ချင်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေပြင်းထန်နေပြီး၊ ချင်းပြည်နယ်တောင်ပိုင်းနဲ့ နယ်မြေချင်းထိစပ်နေတဲ့ ယောဒေသကိုလည်း စစ်တပ်က လေကြောင်းကနေ ခဲယမ်းရိက္ခာတွေ ဆက်တိုက်ဖြည့်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။
“ဒီနေ့ မနက် ၉နာရီမှာ ထီးလင်းမြို့ပေါ်ကို Y 8 နဲ့ ရိက္ခာထုပ်တွေလာချတယ်။ ပြီးတော့ လေးလပိုင်းထဲမှာလည်း တစ်ခါလာချသေးတယ်” လို့ ထီးလင်းမြို့နယ် ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၈ ရက်နေ့ကလည်း ထီးလင်းမြို့ပေါ်ကို ရိက္ခာထုပ်တွေ ချပေးခဲ့တယ်လို့ သိရပါတယ်။
မကွေးတိုင်းယောဒေသ၊ ကျောက်ထုမြို့စစ်တပ်က ဧပြီ ၂၅ ရက်နေ့မှာ ယောနဲ့ချင်းဆက်သွယ်ထားတဲ့ အဓိကလမ်းဆုံရှိရာ ကံကြီးကျေးရွာကို စစ်ကြောင်းထိုးပြီး လက်ရှိအချိန်ထိ တပ်စွဲထားပြီး ယောဒေသက စစ်တပ်ရှိတဲ့ ထီးလင်းနဲ့ ကျောက်ထုကို ခဲယမ်းရိက္ခာတွေ ဖြည့်နေတာပါ။
ကျောက်ထုမြို့ကို ပြီးခဲ့တဲ့ ဧပြီ ၂၉ ရက်နေ့ကနေကနေ မေ ၁ ရက်နေ့အထိ သုံးရက်ဆက်တိုက် လေကြောင်းကနေ ရိက္ခာထုပ်တွေချပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အင်အား ၂၀၀ ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ယောနဲ့ ချင်း ဆက်သွယ်ရေးလမ်းဆုံမှာ တပ်စွဲထားတာကြောင့် ဆောမြို့နယ်တွင်းနဲ့ ချင်းပြည်နယ်မှာ ကားအချို့ပိတ်မိနေသလို ကံကြီးကျေးရွာအပါအဝင် ကြန်တော၊ ပြင်လယ်၊ ရင့်ရဲကျေးရွာက ပြည်သူတွေ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
” သူတို့ (စစ်တပ်) က လမ်းကြောင်းဖြတ်တောက်ဖို့ အရင်လုပ်နေတာပါ။ ယောနဲ့ချင်း၊ ပြီးတော့ရခိုင်ဘက်ကိုပါ ကုန်စည်စီးဆင်းမှုပြတ်တောက်အောင် လုပ်တာ” လို့ ယောဒေသခံ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ယောဒေသကို လေကြောင်းကနေ ရိက္ခာဖြည့်ပေးနေသလို မြေပြင်ကနေလည်း လူအင်အားဖြည့်ဖို့ ကြိုးစားနေတယ်လို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။
မကွေးတိုင်း၊ ဆိပ်ဖြူမြိုကနေ အင်အား ၅၀၀ ဝန်းကျင်ပါ စစ်ကြောင်းဟာ ယောဒေသ ကျောက်ထုမြို့ဆီကို ဦးတည်လာနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ဆိပ်ဖြူမြို့ကနေ ထွက်လာတဲ့ စစ်ကြောင်းကနေ ထွက်ပြေးလာကြတဲ့ စစ်မှုထမ်းတပ်သားသစ်နှစ်ဦးက စစ်ကြောင်းဟာ ယောဒေသ ကျောက်ထုမြို့ကို သွားမှာဖြစ်ကြောင်း ပြောဆိုနေတဲ့ ရုပ်သံဖိုင်လည်း ထွက်ပေါ်ခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ယောဒေသကို အင်အားဖြည့်တင်းပြီး ချင်းပြည်တောင်ပိုင်း မင်းတပ်မြို့ကို စစ်ကြောင်းထိုးမယ်ဆိုတဲ့ သတင်းတွေလည်း ဧပြီလကတည်းက ဒေသတွင်းမှာ ထွက်ပေါ်နေခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ယောဒေသနဲ့ ချင်းပြည်နယ်တောင်ပိုင်းနယ်စပ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ ပြင်ဆင်မှုတွေကြောင့် စစ်ရေးတင်းမာနေပြီး ချင်းပြည်နယ်မြောက်ပိုင်းမှာတော့ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။
ဧပြီ ၂၅ ရက်နေ့မှာ ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က ပြန်သိမ်းပြီးနောက် ဖလမ်း – ဟားခါးလမ်းပိုင်းကို စစ်ကြောင်းထိုးနေတာကြောင့် ချင်းတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားနေတာပါ။
“သူတို့က ဖလမ်းကိုရပြီးတော့ ဖလမ်း – ဟားခါးလမ်းကို ထိန်းချုပ်ဖို့ကြိုးစားနေတာ။ ကလေး – ဖလမ်း – ဟားခါးလမ်းကို သူတို့ထိန်းချုပ်နိုင်ရင် ကလေးမြို့နယ်ကို ကုန်စီစီးဆင်းမှုကိုလည်း သူတို့ထိန်းနိုင်မယ်။ ဒါကိုလုပ်နေတာ” လို့ ချင်းပြည်နယ်စပ်က ကလေးမြို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
စစ်တပ်စစ်ကြောင်းဟာ လက်ရှိအချိန်မှာ ဖလမ်းမြို့နယ် ၊ ဖလမ်း – ဟားခါးလမ်းပိုင်းက တားလ်ကျေးရွာကိုရောက်ရှိနေပြီး တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ သိရပါတယ်။ ဖလမ်းနဲ့ ဟားခါးကြား တိုက်ပွဲတွေအတွင်း ချင်းအမျိုးသားတပ်မတော်က ရဲဘော် ၂ ဦးကျဆုံးခဲ့တယ်လို့လည်း ဒေသတွင်းသတင်းဖော်ပြချက်တွေအရ သိရပါတယ်။
ချင်းပြည်နယ်မြောက်ပိုင်းက ဖလမ်းနဲ့ဟားခါးလမ်းပိုင်းမှာ တိုက်ပွဲတွေဖြစ်ပွားနေသလို တီးတိန်မြို့နယ်မှာလည်း တော်လှန်ရေးဘက်က မြို့သိမ်းတိုက်ပွဲဆင်နွဲမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီးနောက် မေလ ၂ ရက်နေ့ကစ လက်ရှိအချိန်ထိ တိုက်ပွဲတွေပြင်းထန်နေတာပါ။
“တီးတိန်ကိုသွားတဲ့လမ်းက ကလေးမြို့ကနေ မိုင်သုံးဆယ်လောက်ဝေးတဲ့ နေရာကနေ လမ်းခွဲထွက်သွားတာ။ ကလေး – ဖလမ်း – ဟားခါးလမ်းပေါ်က သိုင်းငင်းရွာကနေ မြောက်ဘက် တီးတိန်မြို့ရှိတဲ့ဆီကို လမ်းခွဲသွားတာ။ အခုတိုက်ပွဲတွေဖြစ်နေတာက သိုင်းငင်းနဲ့ တီးတိန်ကြားမှာ ဖြစ်နေတာ” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
တီးတိန်မြို့သိမ်းတိုက်ပွဲသတင်းတွေပေါ်ထွက်ခဲ့ပြီးနောက် စစ်တပ်က တီးတိန်မြို့ကို အင်အားဖြည့်ဖို့ ကလေးမြို့ကနေ အင်အား ၂၀၀ နဲ့ စစ်ကြောင်းထိုးလာတာကြောင့် သိုင်းငင်းနဲ့ တီးတိန်ကြားက အာလွယ်ရွာအနီးဝန်းကျင်မှာ ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားနေတာပါ။
တိုက်ပွဲတွေအတွင်း စစ်တပ်ဘက် ထိခိုက်သေဆုံးမှုတွေများပြီး ချင်းတော်လှန်ရေးပူးပေါင်းတပ်ဘက်ကလည်း ရဲဘော် ၄ ဦးကျဆုံးထားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
တီးတိန်မြို့သိမ်းတိုက်ပွဲသတင်းကြောင့် တီးတိန်မြို့က ဒေသခံတွေဟာ ဘေးလွတ်ရာကို ကြိုတင်တိမ်းရှောင်မှုပြုလုပ်ခဲ့ကြပြီး နောက်ထကပ်စစ်ဘေးရှောင်ဖို့ပြင်နေတဲ့ မြို့ပေါ်က ပြည်သူတွေကို စစ်တပ်က တားဆီးနေတယ်လို့ လည်း ဒေသခံတွေကဆီက သိရပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ယောဒေသကိုရော၊ ချင်းပြည်နယ်ကိုပါ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းပြည်နယ်မှာ ဧပြီ ၂၉ ရက်နေ့က မေ ၂ ရက်နေ့ထိ လေးရက်တာအတွင်း ကလေး ၆ ဦးအပါအဝင် အရပ်သား ၁၈ ဦး သေဆုံးခဲ့ပါတယ်။






