Home > ဆောင်းပါး > ကလေးနဲ့ ချင်းမြောက်ပိုင်းကို စစ်တပ် တပြိုင်တည်း ထိုးစစ်ဆင်၊ အိန္ဒိယနယ်စပ်ကို စိုးမိုးဖို့ကြိုးပမ်း

ကလေးနဲ့ ချင်းမြောက်ပိုင်းကို စစ်တပ် တပြိုင်တည်း ထိုးစစ်ဆင်၊ အိန္ဒိယနယ်စပ်ကို စိုးမိုးဖို့ကြိုးပမ်း

(မျက်မှောက်ခေတ် သတင်းဆောင်းပါး)

စစ်ကော်မရှင် လက်အောက်ခံ စစ်တပ်သည် စစ်ကိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း၊ ကလေးမြို့နယ်မြောက်ပိုင်းနှင့် ကလေးမြို့နယ်နှင့် နယ်မြေချင်းထိစပ်နေသည့် ချင်းပြည်နယ်ကိုပါ တပြိုင်တည်းထိုးစစ်ဆင်နေသောကြောင့် တိုက်ပွဲများဖြစ်ပွားနေသည်။

“စစ်တပ်က ကလေးနယ်ကို ထိုးစစ်ဆင်မှာကိုတော့သိတယ်။ ဒါပေမယ့် ချင်းပြည်နယ်ထိတော့ တပြိုင်တည်းထိုးစစ်ဆင်မယ်လို့ ထင်မထားခဲ့ဘူး” ဟု ကလေးဒေသခံတစ်ဦးက ပြောသည်။

အာဏာသိမ်းစစ်တပ်တပ်သည် ကလေးမြို့နယ်မြောက်ပိုင်းကို အောက်တိုဘာ ၁၆ ရက်နေ့ကစ အလုံးအရင်းနဲ့ ထိုးစစ်ဆင်ခဲ့ပြီး စစ်ကြောင်းထိုးမှုကြောင့် ကလေးမြို့နယ်မြောက်ပိုင်းက ပြည်သူသောင်းချီစစ်ဘေးတိမ်းရှောင်ခဲ့ကြရသည်။

“ခုတစ်ခါစစ်ကြောင်းထိုးပြီးတော့ စစ်သားတွေက လာနေပါ ဆိုပြီး ရွာကပြေးတဲ့လူတွေကို ပြန်ခေါ်တာရှိတယ်။ စည်းရုံးတာပေါ့” ဟု ကလေးမြို့ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ကလေးမြို့နယ်တောင်ပိုင်းကိုလည်း စစ်တပ်က အောက်တိုဘာ ၂၇ ရက်နေ့တွင် အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးခဲ့ပြီး ကျွန်းချောင်း၊ နတ်မြောင်း၊ နတ်ချောင်း၊ ဟားခါးလေး စသည့်ကျေးရွာကနေအိမ်အချို့ကို မီးရှို့ဖျက်ဆီးခဲ့သည်။

နတ်ချောင်းရွာက အရပ်သားနှစ်ဦးကိုလည်း ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်းသိရသည်။ စစ်တပ်စစ်ကြောင်းကြောင့် ကလေးဒေသခံသိန်းဂဏန်းအထိ ဘေးလွတ်ရာတိမ်းရှောင်နေရဆဲဖြစ်ပြီး အကူအညီတွေ လိုအပ်နေကြောင်းသိရသည်။

ကလေးနယ်တစ်မြို့နယ်လုံးကို ထိုးစစ်ဆင်ကာ နယ်မြေပြန်လည်စိုးမိုးဖို့ ကြိုးစားနေသည့် စစ်တပ်သည် ကလေးမြို့အနောက်ဘက် ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့နယ် သိုင်းငင်းလမ်းဆုံကိုလည်း အောက်တိုဘာ လကုန်ပိုင်းမှာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။

ချင်းပြည်မြောက်ပိုင်း တီးတိန်နဲ့ သိုင်းငင်းကြား အောက်တိုဘာ ၂၉ ကနေ နိုဝင်ဘာ ၆ ရက်အတွင်း တိုက်ပွဲတွေမှာ စစ်တပ်ဘက်က ၄၀ ထက်မနည်းသေဆုံးပြီး စစ်သုံ့ပန်းတွေကို ဖမ်းဆီးရမိထားကြောင်း ချင်းညီနောင်အဖွဲ့က နိုဝင်ဘာ ၇ ရက်နေ့မှာ ထုတ်ပြန်သည်။

တီးတိန်မြို့ကနေ သိုင်းငင်းဘက်ကို စစ်ကြောင်းထိုးလာသည့် စစ်ကြောင်းကို ချင်းညီနောင်တပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ကလေး – တီးတိန် – ဖလမ်း ကားလမ်းဆုံရာ သိုင်းငင်းကို စစ်တပ်က တီးတိန်မြို့ဘက်ကနေသာမက ကလေးမြို့ဘက်ကရောပါ စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။ တီးတိန်မြို့ပေါ်ကနေ သိုင်းငယ်ကို ထိုးလာသောစစ်ကြောင်းကို ချင်းညီနောင်အဖွဲ့ဝင် PDF – Zoland က ဦးဆောင်တိုက်ခိုက်နေပြီး ကလေးမြို့ဘက်မှတက်လာသော စစ်ကြောင်းကို CDF – CDM – Siyin က တိုက်ခိုက်နေသည်။

ကလေးမြို့ကနေ တက်လာသည့် စစ်ကြောင်းကို သိုင်းငင်းရွာအနီးမှာ နိုဝင်ဘာ ၉ ရက်နေ့က CDF – CDM – Siyin က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၂၀ ဝန်းကျင်ထိသေဆုံးနိုင်ကြောင်း ဒေသတွင်းသတင်းတွေက ဖော်ပြကြသည်ကို တွေ့ရသည်။

စစ်တပ်က ကလေးမြို့နယ်နှင့် ကလေးမြို့နယ်အနောက်ဘက် ချင်းပြည်မြောက်ပိုင်းကို စစ်ကြောင်းထိုးနေသောကြောင့် ကလေးမြို့ကနေ ချင်းပြည်ကိုတက်သည့် လမ်းတွေအားလုံး သွားလာလို့မရကြောင်း ဒေသခံတွေဆီက သိရသည်။

စစ်ကော်မရှင်လက်အောက်ခံ စစ်တပ်သည် ကလေးနယ်နှင့် ချင်းပြည်မြောက်ပိုင်းကို ထိုးစစ်ဆင်နေခြင်းမှာ အန္ဒိယနယ်စပ်ကို နယ်မြေစိုးမိုးဖို့ ကြိုးစားနေခြင်းဖြစ်ကြောင်း ကလေးဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“ချင်းပြည်ဆိုရင် အိန္ဒိယနယ်စပ် ရိဒ်ခေါ်ဒါမြို့ကို ချင်းတော်လှန်ရေးတပ်ဖွဲ့က သိမ်းထားတယ်။ ကလေးမြောက်ဘက်က တမူးမြို့ကတော့ သူတို့လက်ထဲမှာပဲ။ ဒါပေမယ့် ကလေးနဲ့ တမူးမြို့ကြားက ခမ်းပတ်မြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်။ ဒီတော့ သူတို့အနေနဲ့ တမူးကို ကုန်းလမ်းကြောင်းအတိုင်းမသွားနိုင်ဘူး ” လို့ ပြောသည်။

စစ်ကော်မရှင်အနေဖြင့် ချင်းပြည်နယ် သိုင်းငင်းလမ်းဆုံကို ထိုးစစ်ဆင်နေခြင်းသည် နယ်စပ်ကုန်သွယ်ရေးမြို့ ရိဒ်ခေါ်ဒါရ်ကို ပြန်လည်စိုးမိုးရေးအတွက်ခြေလှမ်းဖြစ်ပြီး ကလေးမြို့နယ်မြောက်ပိုင်းကို ထိုးစစ်ဆင်နေခြင်းသည် ကလေး – တမူး ကားလမ်းမပေါ်က တော်လှန်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားသည့် ခမ်းပတ်မြို့ကို ပြန်လည်ရယူကာ ကလေး – တမူးလမ်းမကို ထိန်းချုပ်နိုင်ရေးအတွက်ဖြစ်သည်။

“စစ်တပ်ကသာ အိန္ဒိယနယ်စပ်တလျောက်နဲ့ ကလေး – တမူး – ဂန့်ဂေါလမ်းကို ထိန်းချုပ်နိုင်သွားရင် ကျနော်တို့က ၂၀၂၁ တော်လှန်ရေးစကာစ အခြေအနေကို ပြန်ရောက်သွားသလိုဖြစ်မယ်။ အားလုံးဝိုင်းပြီးကြိုးစာကြမှဖြစ်မယ်။ ညီညွတ်ကြမှဖြစ်မယ်” ဟု ကလေးဒေသခံ နောက်အမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိအချိန်တွင် ကလေးတောင်ပိုင်း၊ ချင်းပြည်မြောက်ပိုင်းသိုင်းငင်းတို့တွင် တိုက်ပွဲများဖြစ်ပွားနေပြီး စစ်တပ်က ကလေးနယ်စပ်၊ ဂန့်ဂေါမြို့နယ်ထဲက ဟံသာဝတီကျေးရွာကို ရဟတ်ယာဥ်တွေနဲ့ လူနှင့်လက်နက်အင်အားဖြည့်တင်းနေကြောင်း ဂန့်ဂေါမြို့နယ်ဒေသခံတွေဆီက သိရသည်။

စစ်တပ်၏ ထိုးစစ်ကြောင့် ကလေးမြို့နယ်က သောင်းနဲ့ချီတဲ့ ပြည်သူတွေနှင့် ချင်းပြည်နယ်မြောက်ပိုင်း ကလေး – သိုင်းငင်းလမ်းတလျောက်က ပြည်သူ နှစ်ထောင်ဝန်းကျင်သည် ဘေးလွတ်ရာကို ရှောင်တိမ်းနေကြရသည်။

#မျက်မှောက်ခေတ်
#သတင်းဆောင်းပါး

error: Content is protected !!