Home > သတင်း > စစ်ရေး > ကလေးမြို့ကနေ ချင်းပြည်နယ်ကို ချောဆွဲခံရတဲ့ ကားတွေ ပြန်မလွတ်သေး၊ စစ်တပ်က ကားတွေထပ်ချောဆွဲဖို့ လုပ်ဆောင်နေ

ကလေးမြို့ကနေ ချင်းပြည်နယ်ကို ချောဆွဲခံရတဲ့ ကားတွေ ပြန်မလွတ်သေး၊ စစ်တပ်က ကားတွေထပ်ချောဆွဲဖို့ လုပ်ဆောင်နေ

စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ ချင်းပြည်နယ်ကို စစ်တပ်က ချောဆွဲသွားတဲ့ ကားနဲ့ကားသမားတွေ ပြန်လွတ်မလာသေးသလို ကလေးမြို့ပေါ်မှာ နောက်ထပ်ကားတွေကို ချောဆွဲဖို့လည်း စစ်တပ်က ကြိုးစားနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၁၉ ရက်နေ့က ၊ အာဏာသိမ်းစစ်တပ်ဟာ ကလေးမြို့ပေါ်က ကားအစီး ၂၀ ခန့် ချောဆွဲပြီး ကားပေါ်မှာ စစ်တပ်အဖွဲ့ဝင်တွေနဲ့ ခဲယမ်းလက်နက်တွေတင်ဆောင်ကာ ဖလမ်းမြို့ကို ထွက်ခွာခဲ့ကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အာဏာသိမ်းစစ်တပ်က ဖလမ်းမြို့ကို ဧပြီ ၂၅ ရက်နေ့မှာ ပြန်လည်သိမ်းပိုက်ခဲ့ပေမယ့် ဖလမ်းမြို့ကို ချောဆွဲခံရတဲ့ ကားတွေနဲ့ ကားသမားတွေကတော့ နှစ်ပတ်ကျော်ကြာတဲ့အထိ ပြန်မရောက်ကြသေးသလို ဆက်သွယ်လို့လည်း မရဘူးလို့ ကားအသိုင်းအဝိုင်းနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
” အခု သူတို့ (စစ်တပ်) က ဖလမ်း – ဟားခါးကို စစ်ကြောင်းဆက်ထိုးနေတော့ အဲ့ဒီကိုပဲ ထပ်ခေါ်ဦးမှာလားမပြောတတ်ဘူး” လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
ကလေးမြို့ကနေ ဖလမ်းမြို့ကို အချောဆွဲခံရတဲ့ ကား ၂၀ ခန့်နဲ့ ကားသမား၊ ယာဥ်နောက်လိုက် ၂၀ ကျော်ထဲမှာ ကားအချို့ မိုင်းမိပျက်စီးတာတွေရှိခဲ့သလို ၊ ကားသမားယာဥ်နောက်လိုက်အချို့ ထိခိုက်ဒဏ်ရာရတာတွေရှိနေပြီး မျက်မှောက်ခေတ်အနေနဲ့ ထိခိုက်မှုကို အခြေအနေကို စုံစမ်းနေဆဲ ဖြစ်ပါတယ်။
” ပါသွားတဲ့ ကားတွေကတော့ မိုင်းထိတာတွေ သေချာပေါက်ရှိတယ်။ အခုလည်း ကလေးမြို့ပေါ်မှာ ခြောက်ဘီး၊ ဆယ့်နှစ်ဘီးတွေကို ပေါ်တာဆွဲဖို့ လုပ်နေတယ်။ ရွာတွေဘက်ကနေ မြို့ထဲကို ကားတွေမဝင်ရဲဘုး။ ချောထပ်ဆွဲနေတယ်။ ချောဆွဲခံရပြီးမှ ပိုက်ဆံပေးလို့ ပြန်လွတ်လာတဲ့ ကားလည်းရှိတယ်” လို့ ဖြစ်စဥ်ကို သိတဲ့ ကလေးဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ချင်းပြည်နယ်ကို စစ်ကြောင်းထွက်တဲ့အခါတိုင်း ချင်းပြည်နယ်စပ် ကလေးမြို့ကနေ အရပ်သားကားတွေကို ချောဆွဲလေ့ရှိခဲ့တာပါ။
၂၀၂၃ ခုနှစ်၊ မတ်လတုန်းကလဲ ကလေးမြို့ပေါ်က အရပ်သားကား ၂၇ စီးကို ချောဆွဲပြီး ကလေးမြို့ကနေ ချင်းပြည်နယ် ဟားခါးမြို့ကို လူ၊ ခဲယမ်းရိက္ခာဖြည့်ဖို့ သွားရောက်ခဲ့ရာမှာ ဟားခါးမြို့မရောက်ခင် ကားတွေအားလုံးနီးပါး ပျက်စီးခဲ့သလို ကားသမားသုံးဦး သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူတွေလည်းရှိတယ်လို့ တိုက်ပွဲတွင်းမှာ ကားကိုစွန့်ခွာပြီး ကိုယ်လွတ်ရုန်းပြေးခဲ့ရတဲ့ ကားသမားတစ်ဦးက မျက်မှောက်ခေတ်ကိုပြောပါတယ်။
လက်ရှိအချိန်မှာ ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်းမြို့နယ်နဲ့ တီးတိန်မြို့နယ်တို့မှာ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် ကလေးမြို့နယ်က ကားသမားတွေအနေနဲ့ ချင်းတောင်ပေါ်ကို အချောဆွဲခံရနိုင်တာကြောင့် စစ်တပ်ရှိတဲ့နေရာတွေကို ကားနဲ့မသွားလာမိကြဖို့လိုတယ်လို့ လည်း ဒေသခံတွေက ဆိုပါတယ်။
Photo – ၂၀၂၃ ၊ ဧပြီ ၁၃ ရက်နေ့က ကလေးမြို့ကနေ တက်လာတဲ့ စစ်တပ် ကားတန်းတိုက်ခိုက်ခံရစဥ်။

error: Content is protected !!