Home > သတင်း > တရားဉပဒေစိုးမိုးရေး > လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြောင့် မြေယာဆုံးရှုံးမှုအတွက် တောင်သူများ တောင်းဆိုတဲ့လျော်ကြေး ရရှိဖို့ နီးစပ်နေ

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြောင့် မြေယာဆုံးရှုံးမှုအတွက် တောင်သူများ တောင်းဆိုတဲ့လျော်ကြေး ရရှိဖို့ နီးစပ်နေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်အတွင်းက လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို မြန်မာ-ဝမ်ပေါင်တရုတ်ကုမ္ပဏီနှင့် ဦးပိုင်ကုမ္ပဏီတို့ပူးပေါင်းကာ နိုင်ငံတော်စီမံကိန်းအဖြစ် ကြေးနီထုတ်ယူနေတာပါ။ ဒီစီမံကိန်းနဲ့ပတ်သက်လို့ ဒေသခံတောင်သူတွေရဲ့ မြေယာတွေလည်း အမြောက်အများသိမ်းယူခံခဲ့ရသော ကျေးရွာနေအိမ်တချို့လည်း ပြောင်းရွှေ့ပေးခဲ့ရပါတယ်။ သို့သော်လည်း ဝက်မှေး၊ ဆည်တည်း စတဲ့ကျေးရွာတွေကတော့ ပြောင်းရွှေ့ခြင်းမရှိသေးသလို မိုးကြိုးပြင်အပါအဝင် ဆည်တည်း၊ ဝက်မှေး စတဲ့ကျေးရွာတွေက တောင်သူတချို့မှာ မြေယာလျော်ကြေး၊ သီးနှံလျော်ကြေး ရယူခြင်းမရှိသေးဘဲ လိုအပ်ချက်တွေ တောင်းဆိုရင်း စီမံကိန်းကို ဆန့်ကျင်နေခဲ့ကြတာဖြစ်ပါတယ်။ လက်ရှိမှာတော့ ကျန်နေသေးတဲ့ မြေယာသိမ်းဆည်းခံ တောင်သူတွေရဲ့ တောင်းဆိုချက်တွေထဲက အချက်တချို့ကို ဒီဇင်ဘာလအတွင်းကျင်းပခဲ့တဲ့ အစိုးရ၊ ကုမ္ပဏီ၊ ဒေသခံ၊ လွှတ်တော်တို့ပါဝင်တဲ့ Joint Implementation Team -JIT အစည်းအဝေးမှာ ဆွေးနွေးရင်း ပြေလည်မှုတချို့ ရရှိခဲ့တဲ့အတွက် မြေယာလျော်ကြေး ယူဖို့ နီးစပ်လာတာဖြစ်ပါတယ်။

မြေယာလျော်ကြေး မယူရသေးတဲ့ ဒေသခံတောင်သူတွေရဲ့ တောင်းဆိုချက်တွေကို အစိုးရနှင့် ကုမ္ပဏီကြား တွေ့ဆုံဆွေးနွေးခဲ့ပြီး ကုမ္ပဏီဖက်က သဘောတူညီခဲ့တဲ့အတွက် အမြန်ဆုံး မြေယာလျော်ကြေးငွေ ထုတ်ပေးနိုင်ရေး ကုမ္ပဏီကို တိုင်းအစိုးရအဖွဲ့က ပြောကြားထားတာပါ။

မြေယာလျော်ကြေးအပါအဝင် အစီရင်ခံစာပါ အစားထိုးမြေယာနဲ့ပတ်သက်ပြီး ဟိုးအရင်ကတည်းက ကုမ္ပဏီကတော့ အစိုးရက လိုအပ်တာ လုပ်ဆောင်ပေးနိုင်ရင် ကုမ္ပဏီအနေနဲ့ အဆင်သင့်ရှိတယ်လို့ ပြောဆိုထားတာရှိပါတယ်။

ကြေးနီစီမံကိန်းနဲ့ပတ်သက်လို့ ကျန်ရှိနေသေးတဲ့ တောင်သူတွေက အချက် ၉ ချက်တောင်းဆိုခဲ့ပြီး အဲဒီထဲက အချက် ၅ ချက်ဖြစ်တဲ့ (၁) မြေယာလျော်ကြေးထုတ်ယူပြီးတဲ့ တောင်သူတွေထဲက မြေယာပိုင်ဆိုင်မှုအလိုက် တစ်ဦးကနေ သုံးဦးထိ အလုပ်အကိုင်ခန့်ထားပေးရန်၊ (၂) SME လုပ်ငန်းတွေကို မြေယာလျော်ကြေးမယူသေးတဲ့ကျေးရွာနှင့် တောင်သူတွေကို ဦးစားပေး ဆောင်ရွက်ပေးရန်၊ (၃) ဆည်တည်းရွာကို ညောင်ပင်ကြီး-ဆားလင်းကြီးကားလမ်းဘေးမှာ ပြောင်းရွှေ့နေရာချထားပေးရန်၊ (၄) မြေယာလျော်ကြေးထုတ်ယူခြင်းနှင့် ခြံစည်းရိုးခတ်ခြင်းလုပ်ငန်း ၉၅ ရာခိုင်နှုန်းပြီးစီးရင် မြေယာဆုံးရှုံးတဲ့ တောင်သူတွေကို ၂၀၁၃ ခုနှစ်ကနေ ဒီနေ့ထိ ဘဏ်စာအုပ် တွက်ချက် ထုတ်ပေးရန်၊ (၂) မြေယာလျော်ကြေးထုတ်ယူခြင်းနှင့် ခြံစည်းရိုးခတ်ခြင်းလုပ်ငန်း ၉၅ ရာခိုင်နှုန်းပြီးစီးရင် မြေယာဆုံးရှုံးတဲ့ တောင်သူတွေကို ၂၀၁၃ ခုနှစ် တစ်နှစ်လုံးရဲ့ ပျှမ်းမျှငွေလဲနှုန်းနှင့် ဒုတိယအကြိမ်၊ တတိယအကြိမ် မြေယာလျော်ကြေး ထုတ်ယူတဲ့ နှစ်ရဲ့ ပျှမ်းမျှငွေလဲနှုန်း ကွာခြားချက်နဲ့ တွက်ချက်ထုတ်ပေးရန် စတဲ့အချက်တွေကို သဘောတူညီခဲ့ကြတာဖြစ်ပါတယ်။

“တောင်သူတွေက အချက် ၉ ချက်တောင်းဆိုတယ်။ ဒါဟာလည်း သူတို့ရဲ့ဆန္ဒအရ တောင်းဆိုတာ။ ကျနော်တို့အနေနဲ့ ဒါကိုလည်း လက်ခံပါတယ်။ တောင်းဆိုချက်တွေထဲမှာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ပေးသင့်ပေးထိုက်တဲ့ လက်ခံသင့် လက်ခံထိုက်တဲ့ တောင်းဆိုချက်တွေကို ကုမ္ပဏီနဲ့ ညှိ့ရပါတယ်။ ဟိုနေ့က အစည်းအဝေးမှာ ညှိ့နှိုင်းတဲ့အခါမှာ အချက် ၅ ချက်ကို ကုမ္ပဏီဘက်က ဆောင်ရွက်ပေးနိုင်ပါတယ်။ ကုမ္ပဏီနဲ့ ညှိလို့ရတဲ့ အချက် ၅ ချက်ကို တောင်သူတွေကို ပြောတဲ့အခါမှာ တောင်သူတွေကလည်း လက်ခံပါတယ်ပေါ့။ ဒါနဲ့ ပက်သက်လို့ ဝန်ကြီးချုပ်ဆီကိုလည်း တင်ပြတယ်။ ဒါ့ကြောင့်မို့လို့ ကျနော်တို့က အခုကုမ္ပဏီကို မြေယာလျော်ကြေးငွေ ထုတ်ပေးဖို့ရာအတွက် ပြောပြီးပါပြီ။”လို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်က ပြောပါတယ်။

မြေယာလျော်ကြေးနဲ့ပတ်သက်လို့ လတ်တလောမှာ မိုးကြိုးပြင်ရွာ တောင်သူတွေက အရင်ထုတ်ယူမှာဖြစ်ပြီး ဆည်တည်းရွာကတော့ ရွာပြောင်းရွှေ့ရေးကိစ္စတွေအတွက် နေရာအဆင်ပြေပြီးမှ ထုတ်ယူမှာလည်း ဖြစ်ပါတယ်။ လက်ရှိမှာ အစိုးရက မြေဧကစာရင်းနှင့် ဒေသခံတွေရဲ့ မြေဧကစာရင်းတွေ ကွဲလွဲမှုတွေ ရှိနေပြီး လျော်ကြေးခိုးထုတ်ထားတာတွေလည်း ရှိတဲ့အတွက် ပြင်ဆင်ညှိနှိုင်းတာတွေလည်း ရှိနေပါတယ်။

“မြေယာလျော်ကြေးထုတ်ဖို့ မိုးကြိုးပြင်ကတော့ ပြင်ဆင်နေပြီ။ လောလောဆယ်လည်း အချက် ၅ ချက် သဘောတူထားတယ်။ ဒီဟာအတွက် မြေယာလျော်ကြေးမထုတ်ရသေးတဲ့ တောင်သူတွေအားလုံးစုပြီး ညှိနှိုင်းပြီးမှ လုပ်တာပေါ့။ လောလောဆယ်တော့ မြို့နယ်မြေစာရင်းက ဖော်ပြဧကနှင့် ဒီကတောင်သူတွေရဲ့ ဧက ကွာဟတာလေးတွေကို သွားပြီး ညှိနှိုင်းနေတယ်။ ဆည်တည်းကတော့ ရွာပြောင်းဖို့အဆင်ပြေပြီးမှ ထုတ်မယ်ပေါ့။”လို့ မြေယာလျော်ကြေးမထုတ်ရသေးတဲ့ တောင်သူတစ်ဦးက ပြောပါတယ်။

ကြေးနီစီမံကိန်းနဲ့ပတ်သက်ပြီး ဒေါက်တာမြင့်နိုင်ဦးဆောင်တဲ့ စစ်ကိုင်းတိုင်းအစိုးရအနေနဲ့ အမြဲတမ်း ပြည်ထောင်စုက လုပ်တာဆိုတဲ့စကားကို သုံးစွဲပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် ဝန်ကြီးချုပ်ကိုယ်တိုင်လည်း ဒေသခံတွေ အကြိမ်ကြိမ်တောင်းဆိုခဲ့ပေမယ့် တစ်ကြိမ်မှ ကွင်းဆင်းခဲ့တာ မရှိပါဘူး။ လက်ရှိပြေလည်မှုရတယ်ဆိုတဲ့ အချက်တွေကလည်း ဒေသခံတွေ တစ်လျှောက်လုံးတောင်းဆိုလာတဲ့ တောင်းဆိုချက်တွေပဲ ဖြစ်ပါတယ်။ အစိုးရသက်တမ်းကုန်ခါနီးချိန်မှ အခုလို ပြေလည်မှုရအောင် အစိုးရအနေနဲ့ သဘောတူလိုက်တယ်ဆိုတဲ့အပေါ်မှာတော့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။ ဘယ်လိုပင်ဖြစ်စေ ဒေသခံတွေနဲ့ ပြေလည်မှု ရမယ့်အပေါ်မှာတော့ ကြိုဆိုဝမ်းသာတယ်လို့လည်း စစ်ကိုင်းတိုင်း MATA ဦးဆောင်ကော်မတီဝင်တစ်ဦးက ပြောပါတယ်။

“စီမံကိန်းအခုလို ပြေလည်မယ်ဆိုတာကြားရတော့ ကြိုဆိုတယ်။ ဝမ်းသာပါတယ်။ အမြန်ဆုံးအကောင်အထည်ဖော်သင့်တယ်။ ဒီလောက်နှစ်တွေအများကြီးကြာတာက တိုင်းအစိုးရက စီမံကိန်းနဲ့ပတ်သက်လို့ ကြောက်ခဲ့တာတွေ၊ လေ့လာမှုအားနည်းခဲ့တာ၊ နားမလည်ခဲ့တာတွေကြောင့်လို့ ပြောရမယ်။ စီမံကိန်းကြောင့် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်သော်လည်းကောင်း ထိခိုက်နစ်နာခဲ့ရတဲ့ ဒေသခံတွေကို ပြေလည်အောင် ဒေသခံတွေကို ဗဟိုပြုပြီး ဂရုတစိုက် သေသေချာချာ ဦးစားပေးဆောင်ရွက်ပေးသင့်တယ်။ ဒေသခံတွေ ထိခိုက်နစ်နာမှုမရှိအောင် ကုမ္ပဏီ၊ အစိုးရ၊ ဦးပိုင်အနေနဲ့ တာဝန်ယူမှု တာဝန်ခံမှုရှိရှိနဲ့ အမြန်ဆုံးကုစား ဆောင်ရွက်ပေးသင့်တယ်။”လို့ စစ်ကိုင်းတိုင်း MATA ဦးဆောင်ကော်မတီဝင် ဦးငွေလင်းက ပြောပါတယ်။၏

လက်ရှိမှာ စီမံကိန်းကြောင့် ပြောင်းရွှေ့ရမယ့် ကျေးရွာတွေထဲမှာ ဝက်မှေးရွာက အိမ်ခြေ ၃၀ ခန့်၊ ဆည်တည်းရွာက အိမ်ခြေ ၁၀၀ ခန့် ကျန်ရှိနေပါသေးတယ်။ စီမံကိန်းနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ခဲ့တဲ့ စုံစမ်းစစ်ဆေးရေးအစီရင်ခံစာပါ အချက်တွေကို အခြေခံကာ လိုက်နာအကောင်အထည်ဖော်ရေးအတွက် ဒေသခံတွေရဲ့ ကန့်ကွက်ဆန္ဒပြမှုက စီမံကိန်းစတင်စဉ်ကတည်းကနေ ဒီနေ့ထိ အကြိမ်ရေ ၂၀၀ ထက်မနည်း ရှိခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်နောက်ပိုင်းကနေ စတင်ကာ ဆန္ဒပြမှုတွေက တဖြည်းဖြည်းနဲ့ လျော့နည်းခဲ့တာလည်း ဖြစ်ပါတယ်။

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ခဲ့တဲ့ စုံစမ်းစစ်ဆေးရေးအစီရင်ခံစာအရ ကြေးနီစီမံကိန်းဧရိယာအဖြစ် ဧကပေါင်း ၇၈၆၀ ကျော်ရှိခဲ့ပြီး အဲဒီထဲမှာ လယ်ယာမြေ ၅ ထောင်ကျော်ပါဝင်ခဲ့တာပါ။ အစီရင်ခံစာမတိုင်ခင်က နိုင်ငံတော်က အကျိုးအမြတ်အနေနဲ့ ပမာဏအနည်းငယ်သာ ရခဲ့ပြီး အစီရင်ခံစာနောက်ပိုင်းမှာမှ နိုင်ငံတော်က ၅၁ ရာခိုင်နှုန်း ရရှိခဲ့တာလည်းဖြစ်ပါတယ်။

လွင်မင်း(မျက်မှောက်ခေတ်)၊ ကောင်းကျော်

error: Content is protected !!