တက်နေထွန်း
(မျက်မှောက်ခေတ် ဆောင်းပါး)
ပြီးခဲ့တဲ့ အမျိုးသားနေ့က စစ်အာဏာရှင်တွေဟာ သူတို့ခိုင်းချင်တိုင်းခိုင်းလို့ရတဲ့ ၊ သူတို့ကိုထောက်ခံနေတဲ့ သရုပ်ဆောင်တွေကို လူမူထူးချွန်ဆုတွေ ပေးအပ်ခဲ့တယ်။ ဒီဆောင်းပါးဟာ ဆုပေးအပ်ခံရတဲ့ သရုပ်ဆောင်တွေအကြောင်းကို စာလုံးရေအကုန်ခံပြီး တင်ပြဖို့မဟုတ်ပါဘူး။ ရှေ့ကလူတွေ သွေးနဲ့ရေးခဲ့တဲ့ သမိုင်းကို ခြေနဲ့ဖျက်တဲ့လူတွေဟာ ဘယ်လိုသဘောရှိတယ်ဆိုတာ သိသာအောင် တင်ပြလိုရင်းသာဖြစ်တယ်။
အမျိုးသားနေ့၊ လွတ်လပ်ရေးနေ့၊ တော်လှန်ရေးနေ့တို့ဟာ ကိုယ့်နိုင်ငံရဲ့ နေ့ထူးနေ့မြတ်တွေဖြစ်တယ်။ ကိုယ့်ရှေ့က ပြည်သူလူထုတစ်ရပ်လုံး သွေးနဲ့ ၊ ချွေးနဲ့ ရင်းတည်ကာ ဖြစ်ပေါ်လာကြရတဲ့ နေ့တွေဖြစ်တယ်။ ကိုယ့်နိုင်ငံကို တဆင့်မြှင့်ပေးလိုက်တဲ့ နေ့တွေလည်းဖြစ်တယ်။
အမျိုးသားကျောင်းတွေပေါ်ပေါက်ပြီး ကိုလိုနီပညာရေးကို ဆန့်ကျင်ဖို့ ကိုလိုနီခေတ်က ကျောင်းသူကျောင်းသားတွေ နဲ့ ပြည်သူလူထုတွေရဲ့ ဘဝများစွာကို ရင်းခဲ့ရတယ်။ ကိုလိုနီလက်အောက်ကနေ လွတ်မြောက်အောင် တော်လှန်ဖို့၊ လွတ်လပ်ရေးရဖို့ ဆိုတာ ပြည်သူတစ်ရပ်လုံးရဲ့ ဘဝအသက်များစွာကို ရင်းနှီးခဲ့ကြရတာဖြစ်တယ်။
ဒီလို နေ့ထူးနေ့မြတ်တွေမှာ စစ်တပ်က သူတို့ အာဏာတည်မြဲရေးကို ထောက်ခံတဲ့ လူတွေကို ဆုတံဆိပ်တွေနဲ့ ဂုဏ်ပြုကြတယ်။ ပြည်သူဘက်က စဥ်းစားကြည့်ရင် အကြီးအကျယ် ရင်နာစရာဖြစ်တယ်။ ကိုယ်တွေအနာဂါအတွက် ကိုယ့်အဘိုးဘွားတွေ အသက်ပေးရယူခဲ့တဲ့ အောင်ပွဲနေ့တွေမှာ ကိုယ့်ကိုသတ်ဖြတ်နေတဲ့သူတွေက သူတို့ကို ထောက်ခံတဲ့ ပေါတောတောလူတွေကို ဂုဏ်ပြုချီးမြှင့်တဲ့ အခမ်းအနားတွေပြုလုပ်ပြီး အစောကားခံနေကြရတယ်။
ပြည်သူက ရယူခဲ့တဲ့ အောင်မြင်မှုတွေကို ခံစားပြီး လုပ်ချက်တာလုပ်တာဟာ အာဏာရှင်တွေပဲ ဖြစ်တယ်။ ပြည်သူက သွေးနဲ့ရေးခဲ့တဲ့ သမိုင်းကို ချေနဲ့ ချနင်းတာ အာဏာရှင်ဖြစ်တယ်။
နိုင်ငံအတွက် အသက်စွန့်ခဲ့သူတွေရဲ့ သားသမီးတွေကို သတ်ဖြတ်၊ ထောင်ချပြီး ကျေးဇူးကန်း၊ ကိုယ့်ကောင်းစားရေးပဲတွေးပြီး ကိုယ့်လက်ကိုင်တုတ်ကိုပဲ ချီးမြှောက်တတ်တာဟာ အာဏာရှင်တွေဖြစ်တယ်။
မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်အာဏာရှင်အုပ်စုမှာ ဒီလိုစရိုက်တွေ အပြည့်ရှိတာ အားလုံးသိကြတယ်။ မင်းအောင်လှိုင်စစ်အာဏာရှင်ဖြစ်တယ်ဆိုတာ ကလေးအစ ခွေးအဆုံး သိကြတာမို့ ထူးပြောစရာလည်း လိုမယ်မထင်ပါ။
စစ်အာဏာရှင်မဟုတ်တဲ့သူတွေမှာ တော့ ပြည်သူတွေ သွေးနဲ့ရေးခဲ့တဲ့ သမိုင်းကို တန်ဖိုးထားပြီး တစ်သက်လုံးစောက့်ရှောက်ကြရမှာဖြစ်တယ်။ တော်လှန်ရေးအတွက် သားသမီးရဲ့ အသက်ပေးထားခဲ့ရတဲ့ မိဘတွေ၊ မိဘတွေရဲ့ အသက်ပေးထားတဲ့ သားသမီးတွေကို စောင့်ရှောက်ကြရမှာဖြစ်တယ်။
ကိုယ်ကျိုးကိုပဲကြည့်ပြီး ကိုယ့်လက်ကိုင်တုတ်ကိုပဲ ချီးမြှောက်တာဟာ အာဏာရှင်တွေရဲ့ ဓလေ့ဖြစ်လေတော့ ကိုယ်ကျိုးကိုမကြည့်ဘဲ သင့်တော်တဲ့သူကိုသာ ချီးမြှောက်တာဟာ ပြည်သူတွေကို မျက်နှာမူတဲ့ လုပ်ရပ်ဖြစ်တယ်။
သွေးနဲ့ရေးခဲ့တဲ့ သမိုင်းကို ခြေနဲ့နင်း၊ ကိုယ့်ကောင်းစားရေးသာတွေးပြီး လက်ကိုင်တုတ်တွေကိုသာ ချီးမြှောက်တတ်သူတွေများရင် နိုင်ငံဟာ စစ်ကျွန်အောက်က လွတ်မြောက်ဖို့ အချိန်များစွာကြာဦးမှာဖြစ်တယ်။ ကိုယ့်ဒေသမှာ ဘယ်လို ပုဂ္ဂိုလ်တွေများနေသလဲ။
ကိုယ့်နေရာ၊ ကိုယ့်ဒေသက ပြည်သူကို မျက်နှာမူတဲ့ ပုဂ္ဂိုလ်တွေ ခေါင်းဆောင်ဖြစ်ဖို့ တာဝန်ရှိသူတွေရော၊ ပြည်သူတွေရော နည်းလမ်းအမျိုးမျိုးနဲ့ ဝိုင်းဝန်းကြိုးစားကြမှသာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်နိုင်မှာဖြစ်ပါတယ်။
#တက်နေထွန်း
#မျက်မှောက်ခေတ်
#ဆောင်းပါး






