Home > သတင်း > စစ်ရေး > စစ်ရေး > စစ်တပ်က ချင်းပြည်နယ်ကို ရက်ဆက် လေကြောင်းတိုက်ခိုက်လို့ ၃ ရက်အတွင်း ၁၈ ဦးသေဆုံး

စစ်တပ်က ချင်းပြည်နယ်ကို ရက်ဆက် လေကြောင်းတိုက်ခိုက်လို့ ၃ ရက်အတွင်း ၁၈ ဦးသေဆုံး

အာဏာသိမ်းစစ်တပ်က ချင်းပြည်နယ်ကို ရက်ဆက် လေကြောင်းတိုက်ခိုက်တာကြောင့် ချင်းပြည်နယ်က အရပ်သား ၁၈ ဦး သေဆုံးခဲ့တာကို ဒေသတွင်းသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။
ဒီကနေ့ မေ ၁ ရက်နေ့ ညနေ ၃ နာရီကျော်မှာ ချင်းပြည်မြောက်ပိုင်း၊ ဖလမ်းမြို့နယ်၊ ဖလမ်း-ရိဒ်လမ်းမ အနီးက ခေါပွီးချစ်ပ်ရွာ ( Khawpichip) ကို လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် ၂ ဦးအပါအဝင် အရပ်သား ၆ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်းရှိတယ်လို့ ကနဦး သိရပါတယ်။
စစ်တပ်က တိုက်ပွဲတစ်စုံတစ်ရာဖြစ်ပွားတာမျိုးမရှိဘဲ ဖလမ်းမြို့နယ်၊ ခေါပွီးချစ်ပ်ရွာ ( Khawpichip) ထဲကို ဂျက်ဖိုက်တာနဲ့ ပေါင်ငါးရာဗုံးနှစ်လုံး ကြဲချခဲ့ရာမှာ ရွာလယ်က ဘော်လီဘောကွင်းအနီးကို ကျရောက်ပေါက်ကွဲ ခဲ့တယ်လို့ သိရပါတယ်။
စစ်တပ်ရဲ့ ဗုံးကြဲမှုကြောင့် ခေါပွီးချစ်ပ်ရွာ (Khawpichip) ဘော်လီဘောကွင်းအနီးက မိသားစုဝင် သားအဖ ၃ ဦး အပါအဝင် ၆ ဦးသေဆုံးပြီး ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဧပြီ ၃၀ ရက်နေ့ ၊ မနက် ၇ နာရီဝန်းကျင်မှာ ဖလမ်းမြို့နယ်၊ Khuaimual ရွာကို ဂျက်ဖိုက်တာနှစ်စီးနဲ့ လေကြောင်း တိုက်ခိုက်ခဲ့တာကြောင့် နေအိမ်တွေ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ဧပြီ ၃၀ ရက်နေ့က ချင်းပြည်တောင်ပိုင်း ၊ ကျင်ဒွေးမြို့တံတားအနီးကို ဒုတိယအကြိမ် လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသား ၂ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဧပြီ ၂၉ ရက်နေ့ကလည်း ကျင်ဒွေးမြို့၊ မုန်းချောင်းကိုဖြတ်ကူးတဲ့ ကျင်ဒွေးတံတားပြုပြင်ရေး လုပ်ငန်းခွင်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာကြောင့် အရပ်သား ၉ ဦး သေဆုံးပြီး ၄ ဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
ဧပြီလ ၃၀ ရက် နံနက် ၁၀ နာရီဝန်းကျင်က စစ်တပ်က Thlanrawn ကျေးရွာဝန်းကျင်တောင်ယာ စစ်ဘေးရှောင်တဲတွေကို ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက် ၁၇ နှစ်အရွယ် မငွန်နှဲတီလ် သေဆုံးခဲ့ရပါတယ်။
အာဏာသိမ်းစစ်တပ်က ဧပြီ ၂၅ ရက်နေ့မှာ ဖလမ်းမြို့ထဲကို ဝင်ရောက်နိုင်ပြီးနောက် ဟားခါးဘက်ကို စစ်ကြောင်းထိုးနေတာကြောင့် ဖလမ်း – ဟားခါးလမ်းမှာ တိုက်ပွဲတွေပြင်းထန်နေသလို ချင်းပြည်နယ်တောင်ပိုင်းကိုလည်း ယောဒသ၊ ကျောက်ထုဘက်ကနေ စစ်ကြောင်းထိုးမယ်ဆိုတဲ့ သတင်းတွေလည်း ပေါ်ထွက်နေပါတယ်။
Photo – Tluangtea Huiva

error: Content is protected !!