Home > သတင်း > စီးပွားရေး > သနပ်ခါးမပါဘဲ အမည်ခံရောင်းချနေတဲ့ အလှကုန်တွေ အရေးယူပေးဖို့ တိုင်ကြားပေမယ့် စားသုံးသူရေးရာဦးစီးဌာနက အရေးမယူ

သနပ်ခါးမပါဘဲ အမည်ခံရောင်းချနေတဲ့ အလှကုန်တွေ အရေးယူပေးဖို့ တိုင်ကြားပေမယ့် စားသုံးသူရေးရာဦးစီးဌာနက အရေးမယူ

ပြည်တွင်းစျေးကွက်အတွင်း ရောင်းချနေတဲ့ သနပ်ခါးအလှကုန်အမည်ခံ လူသုံးကုန်ပစ္စည်းတွေကို ထိထိရောက်ရောက် အရေးယူပေးဖို့ စားသုံးသူရေးရာဦးစီးဌာနကို နှစ်ကြိမ်တိုင်ကြားခဲ့ပေမယ့် ဒီနေ့ထိ ထူးခြားမှု မရှိသေးဘူးလို့ မြန်မာနိုင်ငံ သနပ်ခါးစိုက်ပျိုးထုတ်လုပ် ရောင်းချသူများအသင်း တာဝန်ရှိသူက ပြောပါတယ်။ အသင်းအနေနဲ့ ပြည်တွင်းစျေးကွက်အတွင်း ရောင်းချနေတဲ့ သနပ်ခါးအလှကုန်အမျိုးပေါင်း ၈၀ ခန့်ကို နမူနာတွေ ဝယ်ယူပြီး ၂၀၁၉ ခုနှစ်ကတစ်ကြိမ်နှင့် ၂၀၂၀ ခုနှစ်ကတစ်ကြိမ် တိုင်းကြားခဲ့ပေမယ့် ဒီနေ့အထိ ထူးခြားမှုမရှိသေးတာ ဖြစ်ပါတယ်။

“သနပ်ခါးအမည်ခံ ထုတ်လုပ်တင်သွင်း ဖြန့်ဖြုးရောင်းချနေတဲ့ အလှကုန်တွေကို စားသုံးသူရေးရာဦးစီးဌာနကို နှစ်ကြိမ် တိုင်ကြားခဲ့တယ်။ အခုချိန်ထိ ထူးခြားမှုမရှိသေးဘူး။ လက်ရှောင်နေကြတယ်။ ဌာနရဲ့အကြောင်းပြန်ကြားထားတဲ့စာမှာလဲ ဥပဒေကမလုပ်သေးလို့၊ တည်ဆောက်ဆဲကာလမို့လို့၊ ကိုဗစ်ကာလမို့လို့ဆိုပြီး ကိုဗစ်မတိုင်ခင်ကတည်းက လုပ်ခဲ့တဲ့ဟာကို အခုကိုဗစ်နဲ့ရောပြီး အကြောင်းပြနေတာ။”လို့ မြန်မာနိုင်ငံ သနပ်ခါးစိုက်ပျိုးထုတ်လုပ် ရောင်းချသူများအသင်း ဥက္ကဌ ဦးကျော်မိုးကပြောပါတယ်။

စားသုံးသူကာကွယ်ဥပဒေအခန်း ၁၈၊ ပိုဒ်မ ၄၁(စ)မှာ ကုန်စည်မှာပါဝင်တဲ့ ကုန်ကြမ်းပစ္စည်း အမျိုးအမည်တွေနဲ့ ပစ္စည်းတွေရဲ့ပါဝင်မှု အချိုးအစားကိုဖော်ပြရမှာဖြစ်ပြီး ထင်ယောင်ထင်မှား လိမ်လည်လှည့်ဖြားပြီးတော့ မရောင်းချဖို့နဲ့ ကိုယ့်ပစ္စည်းထုတ်ကုန်တစ်ခုကိုလည်း စားသုံးသူဥပဒေအရ အာမခံချက်တစ်ခု ရှိရမယ်လို့လည်း ပြဌာန်းထားပါတယ်။

“တကယ်တော့ သနပ်ခါးကို အမှန်တကယ်ထုတ်လုပ်၊ စိုက်ပျိုးတဲ့သူတွေက နစ်နာဆုံးရှုံးတာပေါ့။ အဲတော့ သနပ်ခါးအမည်ခံ ပစ္စည်းတွေ အရေးယူပေးဖို့ ဇန်ဝါရီလ ၁၉ ရက်နေ့မှာ စားသုံးသူရေးရာဦးစီးဌာနကို ဆက်လက်တင်ပြမယ်။ ကျွန်တော်ကတော့ တံခါးမဖွင့်မချင်း ဆက်လက်ခေါက်နေဦးမယ်။”လို့လည်း ဦးကျော်မိုးက ပြောပါတယ်။

မြန်မာ့သနပ်ခါးစျေးကွက် ရေရှည်ရပ်တည်နိုင်ဖို့အတွက် စားသုံးသူရေးရာဦးစီးဌာနက ဥပဒေအတိုင်း ထိရောက်စွာကာကွယ်ပေးဖို့ အထူးလိုအပ်နေတယ်လို့လည်း ဆိုပါတယ်။ ၂၀၂၀ ခုနှစ် ၉ လပိုင်းက မြန်မာနိုင်ငံ သနပ်ခါးစိုက်ပျိုးထုတ်လုပ် ရောင်းချသူများအသင်း၊ စားသုံးသူရောဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးများကွပ်ကဲရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့က ပူးပေါင်းပြီး မုံရွာမြို့ပေါ်က စတိုးဆိုင်တွေ သနပ်ခါးနာမည်ကို အသုံးပြုထုတ်လုပ် တင်သွင်းရောင်းချနေကြတဲ့ အလှကုန်တွေကို စစ်ဆေးခဲ့တယ်လို့လည်း သိရပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးမှာ သနပ်ခါးစိုက်ဧကပေါင်း၂ သိန်းနီးပါးရှိပြီး သနပ်ခါးစိုက်ဧကအများဆုံးမှာ အရာတော်မြို့နယ်ဖြစ်ကာ အရာတော်မြို့နယ်က သနပ်ခါးစိုက်ဧက ၁ သိန်းကျော်ရှိတယ်လို့လည်း သိရပါတယ်။

ပိုတေး

error: Content is protected !!