တက်နေထွန်း
(မျက်မှောက်ခေတ် အတွေးအမြင်)
တော်လှန်ရေးကာလမှာ စစ်ရှောင်နေကြရတဲ့ ပြည်သူတွေအများကြီးရှိတယ်။ စစ်ရှောင်စခန်းတွေ အများကြီးရှိတယ်။ အချို့စစ်ရှောင်စခန်းတွေက လမ်းပန်းဆက်သွယ်ရေး လွယ်ကူပေမယ့် အချို့စစ်ရှောင်စခန်းတွေက တောထဲတောင်ထဲမှာ။
သွားလာဖို့၊ ဆက်သွယ်ဖို့ မလွယ်ကူကြပါဘူး။ စစ်ရှောင်တွေဟာ စစ်ရှောင်စခန်း ဆောက်လုပ်နေကြတော့ သူတို့ဟာ သီးသန့် Community ဖြစ်နေတယ်။ တော်လှန်ရေးကာလမှာ စစ်ရှောင် Community တွေကို ဂရုစိုက်ဖို့ အင်မတန် အရေးကြီးတယ်။
စစ်ဘေးရှောင်စခန်းမှာ နေထိုင်ကြတဲ့သူတွေဟာ စစ်ဘေးမရှောင်ဘဲ ကိုယ့်ရပ်ရွာမှာကိုယ် နေကြရတဲ့ သူတွေနဲ့ မတူဘူးဆိုတာကို နားလည်ဖို့လိုပါတယ်။ သူတို့မှာ စားသောက်မှု၊ ဝတ်ဆင်မှု၊ နေထိုင်မှု ဒီသုံးခုထဲ လိုအပ်တာမဟုတ်ပါဘူး။ သူတို့ဟာ နွေးထွေးတဲ့ဆက်ဆံရေး၊ တန်းတူတန်ဖိုးထားခံရခြင်းနဲ့ အပြန်အလှန်လေးစားမှုကိုလည်း လိုအပ်ပါတယ်။
စစ်ရှောင်စခန်းတွေမှာ စစ်ရှောင်ပြည်သူအချင်းချင်း မတည့်ကြတာ၊ မညီညွတ်ကြတာတွေ ရှိတတ်တာ သဘာဝပါ။ သူတို့မှာ နေထိုင်စရာ အိမ်ကောင်းကောင်းမရှိဘူး။ သူတို့မှာ ဝတ်ဆင်စရာ လုံလုံလောက်လောက် မရှိဘူး။ အဟာရပြည့်ဝတဲ့ အစားအစာကို အများအားဖြင့် မစားနိုင်ကြဘူး။လူရဲ့အခြေခံလိုအပ်ချက်ဖြစ်တဲ့ စား၊ ဝတ်၊ နေ ရေး ချို့တဲ့လေ၊ အချင်းချင်းသည်းခံမှု နည်းကြလေဖြစ်တတ်တာ လူ့သဘာဝပါ။ ဒါစိတ်ထားညံ့တာမဟုတ်ပါဘူး။ဒါကို စိတ်ထားညံ့တယ်ထင်ပြီး စစ်ရှောင်ပြည်သူတွေကို ခွဲခြားဆက်ဆံမိခဲ့ရင် မှားယွင်းတဲ့ လမ်းစဥ်ကို သွားနေပြီဖြစ်ပါတယ်။
စစ်ရှောင်ပြည်သူတွေကို နီးစပ်ရာတာဝန်ရှိသူတွေ၊ စွမ်းနိုင်တဲ့ ဒေသခံတွေက စားဝတ်နေရေးအတွက် တတ်နိုင်သမျှ ကူညီဖြေရှင်းပေးနိုင်ကြရင် စစ်ရှောင်တွေအများစုဟာ သူ့အလိုလို ညီညွတ်မှုကို တည်ဆောက်ပြီး တော်လှန်ရေးမှာ ပိုမိုပါဝင်လာကြမှာဖြစ်ပါတယ်။
နောက်အရေးကြီးတဲ့အချက်တွေက စစ်ဘေးရှောင်တွေကို နွေးထွေးစွာဆက်ဆံဖို့၊ တန်းတူညီတူ သဘောထားဆက်ဆံဖို့၊ အပြန်အလှန်လေးစားမှုရှိကြဖို့ ဖြစ်ပါတယ်။
စစ်ဘေးရှောင်တွေဟာ စစ်အာဏာရှင်တော်လှန်ရေးအတွက် သူတို့ပိုင်ဆိုင်သမျှကို စွန့်ခဲ့ကြသူတွေမို့ ဂုဏ်သိက္ခာအားဖြင့် မြင့်မားသူတွေဖြစ်တယ်ဆိုတာ မမေ့ဖို့လိုပါတယ်။ သူတို့ဟာ တကယ်ကိုပဲ လေးစားမှုနဲ့ ထိုက်တန်တဲ့သူတွေဖြစ်ပါတယ်။ စစ်ဘေးရှောင်တွေထဲမှာ သူတို့ရဲ့ နေရာနှင့်ပိုင်ဆိုင်မှုတွေကို မလွဲသာမရှောင်သာ စွန့်လွတ်ခဲ့ရသူတွေလည်း ရှိနိုင်ပါတယ်။ သူတို့တွေဟာလည်း အခြားရွေးချယ်စရာမရှိသူတွေမို့ သူတို့အပေါ် ကရုဏာတရား ထားရမှာဖြစ်ပါတယ်။
စစ်ရှောင်စခန်းမှာနေပေမယ့် ငွေကြေး အဆင်ပြေသူအချို့ ရှိတတ်ကြပါတယ်။ အရေအတွက်အားဖြင့်တော့ နည်းပါတယ်။ ဒီလို ပုဂ္ဂိုလ်တွေရှိတာဟာ စစ်ရှောင်စခန်းအတွက် ကံကောင်းမှုတစ်ခုပါ။ စစ်ရှောင်စခန်းရဲ့ လူမှုရေး၊ ပညာရေးကို ဒီလိုပုဂ္ဂိုလ်တွေကပဲ ဦးဆောင်လုပ်နိုင်ကြတာဖြစ်ပါတယ်။ အချို့က စစ်ရှောင်စခန်းက ငွေကြေးအဆင်ပြေတဲ့ ပုဂ္ဂိုလ်အချို့ကို ကြည့်ပြီး စစ်ရှောင်တွေလည်း ပိုက်ဆံရှိကြတယ်၊ ကူညီစရာသိပ်မလိုပါဘူးလို့ ဝါးလုံးသိမ်း မြင်တတ်ကြပါတယ်။ တကယ်တော့ စစ်ရှောင်အများစုဟာ နှစ်ကြာလာတာနှင့်အမျှ ဆင်းရဲမှုနဲ့ နေ့စဥ်နပန်းလုံးနေကြရတာဖြစ်ပါတယ်။
စစ်ရှောင်စခန်းတစ်ခုမှာ ပညာရေးကို ကောင်းကောင်း အကောင်အထည် ဖော်နိုင်သလားဆိုတာ ကြည့်ပြီး စစ်ရှောင်တွေရဲ့ အနာဂါတ်ကို မှန်းလို့ရပါတယ်။ ပညာရေးကို အသင့်အတင့်အကောင်အထည်ဖော်နိုင်တယ်၊ စစ်ရှောင်စခန်းမှာ မားမားမတ်မတ်ရပ်နိုင်တဲ့ ပုဂ္ဂိုလ်၊ ဆရာ၊ဆရာမတွေရှိတယ်ဆိုရင် ဒီစစ်ရှောင်ပြည်သူတွေရဲ့ အနာဂါတ်ဟာ ကောင်းပါတယ်။ တိုးတက်အောင်မြင်မှု နည်းရင်တောင် စစ်ရှောင်လူ့အဖွဲ့အစည်းကို မပျက်ယွင်းအောင် ထိန်းကြောင်းနိုင်မှာ ဖြစ်ပါတယ်။
စစ်ရှောင်စခန်းတစ်ခုမှာ မားမားမတ်မတ် ရပ်နိုင်တဲ့ ပုဂ္ဂိုလ်မျိုး၊ ဆရာ၊ဆရာမ ဒါမှမဟုတ် သာသနာရေးနဲ့ဆိုင်တဲ့ ပုဂ္ဂိုလ် တစ်စုံတစ်ဦးမှ မရှိဘူးဆိုရင်တော့ အဲ့ဒီစစ်ရှောင်စခန်း လူမှုအဖွဲ့အစည်းဟာ ပျက်ယွင်းသွားမှာ သေချာပါတယ်။ ပျက်ယွင်းသွားတဲ့ လူမှုအဖွဲ့အစည်းဟာ အချင်းချင်း မေတ္တာမထားနိုင်ကြဘူး။ စည်းလုံးညီညွတ်မှု၊ အပြန်အလှန်လေးစားမှုတွေ မတည်ဆောက်နိုင်ဘူး။ လူ့ကျင့်ဝတ်နှင့် ဥပဒေကို လွယ်လွယ်ကူကူ ချိုးဖောက်လာကြမယ်။ စသဖြင့်… ဆိုးကျိုးတွေက အများကြီးဖြစ်ပါတယ်။
စစ်ရှောင်လူမှုအဖွဲ့အစည်း အပါအဝင် အချို့ကျေးရွာတွေမှာ လူမှုအဖွဲ့အစည်း ပျက်ယွင်းမှုရဲ့ လက္ခဏာတွေရှိလာတယ်ဆိုရင် တာဝန်ရှိသူတွေ၊ စွမ်းနိုင်သူတွေက သတိထားပြီး ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့တွေ တတ်နိုင်သလောက်ပေးပြီး တည်ဆောက်ကြရမှာဖြစ်ပါတယ်။ တော်လှန်ရေးအောင်မြင်ဖို့၊ ဒီမိုကရေစီရဖို့အတွက် လူ့အဖွဲ့အစည်းတွေ ပျက်ယွင်းလို့မရဘူး။ လူမှုအဖွဲ့အစည်းကို ကောင်းကောင်းတည်ဆောက်မှ အောင်မြင်နိုင်မယ်ဆိုတာကို လေးလေးနက်နက် နားလည်ဖို့ လိုအပ်ပါတယ်။
#တက်နေထွန်း
#မျက်မှောက်ခေတ်
#အတွေးအမြင်






