(မျက်မှောက်ခေတ် သတင်းဆောင်းပါး)
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ တီးတိန်မြို့နယ်နှင့် စစ်ကိုင်းတိုင်း ကလေးမြို့နယ်တို့တွင်၂၀၂၅ ခုနှစ် ၊ အောက်တိုဘာ လကုန်ပိုင်းမှစပြီး လက်ရှိအချိန်ထိ စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေကြသည်။
စစ်ကော်မရှင်လက်အောက်ခံ စစ်တပ်က ကလေးမြို့နယ်တောင်ပိုင်းနှင့် ချင်းပြည်၊ တီးတိန်မြို့နယ်နှင့် ဖလမ်းမြို့နယ်တွေကို အင်အားနှစ်ထောင်ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးခဲ့ရာမှ လက်ရှိအချိန်ထိ တိုက်ပွဲတွေဖြစ်ပွားနေခြင်းဖြစ်သည်။
ချင်းပြည်၊ တီးတိန်မြို့နယ်က သိုင်းငင်းလမ်းဆုံဘက်ကို ကလေးမြို့ကနေ စစ်ကြောင်းတစ်ကြောင်း၊ တီးတိန်မြို့ပေါ်ကနေ စစ်ကြောင်းတစ်ကြောင်းဖြင့် စစ်တပ်ဘက်က အောက်တိုဘာလကုန်ပိုင်းတွင် ထိုးစစ်ဆင်ခဲ့သည်။
ချင်းပြည်မြောက်ပိုင်း တီးတိန်နဲ့ သိုင်းငင်းကြား အောက်တိုဘာ ၂၉ ကနေ နိုဝင်ဘာ ၆ ရက်အတွင်း တိုက်ပွဲတွေမှာ စစ်တပ်ဘက်က ၄၀ ထက်မနည်းသေဆုံးပြီး စစ်သုံ့ပန်းတွေကို ဖမ်းဆီးရမိခဲ့ကြောင်း ချင်းညီနောင်အဖွဲ့က နိုဝင်ဘာ ၇ ရက်နေ့မှာ ထုတ်ပြန်ခဲ့သည်။
စစ်တပ်ဘက်က ကလေးမြို့ပေါ်မှထွက်လာသည့် စစ်ကြောင်းနှင့် တီးတိန်မြို့ပေါ်မှ ထွက်လာသည့် စစ်ကြောင်းတို့ပေါင်းပြီး ဖလမ်းဘက်ကို ဆက်လက်စစ်ကြောင်းထိုးခဲ့သလို ကလေးမြို့နယ်တောင်ပိုင်း နတ်ချောင်းကျေးရွာမှတဆင့် ဝေဘူလလမ်းအတိုင်းလည်း စစ်တပ်က စစ်ကြောင်းတစ်ကြောင်းထိုးခဲ့ပါသည်။
ချင်းပြည်နယ်ဖလမ်းဘက်ကို ထိုးသည့် စစ်တပ်စစ်ကြောင်းမှ တပ်ဖွဲ့ဝင်များအပြားသည် တော်လှန်ရေးတပ်ဖွဲ့တွေ၏ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ကြကြောင်း ဒေသတွင်း သတင်းတွေအရ သိရသည်။
“ချင်းတောင်ခြေမှာ စခအသေတွေ၊ အရိုးတွေ စုပြုံနေပြီ။ ကနေဒီကြောမှာလည်း စခအသေတွေ၊ အပစအသေတွေ။ ပစအသေတွေ၊ သိုင်းငင်းပတ်ချာလည်မှာလည်းမနည်းဘူး။ လတ်တလောစခအသေတွေပေါ့။ အင်အားနှစ်ရာလောက်သေတယ်။ ဝေဘူလနဲ့ဖလမ်းကြားမှာလည်း သေတာမနည်းဘူး” ဟု ကွီးဆိတ် အမည်ဖြင့် ဒီဇင်ဘာ ၁ ရက်နေ့က ရေးသားထားသည်ကိုတွေ့ရသည်။
ကွီး ဆိတ် သည် ချင်း၊ ကလေးဒေသတော်လှန်ရေးတွင် ထိခိုက်ဒဏ်ရာရရှိသည့် ရဲဘော်တွေ ကုသရေးအပါအဝင် တော်လှန်ရေးတပ်ဖွဲ့တွေကို ထိရောက်စွာအကူအညီပေးသည့် ပုဂ္ဂိုလ်ဖြစ်ကြောင်း ဒေသခံသတင်းရင်းမြစ်တွေကဆိုသည်။
ချင်းပြည်မြောက်ပိုင်း၊ ဖလမ်းမြို့နယ်၊ တီးတိန်မြို့နယ်နှင့် ချင်းပြည်နယ်နဲ့ဆက်စပ်နေတဲ့ ကလေးမြို့နယ်၊ ဂန့်ဂေါမြို့နယ် တိုက်ပွဲတွေမှာ စစ်တပ်ဘက်ကဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် ၁၀၀ ခန့် သေဆုံးကြောင်း ချင်းလဲန်းအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာလ ၁၈ ရက်မှာ ထုတ်ပြန်ခဲ့သည်။
နိုဝင်ဘာ ၁၈ ရက်နေ့မှ နိုဝင်ဘာ ၂၂ ရက်ထိ ၅ ရက်တာတိုက်ပွဲတွေအတွင်း ချင်းပြည်တွင် စစ်တပ်ဘက်က ၅၀ ခန့်သေဆုံးကြောင်း ချင်းပြည်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၂၂ ရက်နေ့မှာ ထပ်မံ ထုတ်ပြန်ခဲ့သည်။
နိုဝင်ဘာလအတွင် တီးတိန်မြို့နယ်၊ သိုင်းငင်းရွာဘက်ကို စစ်ကြောင်းထိုးလာသော စစ်တပ်စစ်ကြောင်းမှ ဗျူဟာမှူး လှမျိုးထွဋ်အပါအဝင် စခအများအပြားကို ချေမှုန်းနိုင်ခဲ့ကြောင်း ၊ ချင်းလဲန်းအင်အားစုဘက်က ရဲဘော် ၇ ဦး ကျဆုံးခဲ့ရကြောင်း CDF CDM Syin က နိုဝင်ဘာ ၃၀ ရက်နေ့က ထုတ်ပြန်သည်။
မြေပြင်တိုက်ပွဲတွင်အရေးနိမ့်နေသော စစ်တပ်သည် ချင်းပြည်ကို လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေကြောင်း ဒေသခံတွေဆီက သိရသည်။
“လေယာဥ်တွေက နေ့တိုင်း၊ညတိုင်း ချင်းဘက်ကို လေကြောင်းတိုက်ခိုက်တယ်။ သူတို့ဖလမ်းဘက်မှာရှုံးနေတုန်းကဆို ဖလမ်းကို တောက်လျှောက်ကြဲတာ မနေ့ကထိပဲ။ ညတွေမှာ ဟားခါးမြို့နယ်ထဲတွေကိုကြဲတယ်။ ပြီးတော့ တိုက်ပွဲမရှိတဲ့ ချင်းပြည်တောင်ပိုင်း မင်းတပ်နယ်ကိုလည်း ကြဲတယ်”လို့ ချင်းပြည်နယ်စပ် လေကြောင်းစောင့်ကြည့်နေသူတစ်ဦးက ပြောသည်။
ကလေးတောင်ပိုင်းတွင် နိုဝင်လထဲမှာ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး စစ်တပ်ဘက်က သေဆုံးမှုတွေများပြားခဲ့ကြောင်းသိရသည်။
“စခတွေ အတုံးအရုန်းသေကြတယ်လို့ သိတယ်။ ဒါကြောင့်လည်း လေယာဥ်တွေ ဆက်တိုက်ကြဲချတယ်။ ဘယ်လောက်သေတယ်ဆိုတာကိုတော့ အရေအတွက်မသိနိုင်ဘူး” လို့ ကလေးတောင်ပိုင်းဒေသခံတစ်ဦးက ပြောသည်။
အောက်တိုဘာ ၁၄ ရက်နေ့က စစ်တပ်က ဗုံးကြဲတိုက်ခိုက်ရာမှာ ကိုယ့်တပ်ကိုယ် ဗုံးကြဲချမိပြီး သေဆုံးမှုတွေရှိခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်တွေဆီက သိရသည်။
ကလေးမြို့နယ်တောင်ပိုင်းကို စစ်တပ်က နိုဝင်ဘာ ၁၄ ရက်နေ့ကနေစတင်ပြီး နိုဝင်ဘာ ၁၉ ရက်နေ့ထိ ရက်ဆက်လေကြောင်းတိုက်ခိုက်ခဲ့သလို လက်ရှိအချိန်ထိလည်း ရက်ခြားပြီး လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ် နေကြောင်း သိရသည်။
ကလေးမြို့နယ်တောင်ပိုင်းတိုက်ပွဲတွင် တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်း ထိခိုက်ကျဆုံးမှုတွေရှိခဲ့ကြောင်းသိရသည်။
ကလေးမြို့နယ်တောင်ပိုင်း၊ ကြံသာကျေးရွာတိုက်ပွဲမှာ နိုဝင်ဘာ ၆ ရက်နေ့က Ranger Kalay Defence Force Kalay – RKDF ရဲဘော် အောင်ကိုမင်း (ခ) အိုဘားမား ကျဆုံးခဲ့ကြောင်း နိုင်ဝင်ဘာ ၁၃ ရက်နေ့မှာ RKDF က ထုတ်ပြန်သည်။
“နိုဝင်ဘာလလယ်ပိုင်း ၁၅ ရက်နေ့ကနေ ၁၉ ရက်နေ့အတွင်း တော်လှန်ရေးဘက်က ရဲဘော် လေးဦးကျဆုံးတယ်။ ကျနော်သိသလောက်ပြောတာ။ သက်ဆိုင်ရာတပ်ရင်းတပ်ဖွဲ့တွေက ထုတ်ပြန်ပါလိမ့်မယ်”လို့ ကလေးတောင်ပိုင်း သတင်းရင်းမြစ်ကပြောသည်။
အောက်တိုဘာလကုန်ပိုင်းကနေ ဒီကနေ့အထိ ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်း၊ တီးတိန်နှင့် ချင်းပြည်နယ်နဲ့ နယ်မြေချင်းထိစပ်နေသည့် ကလေးတောင်ပိုင်း ကလေး – ဂန့်ဂေါ လမ်းမတလျောက် တိုက်ပွဲတွေဖြစ်ပွားနေသည်။
တိုက်ပွဲကာလ တစ်လအတွင်း အင်အားနှစ်ထောင်ဖြင့်စစ်ကြောင်းထိုးလာသည့် စစ်တပ်စစ်ကြောင်းမှ ငါးရာခန့်သေဆုံးကြောင်း တော်လှန်ရေးတပ်ဖွဲ့တွေကို အကူအညီပေးနေသည့် ကွီးဆိတ်က ရေးသားထားသည်ကိုတွေ့ရသည်။
တစ်လကျော်တိုက်ပွဲအတွင်း စစ်တပ်ဘက်က ငါးရာဝန်းကျင်သေဆုံးခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဘက်က ဆယ်ဂဏန်းကျဆုံးခဲ့ခြင်းဖြစ်သည်။ နှစ်ဘက်ထိခိုက်မှု အရေအတွက်ကို အတိအကျသိနိုင်ခြင်းမရှိသေးပါ။ တိုက်ပွဲတွေဖြစ်ပွားနေသော ကလေးမြို့နယ်၊ တီးတိန်မြို့နယ်နှင့် ဖလမ်းမြို့နယ်မှ ဒေသခံပြည်သူတွေအားလုံး ဘေးလွတ်ရာကို တိမ်းရှောင်နေကြရပြီး အရေးပေါ်အကူအညီတွေလိုအပ်နေကြောင်းလည်း ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရသည်။
#မျက်မှောက်ခေတ်
#သတင်းဆောင်းပါး






