Home > သတင်း > စစ်ရေး > တီးတိန်မြို့နယ်မှာ စစ်တပ်ရဲ့ လေကြောင်းတိုက် ခိုက်မှုကြောင့် PDF-Zoland ရဲမေ ၄ ဦး၊ ရဲဘော် ၃ ဦး ကျဆုံး

တီးတိန်မြို့နယ်မှာ စစ်တပ်ရဲ့ လေကြောင်းတိုက် ခိုက်မှုကြောင့် PDF-Zoland ရဲမေ ၄ ဦး၊ ရဲဘော် ၃ ဦး ကျဆုံး

ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့နယ်၊ ဖူနွမ်းကျေးရွာကို မေ ၆ ရက်နေ့က အာဏာသိိမ်းစစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် တီးတိန်ဒေသခံ ချင်းတော်လှန်ရေးတပ်ဖွဲ့ PDF – Zoland က ရဲမေ ၄ ဦးနဲ့ ရဲဘော် ၃ ဦးကျဆုံးခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။
မေလ ၆ ရက် ညနေပိုင်းမှာ တီတိန်မြို့တောင်ဘက် ၁၈ မိုင်အကွာ ဖူးနွမ်းကျေးရွာက AG ဘုရားကျောင်းကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ရဲမေ ၄ ဦး၊ ရဲဘော် ၃ ဦးနဲ့ အရပ်သား ၃ ဦးတို့ သေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ရဲဘော်တွေကျဆုံးမှုနဲ့ပတ်သက်ပြီး PDF – Zoland က ထုတ်ပြန်ခြင်းမရှိသေးပါ။ ထိခိုက်ကျဆုံးရတဲ့ ရဲဘော်တွေနဲ့ပတ်သက်ပြီး PDF-Zoland ကိုထောက်ခံသူတွေက ဝမ်းနည်းကြောင်း လူမှုကွန်ယက်ပေါ်မှာ တင်ထားတာတွေ့ရပါတယ်။
ဘုရားကျောင်းကို ဗုံးကြဲတာဟာ ဒရုန်းနဲ့ ဗုံးကြဲတာဖြစ်တယ်လို့ ဒေသတွင်းသတင်းတွေက ဖော်ပြထားပါတယ်။
ဒါပေမယ့် စစ်တပ်ထောက်ခံသူတွေဘက်က ထွက်ပေါ်လာတဲ့ရုပ်သံအရ ဒရုန်းနဲ့ ဗုံးကြဲတာမဟုတ်ဘဲ လေယာဥ်နဲ့ကြဲချသွားတာဖြစ်တယ်လို့ တော်လှန်ရေးဘက်က ဒရုန်းနည်းပညာကျွမ်းကျင်သူတစ်ဦးက မှတ်ချက်ပေးပါတယ်။
မေလ ၆ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်မှာ ချင်းပြည်နယ်မြောက်ပိုင်းကို ဂျက်ဖိုက်တာနှစ်စီးပျံဝဲခဲ့ပြီး တစ်စီးက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ ချင်းပြည်နယ်လေကြောင်း စောင့်ကြည့်သူတစ်ဦးက ပြောပါတယ်။
ရဲဘော်တွေကျဆုံးခဲ့တဲ့ ဖူနွမ်းရွာက AG ဘုရားကျောင်းလေကြောင်းတိုက်ခိုက်မှုဟာ ဒရုန်းနဲ့လား၊ ဂျက်ဖိုက်တာနဲ့လားဆိုတာကို မျက်မှောက်ခေတ်အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။
ဖူနွမ်းရွာနဲ့ ငါးမိုင်အကွာ ကနေဒီတောင်ဝန်းကျင်မှာ မေလ ၂ ရက်နေ့က အာဏာသိမ်းစစ်တပ်နဲ့ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးမေ ၅ ရက်နေ့မှာ တော်လှန်ရေးတပ်ဖွဲ့တွေက ကနေဒီတောင်စခန်းကနေ ဆုတ်ခွာခဲ့ရပါတယ်။
စခန်းကို မေ ၆ ရက်နေ့မှာတော်လှန်ရေးတပ်ဖွဲ့တွေ စွန့်ခွာခဲ့ရပြီး ကနေဒီတောင်တိုက်ပွဲမှာလည်း ချင်းညီနောင်ရဲဘော် ၄ ဦးကျဆုံးခဲ့တယ်လို့ သိရပါတယ်။

error: Content is protected !!