Home > ဆောင်းပါး > တိုက်ပွဲဝင်ရဲဘော်တွေရဲ့ အသက်ဟာလက်နက်ပွဲစား လက်ထဲမှာရှိသလား

တိုက်ပွဲဝင်ရဲဘော်တွေရဲ့ အသက်ဟာလက်နက်ပွဲစား လက်ထဲမှာရှိသလား

တက်နေထွန်း
( မျက်မှောက်ခေတ် အတွေးအမြင်)

တိုက်ပွဲတစ်ပွဲဖြစ်ပြီဆိုရင် ရဲဘော်တွေမှာ ကျည်ရှိဖို့ဟာ အရေးကြီးတယ်။ ကျည်ကုန်လို့ သေရတဲ့ ရဲဘော်တွေအကြောင်း တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နီးစပ်သူတွေ ကြားဖူးကောင်း ကြားဖူးကြပါလိမ့်မယ်။ တိုက်ပွဲတစ်ပွဲဖြစ်ပြီဆိုရင် တော်လှန်ရေးတပ်ဖွဲ့က ခေါင်းဆောင်တွေဟာ ကျည်ကို မရရအောင် ရှာကြရတယ်။

“တစ်တောင့်ကို ခုနစ်ထောင်ပေါက်နေတဲ့ကျည်က တိုက်ပွဲဖြစ်နေတော့ ကိုးထောင်ပေါက်သွားတယ်။ တောင်းတောင်းပန်ပန်စျေးဆစ်တာလည်းမရဘူး။ မရရအောင်ပိုက်ဆံချေးပြီး ဝယ်ရတယ်။ တစ်ဖက်မှာက တိုက်ပွဲ၊ ရဲဘော်တွေရဲ့အသက်။ ကျည်က မဖြစ်မနေ လိုအပ်နေတာကိုး” လို့ တော်လှန်ရေးတပ်ဖွဲ့ရဲ့ ခေါင်းဆောင်တစ်ဦးက စာရေးသူကို ရင်ဖွင့်ပါတယ်။ သူပါဝင်တဲ့ တပ်ဖွဲ့ဟာ ပြည်သူတွေကြားမှာ နာမည်ပျက်မရှိဘဲ တော်လှန်ရေးကို တစိုက်မတ်မတ် လုပ်နေတဲ့ တပ်ဖွဲ့အဖြစ် နာမည်ကောင်းရတဲ့ တပ်ဖွဲ့တစ်ခုဖြစ်ပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေဟာ အရံကျည်ကို တတ်နိုင်သမျှ စုဆောင်းကြတာပါပဲ။ ဒါပေမယ့် တိုက်ပွဲဆိုတာ မမျော်လင့်တာတွေဖြစ်တတ်ကြတယ်။ အချို့ဒေသက တော်လှန်ရေးတပ်ဖွဲ့တွေဟာ သူတို့ဒေသမှာ ရွှေထွက်လို့၊ ရေနံထွက်လို့ ဆိုပြီး ဒါတွေရောင်းကာ ကျည်ဝယ်ရတာမဟုတ်ပါဘူး။ ဒေသခံ တောင်သူလယ်သမားတွေရဲ့ ချွေးနည်းစာကို အလှူခံပြီး ဝယ်ယူကြရတာဖြစ်ပါတယ်။

တကယ်တော့ လက်နက်ပွဲစားတွေဟာ ကျည်ကိုစုဆောင်းထားပြီး ဒီလိုအချိန်ကောင်း အခါကောင်းကို စောင့်ကြတာပါ။ ဘယ်အချိန်လောက်မှာ တိုက်ပွဲဖြစ်မယ်ဆိုတာ သူတို့က သိကြတယ်ဆိုတော့ သူတို့ဟာ သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ရင်းနှီးသူတွေ ဖြစ်ရင်လည်း ဖြစ်မယ်။ ဒါမှမဟုတ် လက်နက်ရောင်းဝယ်ဖို့ ရင်းနှီးမြှုပ်နှံထားတဲ့အထဲမှာ ပါနေလို့ ဖြစ်ပါလိမ့်မယ်။

” ကျည်တစ်တောင့်အပေါ်ကို တစ်တောင့်နှစ်ထောင်နှုန်း စျေးတင်ပစ်လိုက်တော့ ကျည်တစ်ထောင်ဆို သိိန်းနှစ််ဆယ်၊ နေရာတင်သူတို့ရလိုက်တာပေါ့” လို့ လက်နက်ရောင်းဝယ်ရေးနဲ့ ဆက်စပ်နေတဲ့ သူတစ်ဦးကပြောပါတယ်။ လက်နက်အရောင်းအဝယ်လုပ်ရာမှာ မိမိအတွက် သင့်တော်ရုံသာ အမြတ်ယူပြီး တော်လှန်ရေးအတွက် ရှေးရှုတဲ့ လက်နက်ရောင်းဝယ်သူတွေ ရှိပေမယ့် အရေအတွက် အင်မတန်နည်းတယ်လို့ သူကဆိုပါတယ်။

ခေတ်ပျက်သူဌေးတွေဆိုတာ သမိုင်းတလျောက် ပေါ်ခဲ့ကြတာပါပဲ။ ခေတ်ပျက်တဲ့အချိန်ဟာ စီးပွားရှာလို့အကောင်းဆုံးဖြစ်ကြောင်း လေရူးသုန်သုန်ထဲက ဇာတ်ကောင် ရက်ဘတ်တလာ အပါအဝင် လူတော်တော်များများ ပြောခဲ့ကြပါပြီ။ စာရေးသူတို့နိုင်ငံမှာလည်း ဒီလိုလူတန်းစားသူဌေးတွေ ကျေးလက်တွေအထိ ပေါ်ပေါက်နေပြီ ဖြစ်ပါတယ်။

ဒီနေရာမှာ စဥ်းစားစရာရှိတာက သမိုင်းမှာ အရင်က ဖြစ်ပျက်ခဲ့တာတွေအတိုင်း လိုက်ပြီးဖြစ်ပျက်ရမှာလား။ မထိန်းကြောင်းကြတော့ဘူးလား ဆိုတဲ့ ကိစ္စဖြစ်ပါတယ်။ စာရေးသူတို့ပြည်သူတွေဟာ စစ်အာဏာရှင်ကိုမကြိုက်လို့ တော်လှန်တယ်။ လူတစ်စုသာ အခွင့်အရေးအကြီးကြီးရကြတဲ့ အာဏာရှင်စနစ်ကို လက်မခံလို့ တော်လှန်တယ်။ တနည်းအားဖြင့် ကိုယ့်နိုင်ငံရဲ့ သမိုင်းကို ပြောင်းပစ်ဖို့ တော်လှန်နေတာဖြစ်တယ်။

သမိုင်းကိုပြောင်းပစ်မယ့် ပြည်သူ့တော်လှန်ရေးမှာ သမိုင်းတလျောက် မကောင်းတဲ့ အဖြစ်အပျက်တွေကို မဖြစ်ပျက်အောင်၊ ဖြစ်ပျက်မှုနည်းအောင် ဝိုင်းဝန်းထိန်းကြောင်း ကြရမှာဖြစ်တယ်။ ဒီအရာတွေကို မထိန်းကြောင်းနိုင်ရင် သမိုင်းကို ပြောင်းဖို့ခက်မယ်။

ဆောင်းပါးအစမှာပြောခဲ့သလို ရဲဘော်တွေရဲ့အသက်နဲ့ ကျည်စျေးကစားတဲ့ လုပ်ရပ်ကတော့ တော်လှန်ရေးကာလ၊ တော်လှန်ရေးနယ်မြေမှာ အင်မတန်ရုပ်ဆိုးတဲ့ လုပ်ရပ်ဖြစ်တယ်။ စစ်ပွဲဖြစ်တဲ့နေရာတိုင်းမှာ လက်နက်ပွဲစားဆိုတာရှိတတ်ကြပေမယ့် ရဲဘော်တွေရဲ့ အသက်နဲ့ စျေးကစားတဲ့ လုပ်ရပ်အထိ မရောက်အောင်တော့ နည်းလမ်းရှာပြီး ဝိုင်းဝန်းထိန်းကြောင်းကြဖို့ လိုနေပြီဖြစ်ပါတယ်။

#မျက်မှောက်ခေတ်
#တက်နေထွန်း

error: Content is protected !!