ချင်းပြည်နယ်၊ ဖလမ်းမြို့ အုပ်ချုပ်ရေးယန္တရား ပြန်လည်လည်ပတ်နိုင် ဖို့အတွက် အာဏာသိမ်းစစ်တပ်ဟာ ကလေးမြို့က အရပ်သားကားတွေကို ချောဆွဲပြီး Non – CDM ဝန်ထမ်းတွေကိုလည်း ပို့ဆောင်ခဲ့သလို ဖလမ်းမြို့ကို နောက်ထပ်လူတွေပို့ဆောင်ဖို့ ကားတွေကို ထပ်ချောဆွဲထားတာတွေလည်း ရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“စစ်ရှောင်တွေ ဖလမ်းမြို့ကို ပြန်နေချင်တယ်ဆိုရင် ပို့ပေးဖို့ ကလေးမြို့မှာ ကားတွေကို အဆင်သင့်စီစဥ်ထားတာမျိုးရှိတယ်။ ကားလိုင်းတွေဆိုတာလည်း သူတို့လက်အောက်ရောက်နေတာကိုး” လို့ ကလေးမြို့ခံတစ်ဦးက ပြောပါတယ်။
မေ ၆ ရက်နေ့က Non-CDM ဝန်ထမ်း ၁၀၀ ကျော်ကို စစ်တပ်က ဖလမ်းမြို့ကို ပို့ဆောင်ခဲ့ပါတယ်။ ဒီလိုပို့ဆောင်ရာမှာ အရပ်သားကားတွေကို ချောဆွဲပြီး ပို့ဆောင်ခဲ့တာလို့ ကလေးဒေသခံ သတင်းရင်းအမြစ်တွေက ဆိုပါတယ်။
စစ်တပ်က ဖလမ်းမြို့ကို ပို့ဆောင်ခဲ့တဲ့ Non – CDM ဝန်ထမ်းတွေထဲမှာ ကျန်းမာရေး၊ ပညာရေး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ အဓိကပါဝင််ပြီး မော်တော်ကားအစီး ၂၀၊ ဆိုင်ကယ် အစီး ၁၅၀ လောက်နဲ့ ဖလမ်းကိုရောက်ရှိလာကြတာဖြစ်တယ်လို့ သိရပါတယ်။
ချင်းညီနောင်ထိမ်းချုပ်ထားတဲ့ ဖလမ်းမြို့ကို ဧပြီ ၂၅ ရက်နေ့မှာ စစ်တပ်ဘက်က ပြန်လည်ထိန်းချုပ်ခဲ့ပြီးနောက် ဖလမ်းမြို့မှာ အုပ်ချုပ်ရေးယန္တယားလည်ပတ်ပြီး ဒေသခံတွေ ငြိမ်းချမ်းစွာနေကြတယ်ဆိုတာကို အာဏာသိမ်းစစ်တပ်က ပုံဖော်ချင်နေတာဖြစ်တယ်လို့ စစ်ဘေးရှောင်နေကြရတဲ့ ချင်းဒေသခံတွေက ဆိုပါတယ်။
စစ်တပ်က ဖလမ်းမြို့မှာ စစ်တပ်ယန္တယားတွေလည်ပတ်ကြောင်းပြဖို့ စစ်တပ်က ကလေးမြို့မှာ စစ်ရှောင်နေကြတဲ့ ဖလမ်းမြို့က Non – CDM ဝန်ထမ်းတွေကို ဖိအားပေးပြီး ဖလမ်းမြို့ကို ပြန်ပို့ခဲ့တာလို့ ကလေးဒေသခံတွေဆီက သိရပါတယ်။
ဒါ့အပြင် လူသိများတဲ့ စစ်လော်ဘီ ကျော်စိုးဦးကိုလည်း Non CDM ဝန်ထမ်းတွေနှင့်အတူ ဖလမ်းမြို့ကိုခေါ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
စစ်တပ်က ဖလမ်းမြို့ကို သိမ်းပိုက်ပြီးနောက် ဖလမ်းငြိမ်းချမ်းရေး ကော်မတီဆိုတာပေါ်ပေါက်လာပြီး CDM နဲ့ Non – CDM ဝန်ထမ်းတွေကြား နားလည်မှုရှိကြဖို့၊ ဘယ်လက်နက်ကိုင်တပ်ဖွဲ့ကမှ ဖလမ်းမြို့ထူထောင်ရေးကို အနှောင့်အယှက်မပေးဖို့ ဆိုပြီး မေ ၄ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။
ထုတ်ပြန်ချက်ထုတ်ခဲ့တဲ့ ဖလမ်းငြိမ်းချမ်းရေးကော်မတီဟာ ဘယ်သူတွေက ဘယ်အချိန်မှာ ဖွဲ့စည်းလိုက်တာမှန်းမသိဘူးလို့ ဒေသတွင်းသတင်းတွေက ဆိုပါတယ်။
စစ်တပ်က ဖလမ်းမြို့ကို Non – CDM ဝန်ထမ်းတွေကို အတင်းအကြပ် ပြန်ပို့ပြီးနောက် သူတို့လက်အောက်ခံ ဘာသာရေးနဲ့ အရပ်ဘက်အဖွဲ့အစည်း အချို့ကနေ ဖလမ်းမြို့ခံစစ်ဘေးရှောင်တွေ ဖလမ်းမြို့ကို ပြန်နေကြဖို့ စည်းရုံးနိုင်တယ်လို့ ကလေးမြို့ခံ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
“သူတို့ပြန်နေရင်ပို့ဖို့ ကလေးမြို့ပေါ်က ကားတွေကိုပဲ ထပ်ချောဆွဲဦးမှာပဲ။ လက်ရှိအချိန်ထိတော့ စစ်ရှောင်တွေပြန်တာမရှိသေးဘူး” လို့ သူက ပြောပါတယ်။
ဖလမ်းမြို့ကို စစ်တပ်က ပြန်လည်ငြိမ်းချမ်းပြီဆိုပြီး ဖော်ဆောင်ချင်နေပေမယ့် လက်ရှိအချိန် ဖလမ်းမြို့နယ်နဲ့ တီးတိန်မြို့နယ်မှာ တိုက်ပွဲတွေဖြစ်ပွားနေတာပါ။
ဖလမ်းမြို့စစ်ဘေးရှောင်တွေအနေနဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ ချင်းပြည်နယ်မြောက်ပိုင်းမှာ အသက်အန္တရာယ် လုံခြုံမှုမရှိတာကြောင့် စစ်တပ်ရဲ့ စည်းရုံးမှုတွေကို နားယောင်ပြီး ဖလမ်းမြို့ကို ပြန်မလာသင့်ဘူးလို့ချင်းပြည်နယ် သတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။






