Home > Uncategorized > ဒုက္ခသည်တွေကို ဒုက္ခမပေးမိပါစေနဲ့

ဒုက္ခသည်တွေကို ဒုက္ခမပေးမိပါစေနဲ့

ဒုက္ခသည်တွေကို ဒုက္ခမပေးမိပါစေနဲ့

တက်နေထွန်း
(မျက်မှောက်ခေတ် အတွေးအမြင်)

လက်ရှိအချိန် ကျနော်တို့နိုင်ငံမှာ ဒုက္ခသည်တွေများတာ အားလုံးအသိဖြစ်တယ်။ စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေ၊ ရေဘေးသင့်ခဲ့ရတဲ့ပြည်သူတွေ သန်းချီရှိနေပါတယ်။ ရေဘေးသင့်တဲ့ ထဲမှာ စစ်ရှောင်တွေပါ ပါနေတဲ့အတွက် “ရေဘေးသင့် စစ်ရှောင်” ဆိုတဲ့ အသုံးတောင်ပေါ်ထွက်လာတာ သတိထားမိပါတယ်။

အကူအညီလိုအပ်နေတဲ့ ပြည်သူတွေရှိနေတဲ့ကြားကပဲ ကျနော်တို့နိုင်ငံဟာ တော်လှန်ရေးကာလမို့ တော်လှန်ရေး၊ ကာကွယ်ရေးအတွက် ငွေဟာလိုနေပါတယ်။

တော်လှန်ရေးအတွက် ပြည်တွင်းရော၊ ပြည်ပမှာပါ ငွေကို နည်းမျိုးစုံနဲ့ အလှူခံပြီး ရှာနေကြရပါတယ်။ မဲရောင်းပြီး တော်လှန်ရေးရန်ပုံငွေရှာကြရတာ ကတော့ အသုံးများဆုံး နည်းလမ်းဖြစ်ပြီး သင့်တော်တဲ့ နည်းလမ်းလည်းဖြစ်ပါတယ်။

ဒါပေမယ့် မဲရောင်းပြီးအလှူငွေရှာတဲ့နေရာမှာ မဲကိုအတင်းအဓမ္မ ဘယ်နှစောင်ဝယ်ရမယ်ဆိုတာမျိုး ခွဲတမ်းချပြီး မလုပ်သင့်တဲ့နေရာတွေရှိပါတယ်။ အဲ့ဒီနေရာတွေကတော့ ကိုယ့်ရဲ့ကျေးရွာတွေကိုစွန့်ခွာပြီး အခြားတစ်နေရာမှာ စစ်ဘေးရှောင်စခန်းဆောက်ပြီး နေထိုင်ကြရသူတွေပါ။

“မဲဘယ်နှစောင်ဆိုပြီး ခွဲတမ်းချတာတွေရှိခဲ့ဘူးတယ်။ နောက် စခန်းက အိမ်ထောင်စုစာရင်းတွေကို တောင်ခံတဲ့အခါ မဲရောင်းမှာလားလို့ စိုးရိမ်တာမျိုးတွေတောင် မြင်တွေ့ခဲ့ရဖူးတယ်”လို့ စစ်ဘေးရှောင်ကူညီသူတစ်ဦး ကပြောပါတယ်။

နောက်တစ်ခုကတော့ မဲရောင်းတာထက် ပိုဆိုးတယ်လို့ ဆိုရမှာပါ။ တစ်ရွာလုံးနီးပါး မီးရှို့ဖျက်ဆီးခံခဲ့ရလို့ စစ်ရှောင်စခန်းဆောက်ပြီး နေရတဲ့ပြည်သူတွေကို ခွဲတမ်းချတာပါ။ ခွဲတမ်းကြေးကမများပါ။ ထောင်ဂဏန်းလောက်သာ ရှိပါတယ်။ စစ်ရှောင်စခန်းမှာ တာဝန်ရှိသူအချို့က သူတို့သဘောနဲ့သူတို့ ကာကွယ်ရေးအဖွဲ့ကို ဘယ်လောက်ထည့်ပါမယ်လို့ ကတိကဝတ်ပေးခဲ့ပြီးမှ စစ်ရှောင်မိသားစုတွေဆီမှာ ကောက်ခံတာပါ။

“ငွေပမာဏကမများပေမယ့် ဒုက္ခရောက်နေတာ သိသိနဲ့ ငွေကောက်ခံတာကို ခံစားရတယ်” လို့ စစ်ရှောင်စခန်းက အိမ်ထောင်ရှင်အမျိုးသမီးတစ်ဦးက ပြောဆိုပါတယ်။

စိတ်ပိုင်းဆိုင်ရာခံစားချက်မကောင်းသလို ငွေထောင်ဂဏန်းလောက်ကို တကယ်ကိုခက်ခဲနေတဲ့ အိမ် ထောင်စုဝင်တွေလည်းရှိပါတယ်။ ကော်ဖီမစ်လေးတစ်ထုပ်သောက်ဖို့၊ ကာလဆမ်ကွေကာလေးတစ်ထုပ်သောက်ဖို့ မလွယ်တဲ့ အိမ်ထောင်စုတွေ ရှိနေပါတယ်။

ကျနော်တင်ပြခဲ့တာတွေဟာ လက်တွေ့သိမြင်ခဲ့ရတာတွေ့ဖြစ်ပေမယ့် နေရာဒေသတွေကိုတော့ အကြောင်းကြောင်းကြောင့် မဖော်ပြတော့ပါဘူး။ ကျနော့ဆောင်းပါးရဲ့ ဆိုလိုချက်က စစ်ဘေးရှောင်စခန်းတွေမှာ အလှူမခံသင့်ဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး။ မဖြစ်မနေ မဲဝယ်ရမယ်၊ ထည့်ဝင်ရမယ် ဆိုတာမျိုး မလုပ်သင့်ဘူးလို့ တင်ပြနေတာဖြစ်ပါတယ်။ စစ်ရှောင်စခန်းတွေမှာ နေထိုင်ပေမယ့် တော်လှန်ရေးအတွက် ငွေအား၊ လူအား စိုက်ထုတ်နေသူတွေလည်း ရှိနေပါတယ်။

တာဝန်ရှိသူတွေအနေနဲ့ ကိုယ်နဲ့သက်ဆိုင်တဲ့ နေရာဒေသမှာ အထက်ပါကိစ္စရပ်တွေ၊ လုပ်နည်းလုပ်ဟန်တွေကို သတိပြုနိုင်ကြဖို့ တိုက်တွန်းပါရစေ..။ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ပြည်သူဆိုတာ တသားတည်း။ ကျောချင်းကပ်နေကြရတာမဟုတ်မလား..။

#တက်နေထွန်း

error: Content is protected !!