Home > ဆောင်းပါး > “ပညာရေးမှာ အများသဘောဆိုပြီး လုပ်လို့မရပါ”

“ပညာရေးမှာ အများသဘောဆိုပြီး လုပ်လို့မရပါ”

ဟန်နီကို
(မျက်မှောက်ခေတ် ပညာရေး)

ကျွန်တော်တို့ တော်လှန်ရေးနယ်မြေမှာ ဆရာ၊ဆရာမ အရင်းအမြစ်တွေကို ဆုံးရှုံးနေရခြင်းက စိုးရိမ်စရာကောင်းသည်။ လူငယ် ဆရာ၊ဆရာမလေးတွေက ရပ်ရွာရဲ့အားပေးမှုနည်းတာ၊ ရသည့်လခ အဆမတန် နည်းလွန်းတာ၊ ဘာသာရပ်ကို သင်ကြားရာတွင် ကျွမ်းကျင်မှုမလုံလောက်သည့်အတွက် လုပ်ငန်းခွင်ပျော်ရွှင်မှုမရှိတာ စသည့်အချက်တွေ ပါဝင်သည်။

အခက်အခဲမျိုးစုံကို ရင်ဆိုင်နေရသည့် အခြေအနေတွင် စစ်ကောင်စီက စာသင်ကျောင်းတွေကို လေကြောင်းကနေ ပစ်မှတ်ထားတိုက်ခိုက်လာသောအခါ သူတို့မှာ ဆက်လက်ရင်ဆိုင်နိုင်သည့် စွမ်းအားလျော့နည်းသွားကြခြင်းဖြစ်သည်။

အိမ်တွေမှာ သင်ကြားကြမယ်ဆိုတော့လည်း စာသင်လက်ခံမည့်အိမ်ရှင်က ရှားပါးပြန်သည်။ လက်ခံမည့်အိမ် ရှိပြန်တော့လည်း ဘေးပတ်ဝန်းကျင်အိမ်တွေက မလိုကြ။ မည်သူ့ကို အဖေခေါ်ရမှန်းမသိသော ပညာရေးလုပ်ငန်းကို စွန့်ခွာသွားကြသူတွေကို အပြစ်မဆိုသာပါ။

ပြီးခဲ့သည့် တစ်ပတ်ကပဲ စာရေးသူရောက်ဖူးသည့် အထက်တန်းကျောင်း တစ်ကျောင်းက လူငယ်ဆရာတွေဆီ ဆက်သွယ်စကားပြောဖြစ်သည်။ အဆိုပါကျောင်းသည် စည်းကမ်းကောင်းသည့် ကျောင်းတစ်ကျောင်းဖြစ်သည်။

ဆရာ၊ဆရာမတွေလည်း ကြိုးစားကြသည့် ကျောင်းတစ်ကျောင်းဖြစ်သည်။ စာရေးသူဆက်သွယ်လိုက်တော့ အဆိုပါကျောင်းက ဆရာလေးက သူပြည်ပကိုရောက်နေကြောင်း ပြောသည်။

ဒါနဲ့ နောက်ဆရာလေးတစ်ယောက်အကြောင်းမေးတော့ သူလည်း ပြည်ပမှာပဲဟုဆိုသည်။ ခေတ်မီတက်ကြွသည့် ဆရာမလေးတစ်ယောက်လည်း သင်ကြားရေး နားပြီဖြစ်ကြောင်း သိရသည်။

စည်းကမ်းသေဝပ်ပြီး အဆင်ပြေခဲ့သည့်ကျောင်းတွေပင် ဆရာ၊ဆရာမ အရင်းအမြစ်တွေ ဆုံးရှုံးရတော့ အခြေမခိုင်သော ကျောင်းတွေမှာ ပိုဆိုးသည်။ ဆရာ၊ဆရာမတွေတစ်ယောက်ပြီးတစ်ယောက် နားကြသည်။

တာဝန်ခံအချို့ နုတ်ထွက်ကြသည်။ အချို့ဆရာ၊ဆရာမတွေက ကိုယ့်ရပ်ရွာကိုစွန့်ခွာပြီး ကိုယ့်ရပ်ရွာထက် လစာလုံလုံလောက်လောက် ပေးနိုင်သည့် တော်လှန်နယ်မြေ၊ လွတ်မြောက်နယ်မြေက ကျောင်းတွေဆီ ပြောင်းရွေ့သင်ကြားကြသည်။

ဒီနေရာမှာ ပညာသင်ကြားရေးနဲ့ ပတ်သက်ပြီး စီမံခန့်ခွဲမှု အကြောင်းကို အနည်းငယ်ပြောချင်သည်။ ပညာသင်ကြားရေးအတွက် အစည်းအဝေးလုပ်ဆောင်လျှင် အုပ်ချုပ်ရေး၊ ကာကွယ်ရေး၊ ကျောင်းကော်မတီ၊ ဆရာ၊ဆရာမတွေ စည်းဝေးကြရသည်။

ပညာသင်ကြားရေးနဲ့ပတ်သက်ပြီး စည်းဝေးရာတွင် ပညာသင်ကြားရေးကို အခြေအနေပေါ်မှုတည်၍ မည်သို့ ဆောင်ရွက်ရမည်ကို နားအလည်ဆုံးသူများမှာ ကြိုးစားသော၊ ကလေးတွေအပေါ် တကယ်စေတနာထားသော ၊ အထိုက်အလျောက် ပညာပြည့်ဝသော ဆရာ၊ဆရာမတွေဖြစ်သည်။ ထို့ကြောင့် အဆိုပါ ဆရာ၊ဆရာမ တွေ၏ အကြံဉာဏ်ကိုအလေးထားမှသာ ကလေးတွေ၏ ပညာရေးကောင်းနိုင်မည်ဖြစ်သည်။

ဒီမိုကရေစီဆိုပြီး ပညာရေးမှာ အများသဘောကို လုပ်ရိုးမရှိသည်ကိုလည်း သိကြဖို့လိုသည်။ ပညာရေးကို ပညာရှင်တွေ၏ လမ်းညွှန်ချက်အတိုင်းလုပ်မှ ကလေးတွေတတ်မြောက်မည်ဖြစ်သည်။

ပညာကို တကယ်လေ့လာ လိုက်စားသောသူတွေက လူမူရေးကိစ္စတွေ ပုဂ္ဂလိက ကိစ္စတွေကို ရှေ့တန်းက ထားလေ့မရှိကြပါ။ မြန်မာ့လူ့အဖွဲ့အစည်းက လူမှုရေး၊ ပုဂ္ဂလိက ကိစ္စတွေကို ရှေ့တန်းကထားလေ့ရှိသည်။

ဤအချက်သည် ပညာရှင်နဲ့ အုပ်ချုပ်ရေး၊ ကော်မတီတို့ကြားက အခက်အခဲဖြစ်နေနိုင်သည်။ အဖြေကတော့ ရှင်းပါသည်။ ကိုယ့်သားသမီးတွေ ၊ မျိုးဆက်တွေ ပညာတတ်ဖြစ်စေချင်လျှင် တကယ်စေတနာ၊ ပညာပြည့်ဝသည့် ပုဂ္ဂိုလ်တွေရဲ့ လမ်းညွှန်မှုကို တတ်နိုင်သမျှ လုံခြုံတဲ့နည်းလမ်းကို ဖန်တီးပြီး ဆောင်ရွက်ကြဖို့ဖြစ်သည်။

ပညာရေးသည် ရပ်ရွာ၏ စုပေါင်းကထိန်ပွဲမဟုတ်ပါ။ ဟိုလိုလုပ်ရင်ကောင်းမယ်။ ဒီလိုလုပ်ရင်ကောင်းမယ်။ အရင်က ဓလေ့ထုံးစံတွေ မပျက်ချင်ဘူး ဆိုတာတွေကို လူတိုင်းက အားအားယားယား ဝင်ပြောနေလို့မရပါ။

ပညာရေးသည် နှစ်ချီပြီး စဉ်ဆက်မပြတ်စောင့်ကြည့် လုပ်ကိုင်ရသည့် ပညာ၊စေတနာပြည့်ဝသူတို့၏ လုပ်ငန်းဖြစ်ပါသည်။ ကိုယ့်ရပ်ရွာ၊ ကိုယ့်ဒေသ ကလေးတွေပညာရေး တိုးတက်စေချင်လျှင် တကယ်တတ်မြောက်သူတွေ၊ စေတနာထားသူတွေကို ဝိုင်းဝန်းပံ့ပိုးကြပါလို့ တိုက်တွန်းလိုက်ပါရစေ….။

#ဟန်နီကို
#မျက်မှောက်ခေတ်
#ပညာရေး

error: Content is protected !!