ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့နယ်နဲ့ တီးတိန်မြို့နယ်တွေမှာ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အာဏာသိမ်းစစ်တပ်တို့ တိုက်ပွဲတွေပြင်းထန်နေပြီး တိုက်ပွဲတွေအတွင်း ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင် ရဲဘော် ၆ ဦး ကျဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်နဲ့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ချင်းပြည်နယ်၊ ဖလမ်းမြို့နဲ့ ဟားခါးမြို့လမ်းပိုင်းတိုက်ပွဲမှာ ချင်းအမျိုးသားတပ်မတော် CNA က ရဲဘော် ၂ ဦး ကျဆုံးခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
မေလ ၁ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း CNA ဆေးတပ်ဖွဲ့ဝင် ရဲဘော် ဆလိုင်းအောင်လင်းဆန်းနှင့် Sali Dawy Gyi တို့ ကျဆုံးခဲ့တယ်လိို့ ဒေသတွင်းသတင်း ရင်းမြစ်တွေဆီက သိရပါတယ်။
ဖလမ်းမြို့ကနေ ဖလမ်း – ဟားခါး လမ်းအတိုင်း ထိုးစစ်ဆင်လာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့တွေဟာ ဖလမ်းမြို့နဲ့ ဆယ့်ငါးမိုင်ဝန်းကျင်အကွာ တားလ်ကျေးရွာဝန်းကျင်မှာ ဒီကနေ့အထိ တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ သိရပါတယ်။
တီးတိန်မြို့နယ်ထဲမှာလည်း ကလေးမြို့ကနေ တက်လာတဲ့ စစ်ကြောင်းနဲ့ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေပြီး မေ ၃ ရက်နေ့က ချင်းညီနောင်ရဲဘော် ၄ ဦးကျဆုံးခဲ့တယ်လို့ ဒေသတွင်း သတင်းတွေက ဖော်ပြပါတယ်။
သိုင်းငင်းနဲ့တီးတိန်ကြားမှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ချင်းညီနောင်အဖွဲ့ဝင် CNDF ရဲဘော် ၁ ဦးကျဆုံးခဲ့တယ်လို့ CNDF က မျက်မှောက်ခေတ်ကို အတည်ပြုပါတယ်။
ချင်းညီနောင် အဖွဲ့ဝင် PDF – Zoland ရဲဘော် ၁ တစ်ဦး၊ CDF – Mindat ရဲဘော် ၁ ဦးနဲ့ အခြားရဲဘော် ၁ ဦးတို့ ကျဆုံးခဲ့တာကို ဒေသတွင်းသတင်းတွေအရသိရပြီး သက်ဆိုင်ရာတပ်ရင်းတပ်ဖွဲ့တွေက ထုတ်ပြန်ခြင်းမရှိသေးပါ။






