Home > သတင်း > နိုင်ငံရေး > ယောနဲ့ချင်းဆက်သွယ်ထားတဲ့ ကံကြီးရွာလမ်းဆုံကို စစ်တပ်က တပ်စွဲပြီးနောက် ကျောက်ထုတပ်ကို သုံးရက်ဆက် ခဲယမ်းရိက္ခာဖြည့်

ယောနဲ့ချင်းဆက်သွယ်ထားတဲ့ ကံကြီးရွာလမ်းဆုံကို စစ်တပ်က တပ်စွဲပြီးနောက် ကျောက်ထုတပ်ကို သုံးရက်ဆက် ခဲယမ်းရိက္ခာဖြည့်

မကွေးတိုင်း၊ ယောဒေသ၊ ကျောက်ထုမြို့အမြောက်တပ်ကို အာဏာသိမ်းစစ်တပ်က သုံးရက်ဆက်တိုက် ခဲယမ်း၊ရိက္ခာတွေဖြည့်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ဒီနေ့ ညနေသုံးနာရီကျော်မှာ Y12 လေယာဥ်နဲ့ ကျောက်ထုလေယာဥ်ကွင်းကို လာချသွားတာ။ သုံးနာရီကျော်ကနေ လေးနာရီအထိ တစ်နာရီလောက်ဝဲပြီးချသွားတာ” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
ဧပြီ ၃၀ ရက်နေ့ မနေ့ကလည်း နေ့လယ် ၁၂ နာရီမှာ ကျောက်ထုကို Y 12 လေယာဥ်နဲ့ ရိက္ခာထုပ်တွေချခဲ့ပြီး ရိက္ခာမချခင်မှာ ကျောက်ထုမြို့ဝန်းကျင်ကို ဂျက်ဖိုက်တာလေးစီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဧပြီ ၂၉ ရက်နေ့၊ မနက် ၉ နာရီခွဲ ဝန်းကျင်မှာလည်း စစ်တပ်က Y-8 ထောက်ပို့လေယာဥ်နဲ့ ခဲယမ်း၊ရိက္ခာတွေ လာချပေးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဧပြီ ၂၅ ရက်နေ့ညပိုင်းမှာ ယော – ချင်း – ရခိုင် ဆက်သွယ်ရေးလမ်းပိုင်းက အဓိကလမ်းဆုံရှိတဲ့ ကံကြီးရွာကို ကျောက်ထုအမြောက်တပ် ၂၃၆ က အင်အား ၂၀၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုးပြီး လက်ရှိအချိန်ထိ တပ်စွဲထားတယ်လို့ သိရပါတယ်။
ချင်းပြည်နယ်တောင်ပိုင်း ၊ မင်းတပ်မြို့နဲ့ ဆယ်မိုင်ကျော်အကွာက ကံကြီးကျေးရွာလမ်းဆုံကို စစ်တပ်က တပ်စွဲထားပြီးနောက် ကံကြီးကျေးရွာအနီးက ကျောက်ထု စစ်တပ်ကို လေကြောင်းကနေ သုံးရက်ဆက် ရိက္ခာခဲယမ်းတွေ ဖြည့်တင်းပေးခဲ့တာဖြစ်ပါတယ်။
“အရင်က လေကြောင်းကနေ ရိက္ခာတွေလာချ ပေးတာမျိုးရှိပေမယ့် အခုလိုသုံးရက်ဆက်ကြီး လာချတာမျိုးတော့ မရှိသေးဘူး။ မင်းတပ်ဘက်ကို စစ်ကြောင်းထိုးမယ်ဆိုပြီးလည်း သတင်းတွေကြားနေရတယ်” လို့ နောက်ထပ် ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
ယောဒေသ၊ ကျောက်ထုမြို့ကို အာဏာသိမ်းစစ်တပ်က ဖေဖော်ဝါရီ ၉ ရက်နေ့က လေကြောင်းကနေ ရိက္ခာဖြည့်တင်းခဲ့ပြီးနောက် နှစ်လခွဲအကျော်အကြာမှာ ခုလို သုံးရက်ဆက် ရိက္ခာဖြည့်ခဲ့တာဖြစ်ပါတယ်။
စစ်တပ်က ကံကြီးကျေးရွာမှာ တပ်စွဲထားတာကြောင့် ဒေသတွင်းမှာ စစ်ရေးတင်းမာနေပြီး ဒေသခံတွေအနေနဲ့ စစ်တပ် တပ်စွဲထားတဲ့ ကံကြီးရွာလမ်းပိုင်းကို ဖြတ်သန်းသွားလာတာတွေမလုပ်ဖို့၊ လေကြောင်းအန္တရာယ်သတိရှိကြဖို့ တော်လှန်ရေးအင်အားစုတွေက နှိုးဆော်ထားပါတယ်

error: Content is protected !!