ဘုန်းမောင်
(မျက်မှောက်ခေတ် ပညာရေး)
ဗီယက်နမ်နိုင်ငံကိုတည်ထောင်ခဲ့သူ ‘ဟိုချီမင်း’အတွက်တော့ ဖွံ့ဖြိုးတိုးတက်ခြင်းဆီသွားရာက လမ်း ကြောင်းက ရှင်းလင်းနေခဲ့ပါသည်။ ဟိုချင်မင်း က “ဆယ်နှစ်စာအကျိုးလိုချင်ရင် သစ်ပင်စိုက်။ အနှစ်တစ်ရာစာ အကျိုးလိုချင်ရင် လူတွေကိုပြုစုပျိူးထောင်” ဟုဆိုခဲ့သည်။
ယင်းဆောင်ပုဒ်က ‘ဟိုချင်မင်း’အနှစ်သက်ဆုံး ဆောင်ပုဒ်ဖြစ်ပြီး ယင်းအတိုင်းပင် ဗီယက်နမ်ကိုတည်ဆောက်ခဲ့ပါသည်။
စီးပွားရေးအရကြည့်လျှင်တော့ ဗီယက်နမ်နိုင်ငံသည် အရှိန်အဟုန်ဖြင့်တိုးတက်နေသော်လည်း နိုင်ငံ၏ GDP က လူတစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၇၆၀ သာရှိနေသေးပြီး ၎င်း၏ ဒေသတွင်းအိမ်နီးချင်းနိုင်ငံများဖြစ်ကြသော ထိုင်း၊ မလေးရှားတို့နှင့်နှိုင်းယှဥ်လျှင်မူ နိမ့်ကျနေပါသေးသည်။
ယင်းငွေကြေးက သာမန် ဗီယက်နမ် လူမျိုးတစ်ယောက်အတွက် လုံလောက်သည့်ပမာဏမဟုတ်ပါ။ သို့တိုင်အောင် ပညာရေးကိုအားပေးသော ဟိုချင်မင်း၏တရုတ်စကားပုံက ဗီယက်နမ်ပြည်သူများအတွက်တော့ စောဒကတက်စရာအကြောင်း အများကြီးတော့လည်းမရှိပါ။
ဗီယက်နမ်မိဘများ၏ သားသမီးများသည် ကမ္ဘာ့အကောင်းဆုံးကျောင်းပညာရေးစနစ်တစ်ခုကိုသင်ကြားနိုင်ရန် ကြိုးပမ်းနေကြပြီး စာပေ၊ သင်္ချာနှင့် သိပ္ပံဆိုင်ရာအကဲဖြတ်မှုများတွင် ထူးထူးခြားခြား စွမ်းဆောင်နေကြပါသည်။
ကမ္ဘာ့ဘဏ်ကထုတ်ပြန်ထားသော နောက်ဆုံးအချက်အလက်များအရ ဗီယက်နမ်ကျောင်းသားများသည် အိမ်နီးချင်း ထိုင်း၊ မလေးရှားနိုင်ငံများကိုသာမက ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံစာရင်းဝင် ဗြိတန်နှင့် ကနေဒါ ကျောင်းသားများကိုပါကျော်ဖြတ်ကာ စွမ်းဆောင်ရည်ပိုင်းတွင် သာလွန်ထက်မြက်ကြောင်း ဖော်ပြနေသည်ဟု သိရပါသည်။
ကလေးတစ်ယောက်ပညာသင်ယူချင်စိတ်က အကြောင်းအရင်းပေါင်းများစွာနှင့် ဆက်စပ်နေလေ့ရှိတတ်ပြီး ယင်းအကြောင်းအရင်းများ၏ ရလဒ်လည်းဖြစ်ပါသည်။ ကလေးများ၏ လက်ဦးဆရာက မိဘနှင့် ၎င်းတို့ နေထိုင်ကြီးပြင်းရာပတ်ဝန်းကျင်ဖြစ်သည်။
သို့သော် အထက်ဖော်ပြပါအချက်အလက်မျှလောက်ဖြင့်တော့ ဗီယက်နမ်ကြယ်ပွင့်များ၏စွမ်းဆောင်ရည်ကို ရှင်းပြဖို့မလွယ်ကူပါ။ ဗီယက်နမ်ကျောင်းသားများ၏လျှို့ဝှက်ချက်များက စာသင်ကျောင်းများတွင်ရှိနေပါသည်။
အဘယ်ကြောင့်ဆိုသော် ဗီယက်နမ်ကျောင်းသားများသည် ၎င်းတို့အတွက်ပညာရေးကို စာသင် ကျောင်းများတွင်သာ လေ့လာဆည်းပူးခဲ့ကြသောကြောင့်ဖြစ်သည်။ အထူးသဖြင့် ကျောင်းနေအရွယ်ကလေး ငယ်များသည် ၎င်းတို့နိုင်ငံ၏စာသင်ကျောင်းများတွင်သာ ပညာသင်ကြားလေ့ရှိကြပါသည်။
၂၀၂၀ ခုနှစ်ကပြုလုပ်ခဲ့သောလေ့လာမှုတစ်ခုမှာတော့ Stockholm School of Economics တွင်ပညာသင် ကြားနေသော Abhijeet Singh က အီသီယိုးပီးယား၊ အိန္ဒိယ၊ ပီရူးနှင့် ဗီယက်နမ်ကျောင်းသားများအား စမ်းသပ်ရာကရရှိလာသောအချက်အလက်များအားစစ်ဆေးကြည့်ရာ၌ ဗီယက်နမ်ကျောင်းသားများသည် ပိုမိုကောင်းမွန်သော ကုန်ထုတ်စွမ်းအားကိုတိုင်းတာနိုင်ခဲ့သည်ဟု ဖော်ပြထားသည်။
ယင်းက အသက် ၅ – ၈ အရွယ်ကြားရှိ ဗီယက်နမ်ကလေးများ၏ စွမ်းဆောင်ရည်ကို ပြသနေခြင်းလည်းဖြစ်သည်။ ဗီယက်နမ် ကျောင်းများတွင် ၁ နှစ်ထက်ပိုမိုပညာသင်ကြားထားသောကလေးငယ် ၁ ဦးသည် ရိုးစင်းသော ပြဿနာ တစ်ခုအပေါ်ဖြေရှင်းနိုင်ခြေ ၂၁ ရာခိုင်နှုန်းရှိပြီး အိန္ဒိယနိုင်ငံရှိကလေးများကတော့ ၆ အဆင့်မှာသာရှိသည်။
ဗီယက်နမ်ကျောင်းများသည် အခြားသောဆင်းရဲသည့်နိုင်ငံများနှင့်မတူဘဲ အချိန်နှင့်အမျှ တိုးတက်လာနေပါသည်။ ဝါရှင်တန်ဒီစီအခြေစိုက် The Centre for Global Development ရှိ သုတေသနပညာရှင်များ၏ ၂၀၂၂ ခုနှစ်အတွင်းထုတ်ပြန်ခဲ့သော အစီရင်ခံစာတစ်စောင်အရဆိုလျှင်လည်း ၁၉၆၀ ပြည့်လွန်နှစ်များကစ၍ ဖွံ့ဖြိုး ဆဲနိုင်ငံ ၈၇ နိုင်ငံအနက် ၅၆ နိုင်ငံတွင် ပညာရေးဆိုင်ရာအရည်အသွေးများ ဆိုးရွားလာခဲ့သည်ဟု ဖော်ပြ ထားသည်။ အဆိုပါနိုင်ငံများတွင် ဗီယက်နမ်လည်းပါဝင်ခဲ့ပြီး ဗီယက်နမ်သည် ပညာရေးပိုင်းပိတ်ဆို့နေ သော နိုင်ငံငယ်လေးတစ်နိုင်ငံဖြစ်ခဲ့ပါသည်။
ယင်းသို့ဖြစ်ခဲ့ရခြင်းအတွက် အကြီးမားဆုံးသောအကြောင်းရင်းမှာ ဆရာများ၏အရည်အချင်းဖြစ်သည်။ ဗီယက်နမ်ကျောင်းဆရာများသည် သတ်မှတ်ထားသောအရည်အချင်းများနှင့် လုံးဝကွက်တိ ပြည့်မီသည်ဟုတော့ မဆိုလိုပါ။ သို့သော် ၎င်းတို့၏ ရိုးစင်းမှုသင်ကြားရေးပိုင်းက ပိုမိုထိရောက်ခဲ့သည်ကတော့ အမှန်ပင် ဖြစ်၏။ အိန္ဒိယကျောင်းသားများနှင့် ဗီယက်နမ်ကျောင်းသားများအား နှိုင်းယှဥ်လေ့လာထားသော လေ့လာ မှုတစ်ခုမှာတော့ သင်္ချာဘာသာရပ်တွင် ရမှတ်များစွာကွာခြားနေသည်ကို တွေ့ရှိခဲ့ရပါသည်။
ဗီယက်နမ်ကျောင်းဆရာ၊ ဆရာမများသည် ကျောင်းသားများအပေါ် ကောင်းစွာစီမံခန့်ခွဲနိုင်ကြသူများဖြစ်ပြီး ၎င်းတို့ကိုယ်တိုင်ကလည်း မိမိတို့အလုပ်အပေါ် အကောင်းဆုံးလုပ်ဆောင်နိုင်သူများဖြစ်ကြပါသည်။
၎င်းတို့က ကျောင်းသားများစိတ်ပါဝင်စားစွာဖြင့်ပညာသင်ကြားနိုင်ရန် ပိုမိုဆွဲဆောင်တတ်ကြသလို ကျောင်းသား များကိုလည်း မကြာခဏ လွတ်လပ် ခွင့်ပေးလေ့ရှိကြပါသည်။
ဒေသတွင်းမတူညီမှုများကို ကိုင်တွယ်ဖြေရှင်း ရန်အတွက်လည်း ဝေးလံခေါင်သီသောအရပ်သို့ စေလွှတ်ခံရသူများအား လုပ်ခလုပ်စာပိုမိုပေးလေ့ရှိကြသည်။ ၎င်းတို့သည် မြို့ပေါ်ကကျောင်းဆရာ၊ ဆရာမများထက် အခကြေးငွေပိုရလေ့ရှိသည်။
အရေးအကြီးဆုံးအချက်က ဆရာများသည် ကျောင်းသားများ၏စွမ်းဆောင်ရည်အလိုက် ကျောင်းသားများ၏ တန်ဖိုးကို ဆုံးဖြတ်ကြခြင်းဖြစ်သည်။ တပည့်များကို ကောင်းမွန်စွာပညာသင်ကြားပေးနိုင်သူများကိုလည်း “အထူးချွန်ဆုံး ဆရာဆု” ချီးမြှင့်လေ့ရှိကြသည်။
ထိုကဲ့သို့သော ပညာရေးရွက်သစ်ရွက်နုများဖြင့် ဗီယက်နမ်နိုင်ငံကိုလွှမ်းခြုံထားသော်လည်း “ကွန်မြူနစ်” တည်းဟူသောတစ္ဆေတစ်ကောင်၏ ကြီးမားသောခြိမ်းခြောက်မှုကိုလည်း ဗီယက်နမ်နိုင်ငံက ရင်ဆိုင်နေရပါသည်။
ပါတီပိုင်းဆိုင်ရာယန္တရားများက ပညာရေးအပေါ်အစွဲအလမ်းကြီးစေသလို ဆရာ၊ ဆရာမအများ အပြားသည်လည်း ကွန်မြူနစ်ပါတီဝင်များဖြစ်ကြသည်။
စွဲလန်းမှုဥပါဒါန်များတွင် အခြားအသုံးဝင်သော အကျိုးသက်ရောက်မှုလည်းရှိနေပါသည်။ သက်ဆိုင်ရာပြည် နယ်များသည် ၎င်းတို့ရရှိသော နိုင်ငံတော်ဘတ်ဂျက်၏ ၂၀ ရာခိုင်နှုန်းကို ပညာရေးအတွက်သုံးစွဲရန်လိုအပ်သဖြင့် ယင်းကပင် ဒေသတွင်းမတူညီမှုများကို တိုက်ဖျက်ပေးပါသည်။ ပါတီက ပညာရေးပိုင်းကို မျက်စိ ဒေါက်ထောက်ကြည့်နေသောကြောင့်လည်း စံချိန်စံညွှန်းမမီသောသင်ခန်းများကို အချိန်မီမွမ်းမံပြင်ဆင်ချိန် ရသလို လူမှုအဖွဲ့အစည်းကြီးတစ်ခုလုံးကို ပြေလည်မှုရရှိစေနိုင်ပါသည်။
ဗီယက်နမ်များသည် ကွန်ဖြူးရှပ်ဝါဒအပေါ် အရိုးစွဲယုံကြည်သောကြောင့် ဗီယက်နမ်မိဘများသည် ကွန်ဖြူး ရှပ်သင်ကြားချက်များအတိုင်း ပညာရေးတွင် မမှိတ်မသုန်အာရုံစိုက်နေကြသည်ဟု အာရှဖွံ့ဖြိုးရေးဘဏ်၏ လူမှုရေးဆိုင်ရာအရာရှိဖြစ်သူ Ngo Quang Vihn ကဆိုသည်။ ၎င်းက “ပိုဆင်းရဲတဲ့မိဘတွေကတောင် သူတို့ ကလေး သီးသန့်ကျူရှင်သင်နိုင်အောင် ပိုပြီး စွန့်စွန့်စားစားလုပ်ကိုင်လေ့ရှိကြတယ်”ဟုပြောသည်။ မြို့ကြီး ပြကြီးများတွင် ကိုယ်ပိုင်နည်းစနစ်ဖြင့်သင်ကြားပေးနိုင်သောဆရာများရှိရာကျောင်းများကိုသာ ကျောင်း သားမိဘများက ရှာဖွေလေ့ရှိကြသည်။
ထိုအရာများကဖော်ပြနေသည်မှာ ဗီယက်နမ်သည် ၎င်းတို့၏ချမ်းသာကြွယ်ဝသောဆုလာဘ်များကို ရိတ် သိမ်းရလိမ့်မည်ဆိုခြင်းပင်ဖြစ်၏။ စာသင်ကျောင်းများကောင်းမွန်လာသည်နှင့်အမျှ နိုင်ငံ့စီးပွားရေးကလည်း ကောင်းမွန်လာခဲ့ပါသည်။ သို့သော် တိုးတက်မှုများက ပညာရေးစနစ်ကိုစမ်းသပ်နေဆဲသာဖြစ်သည်ဟု မြို့တော်ဟနွိုင်းအခြေစိုက်၊ မဲခေါင်ဖွံဖြိုးတိုးတက်ရေးသုတေသနဒါရိုက်တာဖြစ်သူ Duc Tung ကဆိုသည်။
ဗီယက်နမ်ကျောင်းသားများသည် အဖွဲ့လိုက်လေ့ကျင့်သင်ကြားရေးပိုင်းတွင် အားနည်းနေသေးသဖြင့် အဖွဲ့လိုက်စီမံခန့်ခွဲမှုမျိုးကို ပိုမိုလိုအပ်နေဆဲဖြစ်ပြီး လုပ်ငန်းများကလည်း ပိုမိုခေတ်မီသော ကျွမ်းကျင်လုပ်သား များ လိုအပ်နေဆဲဖြစ်သည်။
ဖွံ့ဖြိုးတိုးတက်မှုများရှိရာမြို့ကြီးများသို့ ပြောင်းရွှေ့နေထိုင်လာကြသဖြင့်လည်း မြို့ပြရှိစာသင်ကျောင်းများ အပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်စေပါသည်။ ပုဂ္ဂလိကကျောင်းများ အပြိုင်အဆိုင်ဖွင့်လာကြပြီး လုပ်ခလစာပိုမိုမြင့် မားသောကြောင့်လည်း ပုဂ္ဂလိကကျောင်းများတွင် ဝင်ရောက်လုပ်ကိုင်သူများပြားလာသောကြောင့် ပညာရေးစနစ်ကိုစွန့်ခွာနေကြသော ဆရာ၊ ဆရာမအရေအတွက် မြင့်တက်လာနေပါသည်။
ဗီယက်နမ်နိုင်ငံ၏ အကောင်းဆုံးသောကျောင်းပညာသင်ကြားရေးစနစ် ဆက်လက်တည်ရှိနိုင်ရန်အတွက် အထက်ဖော်ပြပါကိစ္စရပ်များကို အမြန်ဆုံးကိုင်တွယ်ဖြေရှင်းနိုင်ဖို့ လိုအပ်ပါသည်။ ဟိုချင်မင်း သတိပေး ထားသည့်အတိုင်း “ပြုစုပျိုးထောင်မှုများကို စဥ်ဆက်မပြတ် အာရုံစိုက်ဖို့လိုအပ်ပါသည်”။
Ref: Economist, Why are Vietnam’s schools so good?
#မျက်မှောက်ခေတ်
#ပညာရေး
#ဆောင်းပါး






