Home > သတင်း > စစ်ရေး > မုံရွာနယ်အရှေ့ခြမ်းကို စစ်တပ်ကစစ်ကြောင်းထိုးလာလို့ ပြည်သူတွေ ထွက်ပြေးနေရ

မုံရွာနယ်အရှေ့ခြမ်းကို စစ်တပ်ကစစ်ကြောင်းထိုးလာလို့ ပြည်သူတွေ ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း မုံရွာမြို့အရှေ့ခြမ်းကို စစ်တပ်ဧပြီလ ၂၇ ရက် မနက်အစောပိုင်းကစပြီး စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံ ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

မုံရွာမြို့ စီပွားရေးတက္ကသိုလ် ကနေ အင်အားရာဂဏန်းနဲ့ စစ်ကားတွေ၊ဆိုင်ကယ်တွေ အသုံးပြုပြီး ကျောက္ကာလမ်းအတိုင်း မုံရွာနယ်အရှေ့ခြမ်းကျေးရွာတွေကို စစ်ကြောင်းထိုးလာတာဖြစ်တယ်လို့ သိရပါတယ်။

“Eco(မုံရွာစီးပွားရေးတက္ကသိုလ်)ကနေဒီမနက်ပဲ အရှေ့တက်လာလို့ ရှောင်နေရတယ် ၊ အင်အားများတယ်ကြားလို့လေ၊ အရင်စစ်ကြောင်းထိုးတုန်းကလည်း ဓားစာခံဖမ်းတာတို့ ဘာတို့ရှိတော့ ရှောင်ရတာ”လို့ မုံရွာနယ် အရှေ့ခြမ်းကျေးရွာခံပြည်သူတစ်ဦးက ပြောပါတယ်။

မုံရွာနယ်အရှေ့ခြမ်းကို စစ်ကြောင်းထိုးလာတဲ့စစ်တပ်မှာ ပျူစောထီးအဖွဲ့ တွေလည်းပါ၀င်ပြီး ကျောက္ကာကျေးရွာဘုရားအတွင်းတပ်စွဲနေတဲ့ စစ်တပ်နဲ့ အပြောင်းအလဲပြုလုပ်ဖို့ ဖြစ်နိုင်သလို အရာတော်၊ရွှေဘို စတဲ့ မြို့နယ်ဘက်အထိ အင်အားဖြည့်ဖို့လည်း ဖြစ်နိုင်တယ်လို့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

“ကျောက္ကာ ကို အင်အားဖြည့်တာလား၊ အရာတော်နယ်ဘက်က ပျူရွာတွေအထိ ပို့မလားဆိုတာတော့ မသိသေးဘူး၊အရာတော်ပျူရွာတွေလည်း ပွဲဖြစ်နေတာရှိတယ်၊အဲ့ဘက်ထိ ပို့မယ်ထင်တယ်” လို့ မုံရွာမြို့နယ် ကာကွယ်ရေးအဖွဲ့၀င်တစ်ဦးက ပြောပါတယ်။

စစ်တပ်ရဲ့မုံရွာနယ်အရှေ့ခြမ်း စစ်ကြောင်းထိုးမှုကြောင့် ရွာတုံ၊ထနောင်း၀န်း စတဲ့ကျေးရွာကဒေသခံပြည်သူထောင်ဂဏန်း၀န်းကျင်စစ်ရှောင် ထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။

ကျောက္ကာကျေးရွာကို စစ်တပ်က ၂၀၂၅ ခုနှစ်ဩဂုတ်လအတွင်းမှာ စတင်ပြီး တပ်စွဲနေထိုင်နေတာကြောင့် လက်ရှိအချိန်ထိ ကျေးရွာခံပြည်သူတွေ စစ်ဘေးရှောင်ထွက်ပြေးနေကြရတယ်လို့လည်း သိရပါတယ်။

error: Content is protected !!