Home > Uncategorized > နောက်ပြန်သွား‌နေတဲ့ ခေတ်

နောက်ပြန်သွား‌နေတဲ့ ခေတ်

နောက်ပြန်သွား‌နေတဲ့ ခေတ်

လွှားအောင်(စစ်ကိုင်း)

(မျက်မှောက်ခေတ် ခေတ်ပုံရိပ်)

ကြက်ဥ တလုံး ၅၀၀ တဲ့။ ငယ်ငယ်က ခေတ်ကိုပြန်ရောက်သွားသလိုပါ။ ငယ်ငယ်က တောမှာ ကြက်ဥဆိုတာ ဧည့်သည်လာမှ ချက်တဲ့ဟင်းပါ နောက်တမျိုးကတော့ ငါးသေတ္တာပေါ့။

လွယ်လွယ်ကူကူမရတဲ့ အစားစာတွေပေါ့ ဘာလို့လဲဆိုတာ ငယ်ငယ်က ဘယ်သိခဲ့မလဲ။ ရတာ စားခဲ့ကြတာပဲ။

ဒူးယားဆေးလိပ်ရယ် အချိုရည်ဗူးရယ်ဆိုတာ ဘုန်းကြီး အိမ်ကိုကြွလာမှ ကပ်ဖို့ ၀ယ်ပေးရတဲ့အရာပါ။  သရေစာဆိုတာ ငယ်ဘ၀က ထန်းလျက်တခုသာ အိုးလိုက်ကို အိမ်ကလှောင်ထားတာပါ။

ပေါလှပါတယ်ဆိုတဲ့ ထန်းလျက်ကိုတောင် မှောင်ခိုတခေတ် ရှိဖူးတယ်ဆိုတာလည်း နောက်မှသာသိရတာ။ ရှိတာစားမယ် ညဆို တီဗီကြည့်မယ် ရတာနာရွှေပြည် အလွန်ကြွယ်၀သည် သံယံဇာတပေါတဲ့ တို့ရဲ့တိုင်းပြည်ဆိုတဲ့ သချင်းစားသားဆိုရင်း မန်းကျည်းစေ့လှော်ဝါးရင်းပေါ့။ ဗိုလ်ချုပ်ကြီးကတော့ တီဗီအစီစဉ်မှာ မှားစားနေတာ ညတိုင်းပါ။

တီဗီဆိုလို့ ကိုယ်ပိုင်ရှိတာမဟုတ် ရွာကသူဌေးလို့ ခေါ်ရမဲ့ အိမ်မှာ ဘတ်ထရီအိုးနဲ့ ကြည့်ရတဲ့ တီဗီကြည့်ရတာ ဒါဟာ ကိုယ်တွေအတွက်တော့ နိဗ္ဗာန်ပါ။ တီဗီကြည့်ပြီးပြန်လာရင် အဖေက အမြဲတမ်း ဗိုလ်ချုပ်ကြီးခင်ညွှန့် ချိုကုပ်ကြီး ဖင်တွန့်လို့ အမြဲလှောင်လေ့ရှိတာလည်း မှတ်မိနေပါတယ်။

ချိုကုပ်ကြီးတွေ ဖင်တွန့်ကြတဲ့ ခေတ်မှာ တိုင်းပြည်ကလူတွေ ငတ်မွတ်နေခဲ့ကြပါတယ်။ ငတ်ရတဲ့အထဲ ကြက်ဆူပင်က စိုက်လိုက်ရသေးတာ ဘယ်သိမလဲလေ စိုက်ဆိုလည်းစိုက်ပေါ့။

ကျောင်း၀င်းကျယ်ကြီးထဲ စားမရသောက်မရ အပင်တွေစိုက်ရင်း ဒုက္ခတွေရောက်ရင်းပေါ့။ ချိုကုပ်ကြီးများကတော့ ဆည်တွေဆောက် တံတားတွေတည်ကာ သာယာ၀ပြောစည်ပင်ကြောင်း ဝါဒဖြန့်တဲ့ကာလများပါပဲ။ ဘီဘီစီ ညာနေသည် RFA သွေးထိုးနေသည်ဆိုကာ သတင်းအမှောင်ချကာ လုပ်ချင်ရာလုပ်ခဲ့ကြတဲ့ကာလပါ။

နိုင်ငံရေးဆိုတာ မပြောရ ပါးစပ်ကဟပင်မဟရ ရေဒီယို နားထောင်ရင် ထောင်ချတဲ့နှစ်တွေ။ နိုင်ငံရေးဆိုတာ လူမှု့ဘ၀ စား၀တ်နေရေး အဆင်ပြေဖို့ လုပ်နေခြင်းဟာလည်း နိုင်ငံရေးလုပ်တာပါပဲဆိုတာကို စာထဲမှာ ဖတ်ရတော့ လူတွေတော့ ငတ်အာင်လုပ်ပြီး အုပ်စုလိုက်ချမ်းသာဖို့အရေး လုပ်ဆောင်ခဲ့ကြတဲ့ ချိုကုပ်ကြီးများကို သတိရမိပါတယ်။

ခေတ်ဟာ တပြန်ပြန်လှည့်သွားပါတယ် အာဏာမသိမ်းမီက ရွှေ‌တကျပ်သား ၁၃သိန်းပါ ဒေါ်လာဈေးက မသိမ်းမီနဲ့သိမ်းပြီးကာလ မိုးနဲ့မြေလိုကွာပါတယ်။ အဲ့နောက်မှာ တက်လာလိုက်တဲ့ ကုန်ဈေးနှုန်းများက အခြေခံစားသောက်ကုန်တွေ လေးငါးဆ ခုန်တက်သွားပါတယ်။  လစဉ် လခ ၁သိန်းခွဲရသူတောင် အာဏာမသိမ်းမီကာလက စားလောက်ပါတယ်။

အခြေခံစားသောက်ကုန်‌တွေ အဆမတန်ဈေးကြီးလာတဲ့အခါ အကုန် ဒုက္ခ‌ရောက်ကုန်ကြပါတယ်။ လူလတ်တန်းစားဆိုတာ ပျောက်သွားရပါတယ်။  အရင်က လူလတ်တန်းစားဟာ အောက်ခြေ လူတန်းစားအဖြစ်ပြောင်းသွားကာ လူတန်းစားနှစ်ရပ်ပဲ ရှိလာပါတော့တယ်။

အဲ့ဒီ လူတန်းစားနှစ်ရပ်ကတော့ စားစရာမရှိတဲ့လူတန်းစားရယ် ထားစရာမရှိတဲ့ လူတန်းစားရယ်ပဲဖြစ်ပါတယ်။ တဘက်မှာ နလန်မထူနိုင်ချိန်မှာ သိန်းရာချီ လက်ထပ်ပွဲတွေ အလှူတွေ လူတန်းစားဟာ မိုးနဲ့မြေမျှ ကွာဟသွားပါတယ်။

မိသားစုတခုနေ့စဉ်စားစရိတ်ဟာ အတော်ခက်ခဲလာခဲ့ကြပါတယ်။ အဲ့ဒီနောက်ဆက်တွဲ အကျိုးဆက်တွေကိုတော့ ပြည်သူတွေကပဲ ခံကြရအုံးမှာပါ။

အလုပ်လက်မဲ့ ဦးရေ တိုးပွားလာသလို လူ့စွမ်းအားအရင်းမြစ်မှန်သမျှ တခြားနိုင်ငံတွေဆီ စီးဆင်းသွားပါတယ် ပြည်တွင်းမှာ အလုပ်မလုပ်နိုင်တဲ့ သက်ကြီးရွယ်အိုပဲ ကျန်ရစ်ပါတယ်။

တချို့ တောနယ်ကရွာတွေမှာ အဲ့လိုဖြစ်နေတာကြာခဲ့ပါပြီ တရွာလုံး မိအိုဖအိုတွေပဲ ကျန်ပြီး အကုန် ထိုင်းကို အလုပ်လုပ်ဖို့ရောက်နေကြတာပါ။

သည်ထက်ပိုဆိုးတဲ့ အခြေနေတွေကို ရင်ဆိုင်ကြရအုံးမှာပါ ဘယ်လောက်ထိ အငတ်ခံနိုင်မလဲဆိုတာတော့ ရှည်ကြာတဲ့စစ်ပွဲတွေမှာ အဖြေရှာနိုင်အုံးမည်မထင်ပါ။

#လွားအောင်(စစ်ကိုင်း)

error: Content is protected !!