ခရမ်းပြာမြင်းရိုင်းကို စီးဖို့ကြိုးစားခြင်း
လွှားအောင်(စစ်ကိုင်း)
(မျက်မှောက်ခေတ် ဆောင်းပါး)
ငယ်ဘ၀ အိပ်မက်များကိုပြန်စဉ်းစားကြည့်မိတိုင်း ရင်ခုန်ဆွတ်ပျံ့ဖွယ်ရာကောင်းလှပါသည်။ ကောင်းကင်လောက်ကျယ်တဲ့ လေဟာနယ်ထဲ တိမ်တွေလို ဖြစ်ချင်ရာပုံစံ ဖြစ်ခွင့်ရှိခဲ့ကြသည်။
ဘယ်နယ်ပယ်မှာ ထူးချွန်ချင်တာလဲ။ ဆရာ၀န်ကြီးလား၊ စာရေးဆရာကြီးလား။ ကျွန်တော်တို့ရဲ့ အိပ်မက်တွေကို ပတ်၀န်းကျင်ကလည်း အတော်လွှမ်းမိုးမှု ရှိခဲ့သည်။
တက္ကသိုလ်နှစ်လည် မဂ္ဂဇင်းတွေဖတ်ကာ တက္က သိုလ်ကျောင်းသားဘ၀ကို စိတ်ကူးယဉ်အိပ်မက် မက်ဖူးသည်။ ထိုတက္ကသိုလ် အိပ်မက်ကတော့ တကယ်ဖြစ်လာခဲ့သည်။
လူငယ်တိုင်းမှာ ငယ်ဘ၀အိပ်မက်ကိုယ်စီ ရှိကြသည်။ ကဗျာစာအုပ် စုထုတ်ဖို့ကစလို့ သီချင်းခွေထုတ်မယ်၊ အောင်မြင်တဲ့ အနုပညာရှင်တယောက်လုပ်မယ်၊ လူတွေကို ကူညီမယ် စသည်ဖြင့် စိမ်းလန်းမွှေးမြသော အိပ်မက်ကိုယ်စီနဲ့ ရှင်သန်ခဲ့ကြသည်။
ထိုအိပ်မက်များကို ဖျက်ဆီးဖို့ကြိုးစားနေသူ တဦး ရှိနေခဲ့မှန်း မရိပ်မိခဲ့ကြပါ။ အိပ်မက်တွေအကုန်လုံးကို ရိုက်ချိုးဖို့၊ ဆွဲထုတ်ယူကာ လွှင့်ပစ်ဖို့။
ထိုလွှင်ပစ်ဖို့ကြိုးစားသူများ စည်းရုံးနေမှုကို သတိမထားမိလိုက်ကြ။ မိုးမှောင်သော လတစ်လမှာ သူတို့ တိုင်ပင်ခဲ့ကြသည်။ အားလုံးကိုဖျက်ဆီးဖို့။
မိုးတွေတသည်းသည်းရွာနေသော ဇူလိုင်လ တစ်ဆယ့်ကိုး ရက်နေ့မှာ တတိုင်းပြည်လုံးရဲ့ လန်းဆန်းတက်ကြွသော အိပ်မက်များ ဖျက်ဆီးခံခဲ့ရသည်။
ထိုလူတစု ယူသွားသော အိပ်မက်များ ခုထိအကောင်ထည် ဖော်ခွင့်မရှိသလို ထိုဖျက်ဆီးမှု၏ အကျိုးဆက်သည် နောင်နှစ်ပေါင်းများစွာ သက်ရောက်လို့နေခဲ့ပေသည်။ အိပ်မက်တွေ သေဆုံးသွားသော ဘ၀များ။
အိပ်မက်မရှိသော နှစ်ကာလများ ဆိုးရွားစွာ ဖြတ်သန်းခဲ့ကြရသည်။ သူတို့ခိုင်းတာလုပ်၊ ပြောသလိုနေ။ မလှုပ်လေနဲ့ လှုပ်ရင်မြုပ်မဲ့ ဘ၀များ နှစ်ပေါင်းများစွာ ကြာခဲ့ပါသည်။
လှုပ်သောသူများ အဝေးရောက်။တချို့ဘ၀ပျက်။ သေနတ်ပြောင်း၀အောက်တွင် နေခဲ့ရသည့်နှစ်ကာလများ။ အိပ်မက်မက်ခွင့်မရှိ။ အားလုံးဒီစနစ်ထဲမှာနေ။ ကြောက်သူမှန်သမျှ အသက်ရှည်မည်။ ပုံစံကားချပ် နှစ်ကာလများ။ အိမ်မက်အကြောင်းမပြောနဲ့ ပြတင်းတံခါးတွေ ပိတ်ထားတယ်။ ပေးတာယူကျွေးတာစား နှစ်ကာလများ။
ထိုနှစ်ကာလများအောက်တွင် အိပ်မက်တွေပြန်လည်နိုးထဖို့၊ လွတ်လပ်စွာ မက်နိုင်ဖို့ ၊ လွတ်လပ်သော လေညင်းကို ခဏတာ ရှုရှိုက်ခွင့်ရဖို့ အခြေနေသို့ရောက်ရှိလာခဲ့သည်။ ငါးနှစ်တာကာလ။
ထိုကာလတွင် အိပ်မက်တချို့ ရှင်သန်လာကြသည်။ ပွင့်လင်းလွတ်လပ်လာကြသည်။ ရှေ့မှာ ငါတို့ရောင်နီမြင်ရပြီ။
ထိုရောင်နီကို ဖုံးအုပ်ဖို့ တိမ်ညိုတအုပ် ကြိုးစားနေသည်ကိုကား မသိခဲ့ကြ။ ယုတ်မာသော အကြံကို သူတို့ ကြံစည်ကြပြန်သည်။ အမှောင်တွင်းသို့ တွန်းချမည့်သူများ။
တိမ်ရိပ်တွေကျသွားသောနေ့က အားလုံးကိုယ်စီ ငိုခဲ့ကြသည်။ ငါတို့အိပ်မက်လေး ထပ်သေရပြန်ပါပေါ့လား။ ပူလောင်မွန်းကျပ်တဲ့ နွေကာလ ငါတို့ ခရမ်းပြာမြင်းရိုင်းကို သတ်သူအား ပုန်ကန်ကြစို့ဆိုကာ နွေဦးတော်လှန်ရေး ကားချပ်တချပ် ညီညွာစွာ ဆွဲထွက်လိုက်ကြသည်။
ထောင်းလမောင်းကျေအောင် ချေသော်လည်း ငါတို့မမှု။အိပ်မက်သေကာလတွင် ငါတို့မနေ။ ရှိသမျှနှင့် တော်လှန်ကြမည်။ ပေးပါ တူမီးတလက်။
တူမီးတလက်နဲ့စခဲ့သော အိမ်မက်သည် လွတ်လပ်ခြင်းသို့ ဦးတည်ပါ၏။ တရားမျှတခြင်းကိုသာ ဦးတည်ပါ၏။
#လွားအောင်(စစ်ကိုင်း)