Home > သတင်း > စစ်ရေး > စစ်တပ်က ယောနဲ့ ချင်းနယ်စပ်ကို လေကြောင်းဆက်တိုက်ပစ်ခတ်ပြီး မြေပြင်စစ်ကြောင်းလည်း ဦးတည်လာနေ

စစ်တပ်က ယောနဲ့ ချင်းနယ်စပ်ကို လေကြောင်းဆက်တိုက်ပစ်ခတ်ပြီး မြေပြင်စစ်ကြောင်းလည်း ဦးတည်လာနေ

မကွေးတိုင်း၊ ယောဒေသ၊ ကျောက်ထုနဲ့ ချင်းပြည်၊ မင်းတပ်နယ်စပ်ကို လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေပြီး ကျောက်ထုဘက်ကို စစ်ကြောင်းထိုးလာတဲ့ အင်အား ၅၀၀ ပါစစ်ကြောင်းဟာလည်း ပေါက်မြို့ကနေ ကျောက်ထုဘက်ကို ထွက်လာပြီဖြစ်တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ကျောက်ထုမြို့အနီး ယောနဲ့ ချင်း ဆက်သွယ်ရေးလမ်းကြောင်းပေါ်က ကံကြီးကျေးရွာလမ်းဆုံကို ဧပြီ ၂၅ ရက်နေ့မှာ တပ်စွဲခဲ့ပြီး ကျောက်ထုဒေသကို လေကြောင်းကနေ ခဲယမ်းရိက္ခာဖြည့်တာတွေ ပြုလုပ်ခဲ့ပါတယ်။
ဒါ့အပြင် အင်အား ၅၀၀ ဝန်းကျင်ပါတဲ့ စစ်တပ် မြေပြင်စစ်ကြောင်းဟာ ကျောက်ထုနဲ့ မိုင်သုံးဆယ်ဝန်းကျင်အကွာ ပေါက်မြို့ကနေ ဒီကနေ့ မေ ၈ ရက်နေ့မှာ ယောဒေသ၊ ကျောက်ထုဘက်ကို ဦးတည်လာနေတယ်လို့ သိရပါတယ်။
“စစ်ကြောင်းကလာနေတော့ ရှေ့ပြေးအဖြစ် လေယာဥ်တွေဆက်တိုက်လာပစ်နေတယ်။ ညတုန်းကလည်း ၁၂ နာရီကျော်လောက် ကျောက်ထုကိုပစ်တယ်။ မနေ့က ညနေပိုင်းကလည်း ဂျက်ဖိုက်တာတွေနဲ့ ဗုံးကြတာတွေရော၊ ပွိုင့်ဖိုက်တွေနဲ့ရောပစ်တယ်” လို့ ကျောက်ထုဒေသခံ အမျိုးသားတစ်ဦးက မျက်မှောက်ခေတ်ကို ပြောပါတယ်။
ကျောက်ထုအနီးဝန်းကျင်ကို မေ ၇ ရက်နေ့ ညနေ ၅ နာရီ ၄၅ မိနစ်ဝန်းကျင်မှာ စစ်ကောင်စီတက ဂျက်ဖိုက်နှစ်စီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့သလို ညသန်းခေါင် ၁ နာရီခန့်မှာလည်း ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့ပါတယ်။
ယောဒေသ၊ ကျောက်ထုနဲ့ နယ်မြေချင်းထိစပ်နေတဲ့ ချင်းပြည်တောင်ပိုင်း၊ မင်းတပ်နယ်ထဲကို ဒီကနေ့ မနက် ခုနစ်နာရီခွဲမှာ တစ်ကြိမ်၊ မွန်းလွဲ တစ်နာရီခန့်မှာတစ်ကြိမ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ကံကြီးကျေးရွာကို စစ်တပ်က တပ်စွဲပြီးနောက်ပိုင်း ကျောက်ထုနဲ့ မင်းတပ်ကို ဧပြီ ၃၀ ရက်နေ့ကစလို့ ဒီကနေ့အထိ ဂျက်ဖိုက်တာတွေ Y 12 တွေနဲ့ ဗုံးကြဲတိုက်ခိုက်နေတာ ဖြစ်ပါတယ်။
ယောဒေသ၊ ကျောက်ထုမြို့အနီးက ၊ ကံကြီးကျေးရွာ လမ်းဆုံကို စစ်တပ်က တပ်စွဲပြီးနောက်ပိုင်း ကံကြီးကျေးရွာနဲ့ ဆယ်မိုင်ကျေးရွာဝန်းကျင်အကွာက ချင်းပြည်နယ်၊ မင်းတပ်မြို့ကို စစ်ကြောင်းထိုးမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေခဲ့တာပါ။
ယောဒေသ၊ ကျောက်ထုကို ဦးတည်လာနေတဲ့ အင်အား ၅၀၀ ဝန်းကျင်ပါစစ်ကြောင်းဟာ ပေါက်မြို့ကနေ ထွက်လာနေပြီး စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ လေကြောင်းသတိရှိကြဖို့ တော်လှန်ရေးအင်အားစုတွေက နှိုးဆော်ထားပါတယ်။

error: Content is protected !!