Home > သတင်း > စစ်ရေး > BNRA နဲ့ NUG တပ်ဖွဲ့ဝင်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားတဲ့နေရာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်

BNRA နဲ့ NUG တပ်ဖွဲ့ဝင်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားတဲ့နေရာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ BNRA နဲ့ NUG တပ်ဖွဲ့ဝင်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားတဲ့နေရာကို စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်သွားတယ်လို့ ဒေသခံကပြောပါတယ်။
ဒီကနေ့ ဖေဖော်ဝါရီ ၁၇ ရက် နံနက်ပိုင်းအချိန်မှာ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် – Burma National Revolutionary Army (BNRA) လက်အောက်ခံတပ်ဖွဲ့ဝင်တွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့တပ်ရင်းတပ်ဖွဲ့ဝင်တွေကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဒေသခံကပြောပါတယ်။
“မနက်က အစောကြီးပဲ ပစ်ခတ်တဲ့အသံတွေကြားရတယ်။ ၈ နာ​ရီလောက်ကြတော့ နဂါးအဖွဲ့နဲ့ NUG အောက်ခံတပ်အချို့ ထိတွေ့မှုဖြစ်တယ်လို့ကြားရတာ။ ထိတွေ့မှုက တင်းမာနေတုန်း စစ်ကော်မရှင်တပ်က လေကြောင်းနဲ့ လာကြဲသွားတာ။ နှစ်ဖက်ထိခိုက်တာတွေရှိတယ်လို့တော့ကြားရတယ်” လို့ ပုလဲမြို့နယ်ဒေသခံတဦးက ပြောပါတယ်။
ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကလည်း ပုလဲမြို့နယ်တနေရာမှာ ယင်းမာပင်ခရိုင် တပ်ရင်း(၄)မှာ တာဝန်ထမ်းဆောင်​နေတဲ့ ရဲဘော်ကိုကတုံးနဲ့ BNRA တပ်ဖွဲ့ဝင်တို့အကြား ထိတွေ့မှုဖြစ်ပွားခဲ့ကြပြီးနောက် ရဲဘော်ကိုကတုံးဆိုသူ သေဆုံးတဲ့ဖြစ်ရပ် ဖြစ်ပွားခဲ့သေးတယ်လို့ ဒေသခံကပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUGက BNRA တပ်ဖွဲ့ဝင်အချို့ကို တရားဥပဒေလမ်း​ကြောင်းအရ အရေးယူဆောင်ရွက်သွားဖို့ တောင်းဆိုရာကနေ နှစ်ဖက်တင်းမားပြီးနောက် အခုလို ထိတွေ့မှုဖြစ်ပွားခဲ့တာလို့လည်း ဒေသခံကပြောပါတယ်။

error: Content is protected !!