Home > သတင်း > စစ်ရေး > ယောဒေသ၊ကျောက်ထုကို စစ်တပ်က လေကြောင်းကနေ ခဲယမ်း၊ရိက္ခာဖြည့်

ယောဒေသ၊ကျောက်ထုကို စစ်တပ်က လေကြောင်းကနေ ခဲယမ်း၊ရိက္ခာဖြည့်

မကွေးတိုင်း၊ ယောဒေသ၊ ကျောက်ထုမြို့စစ်တပ်ကို ဒီကနေ့၊ မနက် ၉ နာရီခွဲ ဝန်းကျင်မှာ Y-8 ထောက်ပို့လေယာဥ်နဲ့ ခဲယမ်း ရိက္ခာတွေ လာချပေးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“ကျောက်ထုလေယာဥ်ကွင်းပေါ်ဝဲပျံပြီး ရှစ်ကြိမ်ရှိတယ်။ အထုပ်တွေချသွားတာ” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ကျောက်ထုမြို့ အမတ ၃၆၈ တပ်က အင်အား ၁၈၀ ဝန်းကျင်ပါ စစ်တပ်စစ်ကြောင်းဟာ ကျောက်ထုမြို့အနီး ယော – ချင်း- ရခိုင် ဆက်သွယ်ရေးလမ်းပေါ်က ကံကြီးရွာ လမ်းဆုံကို ဧပြီ ၂၅ ရက်နေ့ညပိုင်းက ဝင်ရောက်ပြီး ဒီကနေ့အထိ တပ်ချထားတယ်လို့ သိရပါတယ်။

ယောနဲ့ချင်း အဓိကဆက်သွယ်ရေးလမ်းဆုံကို စစ်တပ်ကဝင်ရောက်ပြီး လေးရက်မြောက်နေ့မှာ စစ်တပ်က ကျောက်ထုကို ခဲယမ်း၊ရိက္ခာ ဖြည့်ခဲ့တာဖြစ်ပါတယ်။

ယောဒေသ၊ကျောက်ထုမြို့အနီး၊ ကံကြီးကျေးရွာမှာ တပ်စွဲထားတဲ့ စစ်တပ်စစ်ကြောင်းဟာ ကံကြီးရွာနဲ့ ဆယ်မိုင်ကျော်သာဝေးတဲ့ မင်းတပ်မြို့ဘက်ကို စစ်ကြောင်းထိုးနိုင်ချေရှိတယ်ဆိုတဲ့ သတင်းတွေလည်း ဒေသတွင်းမှာ ထွက်ပေါ်နေပါတယ်။

“စစ်ကြောင်းက မင်းတပ်ကို ဆက်ထိုးမှာလား။ ကျောက်ထုပြန်ဝင်မှာလား။ ကံကြီးမှာပဲ အထိုင်ချမှာလားဆိုတာ တကယ်တိတိပပ မသိနိုင်ပါဘူး။ စစ်တပ်ပဲ သိမှာပဲ။ လေကြောင်းကနေ ရိက္ခာချတာတော့ အရင်ကလည်း ချနေတာပဲ။ အခုမှမဟုတ်ပါဘူး” လို့ ယောဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

ယောဒေသက ကျောက်ထုမြို့နဲ့ ထီးလင်းမြို့က စစ်တပ် တပ်ဖွဲ့ဝင်တွေအတွက် အာဏာသိမ်းစစ်တပ်က လေကြောင်းကနေပဲ ရိက္ခာဖြည့်တင်းနိုင်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကျောက်ထုမြို့ကို ပြီးခဲ့တဲ့ ဖေဖေဖော်ဝါရီလ ၉ ရက်နေ့ကလည်း လေကြောင်းကနေ ရိက္ခာထုပ်တွေချပေးခဲ့ပြီး ဧပြီ ၈ ရက်နေ့မှာ ထီးလင်းမြို့ပေါ်ကို ရိက္ခာထုပ်တွေ ချပေးခဲ့တယ်လို့ သိရပါတယ်။

ယောဒေသနဲ့ ချင်းပြည်နယ်တောင်ပိုင်းကို ဆက်သွယ်ထားတဲ့ အဓိကလမ်းဆုံရှိရာ ကံကြီးကျေးရွာမှာ စစ်တပ်က လက်ရှိအချိန်ထိ ရှိနေတာကြောင့် ကံကြီးရွာလမ်းပိုင်းကို လုံးဝသွားလာတာ မလုပ်ကြဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေးထားပါတယ်။

ပုံစာ – ကျောက်ထုလေယာဥ်ကွင်း။

error: Content is protected !!