Home > သတင်း > ကျန်းမာရေး > တစ်လင်တစ်မယားနဲ့ အမှုရင်ဆိုင်နေရတဲ့ Covid ပိုးတွေ့အချုပ်သား ဆေးရုံက ထွက်ပြေး

တစ်လင်တစ်မယားနဲ့ အမှုရင်ဆိုင်နေရတဲ့ Covid ပိုးတွေ့အချုပ်သား ဆေးရုံက ထွက်ပြေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့ ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုပေးနေတဲ့ ကိုဗစ်ပိုးတွေ့ အချုပ်သားတစ်ဦး ဇန်နဝါရီလ ၁၈ ရက်နေ့ ဒီကနေ့ မနက် ၃ နာရီအချိန်က ထွက်ပြေးသွားတယ်လို့ သိရပါတယ်။ အဲဒီထွက်ပြေးသွားတဲ့ ပိုးတွေ့အချုပ်သားက တစ်လင်တစ်မယားနဲ့ အမှုဖွင့်ဖမ်းဆီးခံထားရကာ အမှုရင်ဆိုင်နေရသူဖြစ်ပါတယ်။

“သူက ပိုးတွေ့တာ ၈ ရက်လောက်ရှိပြီ။ ပိုးတွေ့လို့ ဆေးရုံမှာ ကုသနေတာ။ အဲမှာအစောင့်တွေရှိတယ်။ အဲဒါကိုရှောင်ပြီးတော့ အလစ်မှာ ခြေကျင်းက သံကြိုးကိုဖျက်ပြီးတော့ ထွက်ပြေးသွားတာ။”လို့ ဟုမ္မလင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဌေးလွင်က ပြောပါတယ်။

ထွက်ပြေးသွားတဲ့ ပိုးတွေ့အချုပ်သားမှာ အသက် ၂၇ နှစ်အရွယ် အမျိုးသားဖြစ်ပြီး ဟုမ္မလင်းမြို့နယ် သဝန်ထွက်ဝကျေးရွာ နေထိုင်သူဖြစ်ပါတယ်။ အခုလက်ရှိ ထွက်ပြေးသွားတဲ့ ပိုးတွေ့အချုပ်သားကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က လိုက်လံရှာဖွေမှုတွေ ဆောင်ရွက်လျက်ရှိပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ မြို့နယ်ဆေးရုံအုပ်ကြီးနှင့် ရဲတပ်ဖွဲ့တို့ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရရှိခဲ့ပါဘူး။

ဟုမ္မလင်းမြို့နယ်မှာ ကိုဗစ်အတည်ပြုလူနာ ၃၇ ဦးရှိပြီး အဲဒီထဲက ဆေးရုံကနေ ဆင်းခွင့်ရသူ ၃၂ ဦးရှိပြီဖြစ်တယ်လို့လည်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဇန်နဝါရီလ ၁၇ ရက်နေ့ ညနေပိုင်း ထုတ်ပြန်ချက်အရ သိရပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးမှာ ပိုးတွေ့လူနာ ၂၁၄၁ ဦးရှိပြီး အဲဒီထဲက ဆေးရုံကနေ ဆင်းခွင့်ရရှိသူ ၁၈၃၂ ဦးရှိတယ်လို့လည်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ မနေ့ ညနေပိုင်းက ထုတ်ပြန်ချက်အရ သိရပါတယ်။

ပိုတေး

error: Content is protected !!