Home > သတင်း > စစ်ရေး > စစ်ရေး > ယောဒေသကို စစ်တပ်လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ပြီး ကျောက်ထုဘက်ကို ရိက္ခာထပ်ဖြည့်

ယောဒေသကို စစ်တပ်လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ပြီး ကျောက်ထုဘက်ကို ရိက္ခာထပ်ဖြည့်

မကွေးတိုင်း၊ ယောဒေသကို ဧပြီလ ၃၀ ရက်နေ့မှာ အာဏာသိမ်းစစ်တပ်က ဂျက်ဖိုက်တာတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ပြီး ကျောက်ထုမြို့စစ်တပ်ကိုလည်း ခဲယမ်းရိက္ခာတွေ ချပေးခဲ့တယ်လို့ သိရပါတယ်။

“ဒီနေ့ မနက် ဆယ်နာရီဝန်းကျင်မှာ ထီးလင်းမြို့နယ်နဲ့ ဂန့်ဂေါမြို့နယ်တောင်ပိုင်းကို ဂျက်ဖိုက်တာ နှစ်စီးနဲ့ နှစ်ကြိမ်စီကြဲသွားတယ်။ နေရာအတိအကျနဲ့ ထိခိုက်မှုတွေ မသိရဘူး”လို့ ထီးလင်းမြို့နယ် ယောဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ဒီကနေ့ နေ့လယ် ဆယ့်နှစ်နာရီကနေ ဆယ့်နှစ်ခွဲအတွင်း ယောဒေသ ကျောက်ထုနှင့် ချင်းပြည်နယ် မင်းတပ်မြို့နယ် နယ်စပ်နေရာတွေကို ဂျက်ဖိုက်တာလေးစီးနဲ့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ယောဒေသ၊ ကျောက်ထုမြို့နယ်ထဲကို လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပြီးနောက် Y 12 လေယာဥ်နဲ့ ကျောက်ထုမြို့ အမတ (၃၆၈) ထဲကို လက်နက်ခဲယမ်းရိက္ခာများ ချပေးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဧပြီလ ၂၉ ရက်နေ့ကလည်း Y 8 လေယာဥ်နဲ့ ကျောက်ထုမြို့ အမတ (၃၆၈) ထဲကို လက်နက်ခဲယမ်းရိက္ခာတွေ ချပေးခဲ့ပြီး ဒီကနေ့မှာလည်း ခဲယမ်းရိက္ခာတွေ ထပ်ချပေးခဲ့တာဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ယော – ချင်း – ရခိုင် ဆက်သွယ်ရေးလမ်းကြောင်းမှာ အရေးပါတဲ့ ကျောက်ထု-မင်းတပ်ကားလမ်းပေါ်က ကံကြီးကျေးရွာကို ဧပြီလ ၂၅ ရက်နေ့မှာ စစ်ကြောင်းထိုး တပ်စွဲထားပါတယ်။

ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က ပြန်သိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်တောင်ပိုင်းကိုလည်း ယောဒေသဘက်ကနေ စစ်ကြောင်းထိုးမယ်ဆိုတဲ့ သတင်းတွေလည်း ဒေသတွင်းမှာ ထွက်ပေါ်နေပါတယ်။

error: Content is protected !!