Home > သတင်း > စစ်ရေး > ချင်းပြည်နယ်၊ ကျင်ဒွေးမြို့ကို စစ်တပ်က လေကြောင်းတိုက်ခိုက်လို့ အရပ်သား ၉ ဦး သေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရ

ချင်းပြည်နယ်၊ ကျင်ဒွေးမြို့ကို စစ်တပ်က လေကြောင်းတိုက်ခိုက်လို့ အရပ်သား ၉ ဦး သေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရ

ချင်းပြည်နယ်တောင်ပိုင်း ကျင်ဒွေးမြို့၊ မုန်းချောင်းကိုဖြတ်ကူးတဲ့ ကျင်ဒွေးတံတားပြုပြင်ရေး လုပ်ငန်းခွင်ကို ဧပြီ ၂၉ ရက်နေ့မှာ အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာကြောင့် အရပ်သား ၉ ဦး သေဆုံးပြီး ၄ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့၊ ကျင်ဒွေး တံတားလုပ်ငန်းခွင်ကို စစ်တပ်က ဧပြီ ၂၉ ရက်နေ့ မနက် ၁၀ နာရီကျော်မှာ ဂျက်ဖိုက်တာနှစ်စီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် တံတားပြုပြင်နေတဲ့ ဒေသခံ အမျိုးသား ၈ ဦး၊ အမျိုးသမီး ၁ ဦးသေဆုံး ခဲ့တယ်လို့သိရပါတယ်။
စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဦးထိန်လင်း၊ ဦးသောင်းဖေ၊ ဦးပြည့်ဖြိုးအောင်၊ ဦးမောင်လုံး၊ ဦးဌေးအောင်၊ ဦးခင်အောင်၊ ဦးကွီးလုံ၊ ဦးပြည့်ဖြိုးအောင် နှင့် ဒေါ်မထွေးတို့ သေဆုံးခဲ့တယ်လို့ ချင်းပြည်သူ့အစည်းအရုံးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
စစ်တပ်ရဲ့ ဗုံးကြဲမှုကြောင့် အသက်သုံးဆယ်အရွယ် အမျိုးသား ၁ ဦး၊ အသက်သုံးဆယ့်ခုနစ်နှစ်အရွယ် ၄ ဦး၊ အသက် သုံးဆယ့်ရှစ်နှစ်အရွယ် ၁ ဦး၊ အသက် လေးဆယ့်လေးနှစ်အရွယ် ၁ ဦး၊ အသက် ငါးဆယ့်ငါးနှစ်အရွယ် ၁ ဦးနှင့် အသက် ငါးဆယ်အရွယ် အမျိုးသမီး ၁ ဦးတို့ သေဆုံးခဲ့တာပါ။
ဒါ့အပြင် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးအပါအဝင် အမျိုးသား ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး JCB စက်ကြီး ၁ စီး၊ Dayan ကား ၁ စီးနဲ့ KENBO R ဆိုင်ကယ် ၄ စီး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ဧပြီ ၁၁ ရက်နေ့ ညပိုင်းကလည်းချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့ပေါ်ကို အာဏာသိမ်းစစ်တပ်က ဂျက်ဖိုက်တာ သုံးစီးနဲ့ လေကြောင်းတိုက်ခဲ့တာကြောင့် အဆောက်အဦ ၂၀ ကျော်နှင့် ကား ၄ စီး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
၂၀၂၆ ခုနှစ် ဇန်နဝါရီကနေ မတ်လအထိ သုံးလတာအတွင်း စစ်တပ်က ချင်းပြည်နယ်ကို လေကြောင်းတိုက်ခိုက်မှု ၁၇၃ ကြိမ်ပြုလုပ်ခဲ့ပြီး အရပ်သား ၁၉ ဦးသေဆုံးကာ ၄၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO က ဧပြီ ၂ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

error: Content is protected !!