Home > သတင်း > စစ်ရေး > စစ်ကိုင်း၊ မကွေးနဲ့ ချင်းဘက်ကို စစ်တပ်က အပြင်းအထန် စစ်ကြောင်းထိုးနေ

စစ်ကိုင်း၊ မကွေးနဲ့ ချင်းဘက်ကို စစ်တပ်က အပြင်းအထန် စစ်ကြောင်းထိုးနေ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်ထဲမှာ စစ်တပ်ဘက်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ သိရပါတယ်။

ကနီမြို့နယ် သတင်းနဲ့ ပြန်ကြားရေးအဖွဲ့က စစ်ကြောင်းရှိတဲ့နေရာကနေ အနည်းဆုံး ၃ မိုင်အကွာထိ ဘေးကင်းရာကို ကြိုတင်ရှောင်ရှားပေးကြဖို့ သတိပေးချက် ထုတ်ပြန်ထားပါတယ်။

ပုလဲမြို့နယ်နဲ့ ယင်းမာပင်မြို့နယ်မှာ ဧပြီလ ၁ လအတွင်း လူနေအိမ် ၅၀၀ နီးပါးကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ဧပြီလ ၂၇ ရက်မှာ မျက်မှောက်ခေတ်ကို ပြောပါတယ်။

“ဖမ်းဆီးသတ်ဖြတ်တာတွေရှိတယ်။ စာရင်းကတော့ မရသေးဘူး။ နှစ်မြို့နယ်ပေါင်းဆိုရင် အရပ်သားလူနေအိမ်တွေ ငါးရာနီးပါးလောက် စစ်တပ်က မီးရှို့ဖျက်ဆီးသွားတယ်” လို့ ဒေသခံကပြောပါတယ်။

စစ်တပ်ဟာ ပုလဲ ၊ ယင်းမာပင် ၊ ကနီစတဲ့နယ်မြေတွေမှာ ဒေသခံပျူဆောထီးတွေနဲ့ ပူးပေါင်းပြီး စစ်ကြောင်းထိုးနေတာဟာ ၂ လနီးပါးရှိတော့မှာဖြစ်တယ်လို့ သိရပါတယ်။

“ပုလဲနယ်ဘက် စစ်ကြောင်းထိုးခဲ့ပြီးပြီ ။ အခုယင်းမာပင်နယ်ဘက်စစ်ကြောင်းထိုးနေပြီ။ အခု ကနီနယ်စပ်က ရွာတွေဘက် လည်း စစ်ကြောင်းစထိုးနေပြီ”လို့ မြေပြင်အခြေအနေကို သိရှိသူတွေက ပြောပါတယ်။

စစ်ကော်မရှင်တပ်တွေ မီးရှို့ဖျက်ဆီးခဲ့ကြတဲ့ ရွာတွေကတော့ ပုလဲနယ် ကိုင်းတွင်းရွာ ၊ သရက်ကန်ရွာ ၊ ယင်းမာပင်မြို့နယ် လည်ငေါက်ရွာ ၊ အေးကုန်းရွာ ၊ ပြောင်းပြာစတဲ့ရွာတွေ ဖြစ်ကြတယ်လို့ သိရပါတယ်။

ဒီကနေ့ ဧပြီလ ၂၉ ရက်မနက်ပိုင်းအခြေအနေကတော့ ကနီနယ် ချောင်းမရွာ အပါအဝင် ယင်းမာပင်နဲ့ ပုလဲနယ်က လမ်းကြောင်းတချို့ကို စစ်တပ်က အထိုင်ချသွားပြီဖြစ်တယ်လို့ စစ်ရေးလေ့လာနေသူကပြောပါတယ်။

“ဆောဘက်၊ ချင်း ရခိုင်လမ်းမှာ အင်အား ၂၀၀ ပါ ခွေး (စစ်တပ်) စစ်ကြောင်းက အခိုင်အမာအထိုင်ချဖို့ ပြင်နေပါတယ်။ ပခုက္ကူကလည်း စစ်ကြောင်းထိုးမယ်လို့ သတင်းရရှိတယ်”လို့ သူက ဆက်ပြောပါတယ်။

မကွေးတိုင်း၊ ယောဒေသ၊ ဆောမြို့နယ်၊ ကျောက်ထုမြို့အနီးက ကံကြီးကျေးရွာကို အာဏာသိမ်းစစ်တပ်က ဧပြီ ၂၅ ရက်နေ့ ညပိုင်းမှာ စစ်ကြောင်းထိုးပြီး လက်ရှိအချိန်ထိ ကံကြီးကျေးရွာမှာရှိနေတယ်လို့သိရပါတယ်။

ကံကြီးကျေးရွာဟာ ယောဒေသနဲ့ ချင်းပြည်နယ်တောင်ပိုင်းဆက်သွယ်ထားတဲ့ အဓိက လမ်းဆုံနေရာဖြစ်ပြီး ကံကြီးရွာကနေ မင်းတပ်မြို့ကို ၁၂ မိုင်သာ ဝေးတာပါ။ ကံကြီးကျေးရွာမှာ ရောက်နေတဲ့ အင်အား ၂၀၀ ခန့်ပါ စစ်တပ်စစ်ကြောင်းဟာ ကံကြီးကျေးရွာမှာ တပ်အထိုင်ချပြီး ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့ဆီကို စစ်ကြောင်းထိုးနိုင်တယ်ဆိုတဲ့ သတင်းတွေလည်း ဒေသတွင်းမှာ ထွက်ပေါ်နေပါတယ်။

ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့ကိုတော့ အာဏာသိမ်းစစ်တပ်က ဧပြီ ၂၅ ရက်နေ့မှာ ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေထံကနေ ပြန်လည် သိမ်းပိုက်ခဲ့ပါတယ်။

ဖလမ်းမြို့ကို သိမ်းပိုက်ပြီးနောက် အာဏာသိမ်းစစ်တပ်ဟာ ဖလမ်း – ဟားခါးလမ်းကို ထိုးစစ်ဆင်ဖို့ ကြိုးစားနေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ဧပြီ ၂၈ ရက်နေ့က ဖလမ်း – ဟားခါးလမ်းပိုင်း ရီလ်သီးရွာအနီးမှာ စစ်တပ်စစ်ကြောင်းနဲ့ ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အာဏာသိမ်းစစ်တပ်က ရှေ့ဆက်မတိုးနိုင်ခဲ့ဘူးလို့ သိရပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ ကလေးမြို့နယ်တွင်းကို ပြီးခဲ့တဲ့ ၂၀၂၅၊ အေက်တိုဘာလကုန်ပိုင်းကနေ စစ်ကြောင်းထိုးပြီး ကျေးရွာအချို့မှာ တပ်စွဲခဲ့ပါတယ်။

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလကုန်ခါနီးမှာပဲ ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်းမြို့ကို ကလေးမြို့ကနေ အလုံးအရင်းထိုးစစ်ဆင်ခဲ့ပြီး ၂၀၂၆၊ ဧပြီ ၂၅ မှာ ဖလမ်းမြို့ကို ပြန်လည် သိမ်းပိုက်ခဲ့ပါတယ်။

အာဏာသိမ်းစစ်တပ်က စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ ချင်းပြည်နယ်မြောက်ပိုင်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သလို မကွေးတိုင်း၊ ယောဒေသ၊ ကျောက်ထုကနေ ချင်းပြည်နယ်တောင်ပိုင်းနှင့် ယောဒေသအတွင်းကို ထိုးစစ်ဆင်လာနိုင်မလားဆိုတာကို သတိထားစောင့်ကြည့်ရမှာဖြစ်တယ်လို့ ယောဒေသခံတွေက ဆိုပါတယ်။

ပုံစာ – ယင်းမာပင်မြို့နယ်က စစ်ရှောင်တနေရာ။(ဓာတ်ပုံ – ပုံဟောင်း)

error: Content is protected !!