Home > သတင်း > စစ်ရေး > စစ်ရေး > ဂန့်ဂေါခရိုင်စစ်ဌာနကနေ တိုင်းရင်းသားဒေသမှာ သွားရောက်တာဝန်ထမ်းဆောင်ခဲ့တဲ့ ပထမစစ်ကြောင်း ပြန်လည်ရောက်ရှိ

ဂန့်ဂေါခရိုင်စစ်ဌာနကနေ တိုင်းရင်းသားဒေသမှာ သွားရောက်တာဝန်ထမ်းဆောင်ခဲ့တဲ့ ပထမစစ်ကြောင်း ပြန်လည်ရောက်ရှိ

မကွေးတိုင်း၊ ယောဒေသ၊ ဂန့်ဂေါခရိုင်စစ်ဌာန၊ တပ်ရင်းအသီးသီးကနေ တိုင်းရင်းသားဒေသကို သွားရောက်တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ ရဲဘော်တွေပါဝင်တဲ့ ပထမစစ်ကြောင်းဟာ ဧပြီ ၂၉ ရက်နေ့မှာ ယောဒေသ၊ ဂန့်ဂေါခရိုင်ကို ပြန်လည်ရောက်ရှိလာခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဂန့်ဂေါခရိုင်စစ်ဌာနက ထုတ်ပြန်ပါတယ်။
” ပျော်ကြတာပေါ့။ တစ်နှစ်န(နဲ့) ခြောက်လ ကြာခဲ့တာ။ ပန်းကုံးတွေနဲ့ကြိုကြတယ်။ မိသားစုတွေ၊ ဆွေမျိူးတွေပါမက တရွာလုံးပျော်ကြတာ” လို့ တိုင်းရင်းသားဒေသကနေ ပြန်လာတဲ့ သူတို့ရွာကရဲဘော်တစ်ဦးနဲ့ပတ်သက်ပြီး ယောဒေသ၊ ထီးလင်းမြို့နယ် ကျေးရွာတစ်ရွာက အမျိုးသမီးတစ်ဦးက ပြောပါတယ်။
ဂန့်ဂေါခရိုင်စစ်ဌာန ၊ တပ်ရင်း/တပ်ဖွဲ့တွေက ရဲဘော်တွေဟာ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ကွပ်ကဲအုပ်ချုပ်မှုကို ခံယူပြီး ၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၁၇) ရက်နေ့ကစ တိုင်းရင်းသားဒေသမှာ သွားရောက် တာဝန်ထမ်းဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။
တိုင်းရင်းသားဒေသမှာ သွားရောက်တာဝန်ထမ်းဆောင်ခဲ့တဲ့ ယောဒေသက ရဲဘော်တွေဟာ တစ်နှစ်ခွဲခန့်အကြာတာဝန်ထမ်းဆောင်ခဲ့ပြီး ပြန်လည်ရောက်ရှိလာကြတာဖြစ်ပါတယ်။
“တော်လှန်ရေးသမားရဲ့ မိသားစုဝင်တွေဆိုတာလည်း စိတ်ပူကြရတာပ။ အိမ်ထောင်ရှင်တွေလည်းပါတာကိုး။ သူတို့တွေလည်း ဝမ်းသာကြည်နူးကြရတာပ။ အစ်ကိုပြန်လာတဲ့ ညီမတွေကလည်း မျက်ရည်ကျန(နဲ့)၊ ဝမ်းနည်းဝမ်းသာဖြစ်ကြတာပ” လို့ နောက်ထပ် ယောဒေသခံ အမျိုးသမီးကြီးတစ်ဦးက ပြောပါတယ်။
တာဝန်ထမ်းဆောင်ခဲ့စဉ် ကာလအတွင်း ရဲဘော်တွေရဲ့ စွန့်လွှတ်အနစ်နာခံ ပေးဆပ်ခဲ့မှုတွေ၊ မဟာမိတ်အရာရှိစစ်သည်တွေရဲ့ စစ်ရေးအရ အဆင့်ဆင့် ကွပ်ကဲပေးမှုတွေ၊ ရဲဘော်ရဲဘက် ပီသစွာ အတူတကွ တိုက်ပွဲဝင်ခဲ့ကြတဲ့ မဟာမိတ် တော်လှန်ရေးရဲဘော်တွေနှင့် ပြည်သူတွေရဲ့ ကူညီထောက်ပံ့မှု အားလုံးကို ကောင်းစွာ မှတ်တမ်းတင် ထားရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဂန့်ဂေါခရိုင် စစ်ဌာနက ထုတ်ပြန်ထားပါတယ်။
မကွေးတိုင်း၊ ယောဒေသမှာ ကျောက်ထု၊ ထီးလင်း၊ ဂန့်ဂေါမြို့ပေါ်တွေနှင့် ဂန့်ဂေါနယ်မြောက်ပိုင်းအစွန်က မြောက်ခင်ရန်း၊ ကုက္ကား၊ ဟံသာဝတီ ကျေးရွာတွေကို စစ်တပ်ကထိန်းချုပ်ထားပြီး ကျန်ဒေသအများစုကို တော်လှန်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်လို့ သိရပါတယ်။

error: Content is protected !!