Home > သတင်း > စစ်ရေး > တီးတိန်မြိုကို ချင်းတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းတိုက်ခိုက်တာမလုပ်ဖို့ စစ်တပ်နဲ့ပူးပေါင်းနေတဲ့ ZRA က KIA ကို မေတ္တာရပ်ခံ

တီးတိန်မြိုကို ချင်းတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းတိုက်ခိုက်တာမလုပ်ဖို့ စစ်တပ်နဲ့ပူးပေါင်းနေတဲ့ ZRA က KIA ကို မေတ္တာရပ်ခံ

ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့ကို ချင်းတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး မြို့သိမ်းတိုက်ပွဲဖော်ဆောင်တာမျိုး မပြုလုပ်ဖို့ အာဏာသိမ်းစစ်တပ်နဲ့ ပူးပေါင်းနေတဲ့ ချင်းလက်နက်ကိုင်အဖွဲ့ ZRA က ကချင်လွတ်မြောက်ရေးတပ်မတော် KIA ကို မေတ္တာရပ်ခံကြောင်း မေလ ၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
တီးတိန်မြို့နယ်အခြေစိုက် PDF – Zoland ဦးဆောင်ပြီး၊ အချို့သော PDF နှင့် KIA တပ်ဖွဲ့တွေ တီးတိန်မြို့ကို ပူးပေါင်းတိုက်ခိုက်ဖို့ ပြင်ဆင်နေတဲ့သတင်းတွေ ရရှိထားကြောင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
မြို့သိမ်းတိုက်ပွဲဖော်ဆောင်ရေးအတွက် ကူညီပေးနေတဲ့ KIA တပ်ဖွဲ့ဝင်တွေအနေနဲ့ ညီအစ်ကိုချင်း အပြန်အလှန် ထိခိုက်နာကျင်မှုတွေ မဖြစ်စေဖို့ တိုက်ပွဲဖော်ဆောင်မှုနဲ့ပတ်သက်ပြီး စဉ်းစားပေးစေလိုတယ်လို့ ဇိုမီးလက်နက်ကိုင်အဖွဲ့ ZRA က ထုတ်ပြန်ပါတယ်။
ဧပြီ ၁၉ ရက်နေ့ကလည်း တီးတိန်မြို့မှာ နွေဦးတော်လှန်ရေးကို အကြောင်းပြပြီး မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်တာမျိုးကို လုံးဝခွင့်ပြုမှာမဟုတ်ဘဲ ဖော်ဆောင်ခဲ့ရင် ထာဝရရန်သူအဖြစ်သတ်မှတ်မယ်လို့ ZRA-EC က ထုတ်ပြန်ခဲ့ပါသေးတယ်။
အဆိုပါထုတ်ပြန်ချက်ကို ထုတ်ပြန်ပြီးနောက် မေ ၁ ရက်နေ့မှာ တီးတိန်မြို့သိမ်းတိုက်ပွဲမှာ ပါဝင်တာမျိုးမလုပ်ဖို့ KIA ကို မေတ္တာရပ်ခံစာ ထပ်မံထုတ်ပြန်ခဲ့တာပါ။
ပြီးခဲ့တဲ့၂၀၂၃ ခုနှစ်အတွင်းက တွန်းဇံမြို့နယ်မှာ KIA အနေနဲ့ ဒေသအခြေအနေကို နားလည်မှုမရှိဘဲ CNA/PDF များနောက်လိုက်ကာ လာရောက်တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်တွေကြောင့် များစွာ နာကျင်ခဲ့ရတယ်လို့ မေ ၁ ရက်နေ့ ထုတ်ပြန်ချက်က ဆိုပါတယ်။
သမိုင်းတစ်လျှောက် ကချင်နှင့် ဇိုမီးလူမျိုးများအကြား ပဋိပက္ခမရှိခဲ့ပေမယ့် CNA/CNF တို့ရဲ့ လုပ်ရပ်တွေ ကြောင့် သွေးမြေကျရမှာကို စိုးရိမ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တွန်းဇံမြို့နယ်အတွင်း KIA ပါဝင်တဲ့ တိုက်ခိုက်မှုကို တစ်ကြိမ် ခံခဲ့ရပြီးနောက် ယခု တီးတိန်မြို့အရေးမှာ KIA ထပ်မံပါဝင်လာပါက သည်းခံနိုင်မှာမဟုတ်ဘူးလို့လည်း ZRA က ဆိုပါတယ်။
ZRA အဖွဲ့ဝင်တွေဟာ လက်ရှိအချိန်မှာ တီးတိန်မြို့က ခလရ ၂၆၉ တပ်ရင်းထဲမှာ နေထိုင်နေပြီး အာဏာသိမ်းစစ်တပ်နဲ့ စစ်ရေး၊ နိုင်ငံရေး ပူးပေါင်းဆောင်ရွက်နေတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးခါစ အချိန်တုန်းကလည်း စစ်တပ်ကို တော်လှန်ဖို့ စတင်ပြင်ဆင်ခဲ့တဲ့ ချင်းတော်လှန်ရေး တပ်ဖွဲ့စခန်းအချို့ကို ZRA က ဝင်ရောက်ဖျက်ဆီးတာ၊ ကျေးရွာအချို့ကို ပြည်သူ့စစ်သင်တန်းပေးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ZRA အဖွဲ့ဟာ အာဏာသိမ်းစစ်တပ်ဆီကနေ လက်နက်ခဲယမ်းအကူအညီတွေရယူပြီး စစ်တပ်ရဲ့ လက်အောက်ခံအဖြစ် ပူးပေါင်းနေကြောင်း တီးတိန်မြို့နယ် အခြေစိုက် ချင်းတော်လှန်ရေးတပ်ဖွဲ့ PDF – Zoland က မတ် ၁၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
ကချင်လွတ်မြောက်ရေးတပ်မတော် KIA နဲ့ ချင်းအမျိုးသားတပ်မတော် CNA တို့ဟာ အာဏာသိမ်းစစ်တပ်ကို အတူပူးပေါင်းတိုက်ခိုက်နေကြောင်း CNF/ CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြီးခဲ့တဲ့၂၀၂၅ ခုနှစ် သြဂုတ် ၁၂ ရက်နေ့ကတည်းက ထုတ်ဖော်ပြောဆိုထားပါတယ်။
ကချင်လွတ်မြောက်ရေးတပ်မတော် KIA အနေနဲ့ ချင်းပြည်တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေရှိပြီး ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဇူလှိုင်လအတွင်းမှာ CNF/CNA ဌာနချုပ်KIA ဒုဗိုလ်ချုပ် ဂွန်မော်ဂွန် လာရောက်ခဲ့တယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။
ဓာတ်ပုံ – MTC၊ CJ KIA နဲ့ CNA တို့တွေ့ဆုံဆွေးနွေးစဥ်

error: Content is protected !!