျက်ဆီးတဲ့ ကိစ္စတွေဖြစ်ပါတယ်။

လောင်းကစားဝိုင်းတွေကနေ ကောက်ခံရရှိတဲ့ငွေကြေးဟာ တော်လှန်ရေး၊ပညာရေး၊ ကျန်းမာရေးအတွက် အသုံးပြုတယ်ဆိုတဲ့ အတွေးအခေါ်မျိုးလောက်သာရှိတယ်ဆိုရင်တော့ ပြောစရာစကားကိုမရှိတော့တာပါ။

ပြည်သူ့မိသားစုဘဝတွေကို ဖျက်ဆီးပြီး လောင်းအစားဒိုင်ချမ်းသာအောင်လုပ်ပေးတဲ့ လောင်းကစားဒိုင်တွေရဲ့ စာရင်းငှားအဆင့်ပါပဲ။ ကိုယ်ခွင့်မပြုရင်လည်း ခိုးလုပ်ကြတာပဲလို့ ပြောလို့မရပါဘူး။ ခိုးလုပ်တာနဲ့ တရားဝင်သဘောကြားမှာအများကြီး ကွာခြားပါတယ်။

(၃)ပြည်သူသာအဓိက

ပြည်သူ့အုပ်ချုပ်ရေးမှာ ပြည်သူတွေပူးပေါင်းပါဝင်ရမှာဖြစ်သလို ကိုယ့်ဒေသက ပြည်သူ့အုပ်ချုပ်ရေး ဘာတွေလုပ်နေတယ်ဆိုတာကိုလည်း စောင့်ကြည့်ဖို့လိုပါတယ်။ အဓိက ကတော့ပြည်သူတွေ ညီညွတ်ကြရမှာဖြစ်ပါတယ်။

အာဏာလုပ်ပိုင်ခွင့်ရှိသူတွေကို တစ်ဦးတည်းတစ်ယောက်တည်းဖြစ်စေ၊ လူနည်းစုနဲ့ဖြစ်စေ ထောက်ပြဝေဖန်ဖို့ ခက်ပါတယ်။ ညီညီညွတ်ညွတ်နဲ့ ထောက်ပြဝေဖန်ကြရမှာဖြစ်ပါတယ်။

ကိုယ့်ရပ်ကိုယ့်ဒေသမှာ ရာဇဝတ်မှုတစ်ခုခုဖြစ်ရင် ကိုယ်နဲ့သက်ဆိုင်တယ်ဆိုတာ သိဖို့လိုအပ်ပါတယ်။ တရားမျှတမှုရဖို့၊ နောက်မဖြစ်ပွားဖို့ ပြည်သူတွေစည်းလုံးကြရပါမယ်။ ကိုယ့်အိမ်ကိုယ်ခြံလုံအောင်ကာပြီး ကင်းစောင့်တာထက် စုပေါင်းပြီး ကာကွယ်တာက ထိရောက်တယ်ဆိုတာ အားလုံးသိပြီးသားဖြစ်ပါတယ်။

(၄)မှန်ကန်တဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေကို ကျေးဇူးတင်တယ်

နေရာတိုင်းမှာ စုန်းပြူးဆိုတာတော့ ရှိစမြဲပါပဲ။ ဒါပေမယ့် မှန်ကန်တဲ့ပုဂ္ဂိုလ်တွေများတဲ့ အုပ်ချုပ်ရေးအဖွဲ့ရှိတဲ့နေရာက ပြည်သူတွေဟာ စိတ်ချမ်းသာ လုံခြုံမှုကို ခံစားကြရပါတယ်။ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဟာလည်း ပြည်သူရဲ့ကြည်ဖြူမှုကိုခံရပြီး အထောက်အပံ့တွေရကြပါတယ်။

ဒါကြောင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဟာ အင်မတန်အရေးကြီးပါတယ်။ သီလ၊ သမာဓိ၊ ပညာ ရှိတဲ့သူတွေ အုပ်ချုပ်ရေးအဖွဲ့မှာပါဝင်နေဖို့က သိပ်အရေးကြီးပါတယ်။

ပြည်သူတွေအနေနဲ့ ဒီသုံးပါးရှိတဲ့သူတွေကို ထောက် ခံတင်မြောက်မှာဖြစ်သလို ကိုယ်ကျိုးရှာတဲ့သူတွေကို ဆန့်ကျင်ကန့်ကွက်ကြပါလိမ့်မယ်။ ဒီလိုမျိုးကိစ္စရပ်တွေဖြစ်လာရင် ပြည်သူ့ဆန္ဒကိူ လိုက်လျောကြရမှာဖြစ်ပါတယ်။

တော်လှန်ရေးကြောင့် ဖြစ်ပေါ်လာတဲ့ လွတ်မြောက်နယ်မြေတွေမှာ ပြည်သူ့အုပ်ချုပ်ရေးဘယ်လောက်ကောင်းမွန်အောင် အကောင်အထည်ဖော်နိုင်သလဲဆိုတာက တော်လှန်ရေးရဲ့ မှတ်ကျောက်တစ်ခုဖြစ်ပါတယ်။ တာဝန်ရှိသူတွေရော၊ ပြည်သူတွေရော အကောင်အထည်ဖော်နိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်။

#တက်နေထွန်း

error: Content is protected !!